Monday, September 15, 2014

ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်စနစ်ကို မြောက်ကိုရီးယား တီထွင်နေကြောင်း တောင်ကိုရီးယား ယူဆ


မြောက်ကိုရီးယား အနေဖြင့် ရေငုပ်သင်္ဘောပေါ်မှတစ်ဆင့် တိုက်ချင်းပစ် ဒုံးကျည်များ ပစ်လွှတ်နိုင်မည့် လက်နက်စနစ် တစ်ခုကို အကောင်အထည်ဖော် တီထွင်နေသည်ဟု ယူဆရကြောင်း တောင်ကိုရီးယားက ကြေညာခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မြောက်ပိုင်းရှိ ပြိုင်ဘက်နိုင်ငံ၌ ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်စနစ်ကို အကောင်အထည် ဖော်နေကြောင်း ယုံကြည်ရလောက်သည့် အထောက်အထားများ ရှိနေပြီဟု စက်တင်ဘာ (၁၅)ရက်တွင် ဝန်ခံ ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံပြီး ခုလို ကောက်ချက်ချခဲ့တာပါ။ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောတွေ
ပေါ်မှာ အခြေစိုက်ပြီး ဒေါင်လိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တစ်ခုကို စမ်းသပ် အကောင်အထည်ဖော် တီထွင်နေတယ်လို့ ယုံကြည်ရပါတယ်”ဟု ဝန်ကြီးဌာန တာဝန်ရှိသူ ကင်မင်ဆွတ်ခ်က ဆိုသည်။

ကင်မ်က မြောက်ကိုရီးယား၏ တန်ချိန်(၃၀၀၀)ရှိ Golf-class ရေငုပ်သင်္ဘောများသည် တာလတ်ပစ် ဒုံးကျည်များ တင်ဆောင်ပစ်ခတ်နိုင်ရန် ပြုပြင် တည်ဆောက်နိုင်ဖွယ် ရှိနေကြောင်း ကင်မ်က မှတ်ချက်ပြုခဲ့ သည်။ “ဒါပေမဲ့ အချက်အလက်အားဖြင့်တော့ မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောတွေက တိုက်ချင်းပစ် ဒုံးကျည်ကို တင်ဆောင် ပစ်ခတ်နိုင်ပါတယ်လို့ တိတိကျကျ အတည်ပြုနိုင်တာမျိုး မရှိသေးဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ရေငုပ်သင်္ဘော တပ်ဖွဲ့တွင် ဆိုဗီယက်ခေတ်သုံး ရေငုပ်သင်္ဘော အသေးစားလေး များနှင့် တရုတ်က မွမ်းမံပြုပြင်ထားသည့် ရေငုပ်သင်္ဘော အချို့ ရှိနေသည်။ အမေရိကန် လက်နက်ပါရဂူ တစ်ဦးဖြစ်သည့် ဂျက်ဖရီ လူးဝစ်က အကယ်၍သာ မြောက်ကိုရီးယား အနေဖြင့် ရေငုပ်သင်္ဘောပေါ်မှ တိုက်ချင်းပစ် ဒုံးကျည်များ အမှန်တကယ် ပစ်ခတ်နိုင်စွမ်း ရှိလာမည် ဆိုပါက မြောက်ကိုရီးယား၏ လက်နက်နည်းပညာ တစ်ဆင့် တိုးတက်လာသည်ဟု ဆိုနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

လူးဝစ်က (၁၉၈၀)နှင့် (၁၉၉၀)ပြည့်လွန် နှစ်များက ဆိုဗီယက် ရေတပ်တွင် ထုတ်လုပ်ခဲ့သည့် သင်္ဘောဖျက် KH-35 ဒုံးကျည်စနစ်ကို အခြေခံကာ မြောက်ကိုရီးယားက ဒေါင်လိုက်ပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည်စနစ်ကို တီထွင်နေခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ထားသည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List