Thursday, September 18, 2014

ဩစတြေးလျမြေပေါ်တွင် ISက အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားခဲ့ဟု ဝန်ကြီးချုပ်ပြောကြား


စီးနင်းရှာဖွေထားသည့် အိမ်တစ်လုံးကို စစ်ဆေးနေသည့် ထောက်လှမ်းရေး အရာရှိများ ဩစတြေးလျ မြေပေါ်တွင် အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွအဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ကျူးလွန်ရန် စီစဉ်ခဲ့ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့က ထုတ်ဖော် ပြောကြားခဲ့သည်။

ဩစတြေးလျ ရဲတပ်ဖွဲ့သည် နိုင်ငံသမိုင်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာ အကြီးကျယ်ဆုံး စစ်ဆင်ရေး တစ်ရပ်ကို စက်တင်ဘာ (၁၈)ရက် နံနက်ပိုင်းက ဆင်နွှဲခဲ့ပြီး လူ(၁၅)ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေသည့် ISတို့သည် ၎င်းတို့၏ လက်တံရှည်မှုကို ပြသရန်အတွက် ဩစတြေးလျ မြေပေါ်တွင် အကြမ်းဖက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားသည်ဟု ယူဆရကြောင်း ထောက် လှမ်းရေး သတင်းအချက်အလက်များကို ကိုးကားပြီး အက်ဘော့က ပြောကြားခဲ့သည်။ ISအဖွဲ့သည် ၎င်းတို့ အပေါ် အမေရိကန်က လေကြောင်းမှ တိုက်ခိုက်နေမှုအား ဩစတြေးလျက ပံ့ပိုးနေခြင်းအပေါ် အငြှိုးထား လျက်ရှိသည်။

အက်ဘော့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး မတိုင်မီတွင် အဆိုပါ ကိစ္စကို အလေး အနက် တိုင်ပင် ဆွေးနွေးခဲ့ကြောင်း ဆိုသည်။ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်များက ISခေါင်းဆောင်များသည် ဩစတြေးလျရှိ အစွန်းရောက် ထောက်ခံသူများကို အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်ရန် တိုက်တွန်း နှိုးဆော်ထားကြောင်း ညွှန်ပြလျက် ရှိသည်။

“လက်ရှိ ISILရဲ့ ကွန်ရက်မှာ အရေးပါတယ်လို့ ယူဆရတဲ့ ဩစတြေးလျ နိုင်ငံသား တစ်ယောက်ဆီကနေ တိုက်ရိုက်ကျကျ နှိုးဆော် တိုက်တွန်းမှုတွေ ရှိထားတယ်လို့ ယူဆရပါတယ်။ ဩစတြေးလျ မြေပေါ်မှာ သတ်ဖြတ်မှုတွေ လုပ်ဆောင်ပြီး သူတို့အဖွဲ့အစည်းရဲ့ ဩဇာသက်ရောက်မှုကို ပြသဖို့ပါ”ဟု အက်ဘော့က ဆိုသည်။ အက်ဘော့သည် အခြားသော နိုင်ငံ ခေါင်းဆောင် အများစုနည်းတူ ISဆိုသော အသုံးအနှုန်းကို ရှောင်ကြဉ်ပြီး ISILဆိုသည့် အမည်ဟောင်းကိုသာ အသုံးပြုခဲ့သည်။ ISအဖွဲ့တွင် နိုင်ငံရပ်ခြားမှ အစွန်းရောက် လှုပ်ရှားသူ အများအပြား ပါဝင်စုဖွဲ့ထားရာ ဩစတြေးလျမှ သွားရောက် ပူးပေါင်းသူများ လည်း ရှိနေသည်။

အက်ဘော့က “ကျွန်တော် ပြောနေတာက သံသယဝင်တဲ့အဆင့် သက်သက်တင် မကတော့ဘူး။ သူတို့ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီ။ ဒါကြောင့်လည်း ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး အေဂျင်စီတွေက သူတို့ရဲ့ လုပ်ပိုင်ခွင့် အကုန်သုံးပြီး အရေးယူခဲ့တာပဲ”ဟုလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက ISအဖွဲ့တွင် အရေးပါနေသူဟု ရည်ညွှန်းခဲ့သည့် ဩစတြေးလျ နိုင်ငံသား၏ အမည်ကိုမူ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိချေ။

ဩစတြေးလျ ရဲတပ်ဖွဲ့သည် ဆစ်ဒနီရှိ နိုက်ကလပ်တစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးသူ မိုဟာမက်အလီ ဘာယာလိုင် အမည်ရှိ အသက်(၃၃)နှစ်ရှိ အမျိုးသား တစ်ဦးကို ဖမ်းဝရမ်း ထုတ်ထားသည်။ ၎င်းသည် ISအဖွဲ့သို့ အစောဆုံး ဝင်ရောက်ခဲ့သည့် ဩစတြေးလျ နိုင်ငံသားဟု ယူဆရသည်။ ရဲတပ်ဖွဲ့ဝင် (၈၀၀)ခန့်သည် ဆစ်ဒနီတဝိုက်ရှိ နေအိမ်ဆယ်ဂဏန်းခန့်ကို အလစ်အငိုက် စီးနင်းကာ မသင်္ကာသူများကို ဖမ်းဆီးခဲ့သည်။ ယင်းစစ်ဆင်ရေးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍတွင် ဩစတြေးလျ၏ အကြီးမားဆုံး စစ်ဆင်ရေးလည်း ဖြစ်လာသည်။

အဖမ်းခံရသူများအနက် တစ်ဦးဖြစ်သည့် အိုမာဂျန် အေဇာနီကို ဆစ်ဒနီ တရားရုံး တစ်ခုတွင် စက်တင်ဘာ (၁၈)ရက်က ကနဦး စစ်ဆေးခဲ့သည်။ ၎င်းသည် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ကျူးလွန်ရန် ကြံစည်မှုဖြင့် စွဲချက်တင်ခံထားရပြီး ယင်းအတွက် ပြစ်ဒဏ်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ဩစတြေးလျ မြေပေါ်တွင် အကြမ်းဖက်မှုများ ကျူးလွန်ရန် ISက မည်သို့မည်ပုံ စီစဉ်ထားသည်ဆိုသည့် အသေးစိတ် ထောက်လှမ်းရေး သတင်းအချက် အလက်များကို ထုတ်ပြန်ကြေညာရန်မူ ရဲတပ်ဖွဲ့က ငြင်းဆိုထားသည်။

Ref: USA Today
7Day News Journal 

No comments:

Post a Comment

My Blog List