Wednesday, September 17, 2014

ပြည်သူကို ချပြခဲ့ခြင်းမရှိသော ရေအားလျှပ်စစ်စီမံကိန်းအား အစိုးရက လွှတ်တော်၌ လာရှင်း၊ အရှေ့တောင်အာရှတွင် အကြီးဆုံးစာရင်းဝင်မည့် အထက်သံလွင်ရေအား လျှပ်စစ်စီမံကိန်းကို China Three Gorges Corporation နှင့် ပူးပေါင်းဆောင်ရွက်မည်


ပြည်သူကို ချပြခဲ့ခြင်းမရှိသော ရေအားလျှပ်စစ်စီမံကိန်းအား အစိုးရက လွှတ်တော်၌ လာရှင်း၊ အရှေ့တောင် အာရှတွင် အကြီးဆုံးစာရင်းဝင်မည့် အထက်သံလွင်ရေအား လျှပ်စစ်စီမံကိန်းကို China Three Gorges Corporation  နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ၎င်းစီမံကိန်းကြောင့် ရေ၀ပ်ဧရိယာ ၂၆၂ စတုရန်းမိုင် ရှိမည်ဟု လျှပ်စစ်ဒုဝန်ကြီး ပြောကြား


အရှေ့တောင်အာရှတွင် အကြီးဆုံးစာရင်းဝင်မည့် အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း အတွက် ပြည်တွင်း IGE ကုမ္ပဏီနှင့် China Three Gorges Corp-oration တို့အား လုပ်ကိုင်ခွင့်ပြု ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမော်သာထွေးက နေပြည်တော်တွင် စက်တင်ဘာ ၁၆ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ လာရောက်ဖြေကြားမှုသည်  ပြည်သူကို ချပြခဲ့ခြင်းမရှိသော ရေအားလျှပ်စစ်စီမံကိန်းအား ဦးသိန်းစိန်အစိုးရက လွှတ်တော်၌ လာရောက်ရှင်းလင်းအတည်ပြုခြင်းလည်း ဖြစ်သည်။

ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အင်အား ၇ဝဝဝ မဂ္ဂါဝပ် ရှိသည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“စီမံကိန်းဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝပတ်ဝန်းကျင်ဆန်းစစ်ချက်များ ဆောင်ရွက်နေစဉ် အတွင်း စီမံကိန်းအကောင်အထည်ဖော်သူများအနေဖြင့် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ၊ စီမံကိန်းကြောင့် ရရှိလာမည့် အကျိုး၊ အပြစ်များ၊ ထိခိုက်မှုများအပေါ် ပြန်လည်ဆောင်ရွက်ပေးမည့် အစီအမံများကို ဒေသခံပြည်သူများနှင့်  တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်သူများ၏ အကြံဥာဏ်များ ရယူခြင်းများကို အသေးစိတ်ဆောင်ရွက်သွားမယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြောကြားသည်။

၎င်းစီမံကိန်းကြောင့် ရေဝပ်ဧရိယာ ၂၆၂ စတုရန်းမိုင် ရှိမည်ဟု လျှပ်စစ်စွမ်းအား ဒုဝန်ကြီး ဦးမော်သာထွေး က ဆိုသည်။

မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းရှိ သံလွင်မြစ်ပေါ်တွင် တည်ရှိပြီး စီမံကိန်းဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာရေးဆွဲရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Three Gorges Corporation၊ ထိုင်းနိုင်ငံ EGAT International နှင့် တိုင်းရင်းသားလုပ်ငန်းရှင်ဖြစ်သည့် International Group of Entrepreneurs Company Ltd တို့သည် နားလည်မှုစာချွန်လွှာကို ၂ဝ၁ဝ ပြည့်နှစ်အတွင်းက ရေးထိုးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက“ဒေသခံတိုင်းရင်းသားများက မိမိတို့၏ လူမှုဘဝပတ်ဝန်း ကျင်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို လွန်စွာ စိုးရိမ်ပူပန်နေကြပါတယ်။ အထူးသဖြင့် ကွန်ဟိန်း မြို့နယ်နေ ပြည်သူများက ရေဝပ်ဧရိယာမှာ ကွန်ဟိန်းမြို့နယ်မှ တာကော်တံတားအထိ ရေဝပ်ဧရိယာဖြစ် သည်ဟုဆိုကာ စိုးရိမ်လျက်ရှိပါတယ်။ ထိုမျှသာမက သံလွင်မြစ်ပေါ်တွင် ဆည်တည်ဆောက်၍ ရေအားလျှပ်စစ်စီမံကိန်းများ ပြုလုပ်နေသည်ကို ပြည်သူအများက စိုးရိမ်ပူပန်လျက် ရှိပါတယ်”ဟု ပြောကြားသည်။

အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် ၇ဝဝဝ ဖြစ်ပြီး  နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၄၇၁၇ ထွက် ရှိမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဆိုသည်။

ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ  ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာကို ၂ဝ၁၃ ခုနှစ်အတွင်းက တင်ပြခဲ့ပြီး ယင်းအစီရင်ခံစာကို စိစစ်ရန်အတွက် နိုင်ငံခြားအတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့ ငှားရမ်း၍ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းဖြစ်မြောက်နိုင်စွမ်းရှိသည်ဟု ယူဆပါက သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှုကို အသေးစိတ်လေ့လာပြီး ထိခိုက်မှုများကို တင်ပြမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောကြားသည်။

အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှုကြောင့် သဘာဝပတ်ဝန်း ကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအစီရင်ခံစာများ ပြုစုနိုင်ရေးအတွက် ဩစတြေးလျနိုင်ငံ အခြေစိုက် Snowy Mountain Engineering Cooperation (SMEC) ကုမ္ပဏီကို တာဝန်ပေးရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သဘောတူထားပြီးဖြစ်ကြောင်း သတင်းရ ရှိသည်။

မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကို စိစစ်အတည်ပြုပြီးမှသာ စီမံကိန်း ကုန်ကျစရိတ်ကို အတည်ပြုနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်အပေါ်မူတည်ကာ စီးပွားရေးတွက်ခြေကိုက်မှု စိစစ်ချက်ကို စိစစ်တွက်ချက်နိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဆိုသည်။

အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်အားများကို ပြည်တွင်းသုံးအတွက် အဓိကထားကာ သုံးစွဲသွားမည်ဖြစ်ပြီး ဓာတ်အားပိုလျှံမှသာ အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချသွားမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

IGE ကုမ္ပဏီသည် ယခင်စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သား ဦးနေအောင် အဓိကပိုင်ဆိုင် လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ပြီး တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ရေအားလျှပ်စစ်စီမံကိန်းရှစ်ခုအထိ လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။

IGE ကုမ္ပဏီမှ တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိထားသည့် စီမံကိန်းရှစ်ခုထဲတွင် မြန်မာနိုင်ငံ ၌ စက်တပ်ဆင်အား အကြီးမားဆုံးဖြစ်လာမည့် မဂ္ဂါဝပ် ၇ဝဝဝ အထိရှိသော အထက်သံလွင် (မိုင်းတုံ) စီမံကိန်းမှအစ မဂ္ဂါဝပ် ၁၃၆ဝ စက် တပ်ဆင်အားရှိမည့် ဟတ်ကြီးစီမံကိန်း၊ မဂ္ဂါဝပ် ၁၂ဝဝ ထိရှိသည့် နောင်ဖစီမံကိန်းကဲ့သို့သော စီမံကိန်းကြီးပေါင်းများစွာကို လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

IGE ကုမ္ပဏီသည် နော်ချမ်းခမြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းများအတွက် MOA ရေးထိုးထားမှုအရ ၎င်းအတွက်အကျိုးအမြတ် နှစ်ရာခိုင်နှုန်းသာရပြီး ၎င်းဖြင့် ပူးပေါင်းလုပ်သည့် တရုတ်ကုမ္ပဏီက ၈၃ ရာခိုင် နှုန်းအထိရရှိကာ နိုင်ငံတော်မှ ၁၅ ရာ ခိုင်နှုန်းသာ ရရှိမည်ဖြစ်သည်။

ယခု IGE ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ တည်ဆောက်ရန်စီစဉ်နေသည့် အထက်သံလွင် (မိုင်းတုံ) ရေအား လျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်ပေါ်တွင် ဒုတိယမြောက် အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်သည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ပထမဆုံးရေအားလျှပ်စစ် စီမံကိန်းဖြစ်သော အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းကို အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Hanergy Group Holding Limited တို့က ပူးပေါင်းတည်ဆောက်ခွင့် ရထားခြင်းဖြစ်ကြောင်း၊ ၂ဝ၁၄ ခုနှစ် မေလ တတိယပတ်အတွင်းက သဘောတူစာချုပ် ချုပ်ဆိုပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။

အေးရှားဝေါလ်နှင့် တရုတ်ကုမ္ပဏီမှ တည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ)မှာ မဂ္ဂါဝပ် ၁၄ဝဝ ထွက်ရှိမည်ဖြစ်ပြီး စီမံကိန်းမှ အခမဲ့ဓာတ်အား ၁ဝ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းသာ မြန်မာမှ ရမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

ထို့အတွက် တရုတ်ကုမ္ပဏီဘက်မှ ထွက်ရှိမည့် ဓာတ်အားစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၉ဝ အထိ ရယူမည်ဖြစ်သည်။

China Three Gorges Corporation သည် တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်သည့် Three Gorges Dam တည်ဆောက်ရေးအတွက် တာဝန်ရှိသော ကုမ္ပဏီဖြစ်သည်။ အဆိုပါ Three Gorges ဆည်သည် ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ဆည်တစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် လူဦးရေ ၁ ဒသမ ၂ သန်းကျော် ရွှေ့ပြောင်းနေရာချထားခဲ့ရပြီး မြို့ကြီး ၁၃ မြို့၊ မြို့ပေါင်း ၁၄ဝ၊ ကျေးရွာပေါင်း ၁၃၅ဝ တို့ ရေလွှမ်းမိုးခံခဲ့ရသည်။ အဆိုပါ စီမံကိန်း၏ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုမှာ ကြီးမားလွန်းပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာဖွယ် ရှိကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆည်များ တည်ဆောက်ရာတွင် ခန့်မှန်းကုန်ကျစရိတ်ထက် ပိုမိုစိုက်ထုတ်ရန် ခက်ခဲခြင်းများကြောင့် ဆောက်လုပ်ရေးပိုင်းတွင် အရည်အသွေး မပြည့်မီလျှင် အန္တရာယ်ကြီးမားကြောင်း ကမ္ဘာပေါ်ရှိ ဆည်ပေါင်း ၂၄ဝ ကျော်အား စစ်တမ်းပြုလုပ်ထားသော အောက်စဖို့ဒ် စစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

ဆည်များတည်ဆောက်ပြီးနောက်ပိုင်းတွင် လျှပ်စစ်ရရှိလာသော်လည်း မှန်းထားသည့်အတိုင်း လျှပ်စစ် ဓာတ်အားရရှိရန်မှာ မဖြစ်နိုင်ကြောင်း၊ ရာသီဥတုနှင့် မိုးရွာသွန်းမှုစသည့် အခြေအနေများကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေနိုင်မည် မဟုတ်ကြောင့်းကိုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် မြစ်ကြီးများပေါ်တွင် ကြီးမားသည့်ဆည်များ တည်ဆောက်မည်ဆိုပါက ပြည်သူများ အပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပညာရှင်များ၏ ရှင်းလင်း ဟောပြောမှုကို ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်မြို့ UMFCCI အသင်းချုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် တက်ရောက်လာသူများကလည်း ဆည်များတည်ဆောက်မှုကို ကန့်ကွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် မည်သည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်စေ မည်သည့်ရာခိုင်နှုန်း အကျိုးအမြတ်ဖြင့် ချုပ်မည်၊ ပတ်ဝန်းကျင် ထိခိုက်မှု မည်မျှရှိမည်၊ နိုင်ငံတော် အတွက် မည်မျှရမည်ကို အသေးစိတ်ချပြ ရှင်းလင်းခြင်း မပြုဘဲ ချုပ်ဆိုသည့် စာချုပ်များ များပြားနေကြောင်း စုံစမ်းသိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List