Thursday, September 18, 2014

တရုတ်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် ၂ ဦး သေ၊ လူ ၃ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာခဲ့ရ


တရုတ်နိုင်ငံတောင်ပိုင်းကို တိုက်ခတ်ခဲ့တဲ့ ကယ်လ်မေဂီတိုင်ဖုန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၃ သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆင်ဟွာ သတင်းဌာနမှာ ဖော်ပြပါတယ်။နန်နင်းမြို့မှာ သစ်ပင်လဲကျပြီး ပိမိတဲ့အတွက် အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံပါတယ်။

လူ ၅ သိန်းလောက် မုန်တိုင်းဒဏ်ခံခဲ့ရပြီး ထောင်သောင်းချီနေတဲ့ ဒေသခံတွေ လျှပ်စစ်မီးမရှိဘဲ နေရတယ် လို့ သတင်းက ဆိုပါတယ်။

ကွမ်တုံပြည်နယ် လဲကျိုးမြို့မှာ အရင်နေ့က မုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ အဆောက်အဦ အပိုင်းအစတွေကို စစ်သားတွေက ဖယ်ရှားခဲ့ပါတယ်။

တချို့နေရာတွေမှာ တနာရီလေတိုက်နှုန်း ၈၉ မိုင်ရှိပြီး လေပွေတွေပါ တိုက်ခဲ့တာပါ။ စက်တင်ဘာလ ၁၆ ရက်နေ့က မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရတယ်လို့ တရုတ်လေကြောင်း အာဏာပိုင်တွေကို ကိုးကားပြီး ဆင်ဟွာက ပြောပါတယ်။

ကျောင်းတွေလည်း ပိတ်ထားဆဲဖြစ်ပြီး ထောင်နဲ့ချီတဲ့ ငါးဖမ်းလှေတွေကို ကမ်းမှာ ကပ်ထားတယ်လို့ တရုတ် မီဒီယာတွေက အစီရင်ခံပါတယ်။

လာမယ့်ရက်တွေမှာ မိုးပိုရွာနိုင်တယ်လို့ မျှော်လင့်ကြောင်း မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List