Wednesday, September 17, 2014

ဗိုလ်ချုပ်နေခဲ့သည့် ပဲခူးအဆောင် အပါအ၀င် အခြားအဆောင်များကိုပြင်၍ နေခွင့်ပြုမည်


အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနေခဲ့သည့် ပဲခူးဆောင် အပါအဝင် ရန်ကုန်တက္ကသိုလ်ဝင်းအ တွင်းရှိ အဆောင်များကို အကြီးစားပြုပြင်ပြီး အဆောင်များအဖြစ် ဖွင့်လှစ်ထားရှိသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက မဇ်္ဈိမကို ပြောသည်။

အဆိုပါ အကြီးစားပြင်ဆင်မှုကို ဗိုလ်ချုပ်အောင်ဆန်းနေခဲ့သည့် ပဲခူးဆောင်၊ ပင်းယဆောင်၊အင်းလျား ဆောင်၊ ရတနာဆောင်၊ သထုံဆောင်နှင့် စစ်ကိုင်း ဆောင်တို့ကို အောက်တိုဘာလမှ စတင်ဆောင်ရွက် သွားမည်ဖြစ်သည်။

လွန်ခဲ့သော ၁၈ နှစ်အတွင်း ပိတ်ပင်ထားခဲ့သည့် ရန်ကုန်တက္ကသိုလ်အဆောင်များတွင် ကျောင်းသား၊ ကျောင်းသူ တို့ပြန်လည်နေထိုင်နိုင်တော့မည်။

အဆိုပါ အဆောင်များကို ပြုပြင်ပြီးစီးပါက ထိုတက္ကသိုလ်ကြီးတွင် ပညာသင်ယူနေသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အဆောင်များအဖြစ် ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း ပညာသင်ကြားခဲ့ရာ ပဲခူးဆောင်တွင် ၁၉၅၆ ခုနှစ်မှ ၁၉၅၇ ခုနှစ်၌ နေထိုင်ခဲ့သည့် အသက် ၇၅ နှစ် အရွယ်ရှိ ဦးလှရွှေက “အဲဒီအဆောင်ကို Central Hall  လို့ ခေါ်တယ်။ ဗိုလ်ချုပ်နေခဲ့တဲ့ အခန်းကိုဆိုရင် အဲဒီအချိန်ကတည်းက သီးသန့်ထားပြီး ဗိုလ်ချုပ်သုံးခဲ့တဲ့အတိုင်း လိုပဲထားထားတယ်။ အခန်းကိုလည်း ပိတ်ထားတယ်။ ဘယ်ကျောင်းသားမှ မထားဘူး။ ကျောင်းသားခေါင်းဆောင်၊ အမျိုးသား ခေါင်းဆောင် နေထိုင်ခဲ့တဲ့ အခန်းကိုတော့ သမိုင်းဝင်ပြခန်းအဖြစ် သတ်သတ်မှတ်မှတ်၊ ကျကျနန ထားသင့် တယ်။ ပြင်ဆင်တဲ့အခါမှာလည်း ကျကျနနလေး ပြင်ပေးသင့်တယ်” ဟု ပြောသည်။

ပဲခူးဆောင် အခန်းအမှတ် ၁၁၃ တွင် ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့ပြီး ကျဆုံးပြီးနောက် မွေးနေ့တိုင်းတွင် အဆောင်နေကျောင်းသားများက အတ္ထုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ဖယောင်းတိုင်ထွန်းညှိခြင်း ပြုလုပ်သည်ဟု ၎င်းကဆိုသည်။

ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနေထိုင် ပညာသင်ကြားခဲ့သည့် ပဲခူးဆောင်အပါအဝင် အဆောင်များပြုပြင်ခြင်း ကို စက်တင်ဘာ လ ၂၈ ရက်တွင် ပထမနှစ်ဝက်စာမေးပွဲအပြီး အောင်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလကြာ ပြုပြင်မည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်များ အကြီးစားပြုပြင်မှုအတွက် ကျပ်သိန်းပေါင်း ၇,၀၀၀ ကျော် အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါ ကျောင်းဝင်းအတွင်းတွင် စားသောက်ဆိုင် (ကင်တင်း) နှစ် ထပ်ဆောင်ကိုလည်း အသစ်ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။

အဆောင်များ၏ အဆောင်လခကို ယခင် ၄၅ ကျပ်အစား ခေတ်နှင့်ညီသည့် နှုန်းထားတစ်ခု သတ်မှတ်ကာ လာမည့် ပညာသင်နှစ်မှစ၍ ဦးရေအနည်းဆုံး ၅၀၀ အထိ လက်ခံသွားမည်ဖြစ်သည်ဟု ဒေါက်တာ အောင်သူ က ပြောသည်။

ပညာရေးမြှင့်တင်မှုကော်မတီ အကြီးတန်းအရာရှိက “အဆောင်တွေ ဆောက်ဖို့၊ တက္ကသိုလ်ကျောင်းသား တွေ ပြန်ထားပေးဖို့ သမ္မတကြီး မှာထားတယ်။ ဒီအဆောင်တွေမှာ ထမင်းလည်း ကျွေးချင် ကျွေးမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်ငယ်ကလို ၄၅ ကျပ်နဲ့တော့ မဟုတ်ဘူးပေါ့။ အဆောင်ခတော့ ခေတ်နဲ့အညီပေါ့” ဟု ပြောသည်။

ဒဂုံတက္ကသိုလ်တွင် အဆောင်နေပြီး ပညာဆည်းပူးနေသည့် ကိုနန်းလင်းက

“ကျွန်တော်တို့ အခုတော့ အဆောင်ကြေး ၅,၀၀၀ ပေးနေရတယ်။ ထမင်းစရိတ်က တစ်နေ့ ၅၀၀ နဲ့ ကောက်ခံနေပါတယ်။ ဟောင်းနွမ်းနေတဲ့ အဆောက်အအုံတွေမှာ နေရတာ အဆင်မပြေဘူး” ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက် ကျောင်းသား သပိတ်ရက်မတိုင်မီအထိ အဆောင်နေခွင့်ပြုခဲ့ပြီး နောက်ပိုင်း ရန်ကုန်၊ မန္တလေးရှိ ဆေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်အပါအဝင် တက္ကသိုလ်အားလုံး ၌ အဆောင်နေခွင့်ပိတ်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List