Wednesday, September 17, 2014

အခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များကို မြန်မာဘာသာဖြင့် ပြဋ္ဌာန်းပေးရန် နယ်ပယ်စုံမှပညာရှင်တချို့က အကြံပြုထားဟုဆို


အခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များကို မြန်မာဘာသာဖြင့်ပြဋ္ဌာန်း ပေးရန် နယ်ပယ်စုံမှ ပညာရှင် တချို့က အကြံပြုထားကြောင်း သိရသည်။''ဒီလို ဘာလို့အကြံပြုသလဲဆို တော့ လက်ရှိ အထက်တန်းမှာ အင်္ဂလိပ်လိုသင်တဲ့အခါ ဘာသာရပ်ရဲ့ ပေးချင်တဲ့သဘောတရားကို ကျောင်းသားက မရဘူး။ အလွတ်ကျက် ပြီး ဒါမေး၊ ဒါဖြေပုံစံမျိုးဖြစ်နေတယ်။ အဲဒါကို လက်တွေ့အထက်တန်းမှာ သင်နေတဲ့ဆရာကို မေးကြည့် တယ်။ သူတို့ကလဲ မြန်မာလိုသင်ရတာကို ပိုပြီး သဘောကျတယ်လို့ပြောတယ်။ 

အင်္ဂလိပ်စာကောင်းဖို့ဆိုတာထက် နိုင်ငံတကာမှာ ပြယုဂ်ကောင်းတစ်ခုရဖို့ ဘာသာရပ်အားလုံးကို အင်္ဂလိပ် လို သင်ခဲ့တာ သဘာဝမကျဘူး။ အဲဒီ တော့ အင်္ဂလိပ်စာကောင်းဖို့ဆိုရင် အင်္ဂလိပ်စာဘာသာရပ်ကို သီးသန့် အဆင့်မြှင့်တင်ပြီး စနစ်တကျသင် ကြားရင်ရပြီ'' ဟု ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သင်ရိုး ညွှန်းတမ်းရေးဆွဲရေးလုပ်ငန်းများ တွင် ပါဝင်သူ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။

ယင်းအပြင် အဆိုပါဘာသာရပ် များကို မြန်မာလိုပြုစုမည်ဆိုပါက အင်္ဂလိပ်စာ အားနည်းသွားမည်ကို လည်း စိုးရိမ်သည့်အတွက် အင်္ဂလိပ် စာဘာသာရပ်သင်ချိန်ကို တိုးမြှင့်၍ အင်္ဂလိပ်စာသင်ကြားပေးမည့် ဆရာ၊ ဆရာမများ၏အရည်အသွေးများ ကိုလည်း မြှင့်တင်ရန် အကြံပြုထား ကြောင်း သိရသည်။

''ဂျိုက်ကာ၊ ယူနီဆက်ဖ်နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ်တို့ဘက်က ပံ့ပိုးပေး တဲ့ အကြံပေးပညာရှင်တွေကတော့ သင်ရိုးကို အင်္ဂလိပ်ရော၊ မြန်မာလို ရော နှစ်ခုလုံးပြုစု၊ မေးခွန်းကိုလဲ နှစ် ခုလုပ်ဆိုပြီးအကြံပေးတယ်။ ကျောင်း သားက ကြိုက်ရာနဲ့ဖြေပေါ့။ ဘယ်ဟာဖြစ်မလဲ ဆိုတာတော့ အတည်မပြု ရသေးပါဘူး'' ဟု ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သင်ရိုး ညွှန်းတမ်းရေးဆွဲရေးဌာနမှ တာဝန် ရှိသူက ပြောကြားသည်။

လက်ရှိတွင် KG တန်း ပါဝင် သည့် အခြေခံပညာစာသင်နှစ်များ အကောင်အထည်ဖော်ရန် အသစ် ပြန်လည်ရေးဆွဲနေသည့် သင်ရိုးညွှန်း တမ်း Framework (ဒုတိယမူကြမ်း) ၏ဆွေးနွေးပွဲမျာ ကျင်းပ လျက်ရှိရာ ယင်းဆွေးနွေးပွဲများ၌ အဆိုပါပညာ ရှင်တချို့က ယင်းသို့ အကြံပြုခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။

''အခြေခံပညာစာသင်နှစ်ကို KG+5+4+3 ပုံစံနဲ့သွားရင် ပြဋ္ဌာန်း ဖတ်စာ စာအုပ်တွေကိုလဲ အသစ်ပြင် ဆင်ပြုစုရမယ်။ အဲလိုပြုစုတဲ့အခါ ဘယ်ဘာသာရပ်တွေကိုထည့်မလဲ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ထည့် မလဲ။ နောက်ပြီး သင်ရိုးမာတိကာ တွေကို ဘယ်လိုနည်းစနစ်တွေနဲ့ထည့် ပြီး အဲဒါတွေကို သင်ကြားနည်းက အစ စာမေးပွဲစစ်တဲ့အထိ ဘယ်လိုပုံ စံနဲ့သွားရမယ်ဆိုတာကို သင်ရိုးညွှန်း တမ်းမူဘောင် (Framework) ရေးဆွဲ ရပါတယ်။ အဲဒီဆွဲပြီးတဲ့ Framework ရဲ့ဒုတိယမူကြမ်းကို ဆွေးနွေးတဲ့အခါ အထက်တန်းအဆင့်က သင်္ချာနဲ့ သိပ္ပံ ဘာသာရပ်တွေကို မြန်မာလိုပြုစုမယ်။ ဘာသာရပ်ရဲ့ မူရင်းစကားလုံးတွေကို တော့ မူရင်း အတိုင်းပဲထည့်ပြုစုမယ် ပေါ့။ စာမေးပွဲကိုလဲ မြန်မာလိုပဲစစ် မယ်ဆိုပြီး အကြံပြုချက်တွေအများစု ထွက်လာ တယ်'' ဟု အဆိုပါတာဝန် ရှိသူတစ်ဦးက ဆက်လက်ပြောသည်။

ယင်းသင်ရိုးညွှန်းတမ်း Framework (မူဘောင်)များကို သင်ရိုးညွှန်း တမ်းရေးဆွဲရေးဌာန၊ ပညာရေးကော လိပ်နှင့် အခြေခံပညာမှပညာရှင်များ၊ အကြံပေးပညာရှင်များ၊ ယူနီဆက်ဖ်၊ ဂျပန်နိုင်ငံတကာပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (JICA)၊ အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) မှ နိုင်ငံတကာနှင့် ပြည်တွင်းအကြံပေးပညာရှင်များ ပူးပေါင်းပြီး ရေးဆွဲလျက်ရှိကြောင်း သိရသည်။

CCT
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List