Monday, September 15, 2014

နိုင်ငံရေးဆွေးနွေးရေး မူဘောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများအကြား အမြင်မတူမှုများ ရှိနေ



အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး လုပ်ဆောင်ပြီးပါက ရက်ပေါင်း ၆ဝ အတွင်း Framework Meeting ဆောင်ရွက်ရန်နှင့် လက်မှတ်ရေးထိုးအပြီး ရက်ပေါင်း ၉ဝ အတွင်း ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ရန် စီစဉ်ထားရာ နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများအကြား အမြင်မတူညီမှုများရှိနေကြောင်း နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပါတီများအားလုံး သဘောတူညီသည့် မူဘောင်တစ်ရပ် ပေါ်ပေါက်ရေးအတွက် နိုင်ငံရေး ပါတီများ၏ ဆွေးနွေးပွဲကို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (NUP) နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) တို့မှ ကမကထပြုပြီး စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

ယင်းဆွေးနွေးပွဲအပြီးတွင် နိုင်ငံရေးပါတီ ၅၆ ပါတီမှ စုပေါင်းပြီး သဘောထားကြေ ညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ပါဝင် တက်ရောက်ခြင်း မရှိသေးသည့် ပါတီများနှင့်လည်း အနာဂတ်တွင် ဆက်လက်တွေ့ဆုံညှိနှိုင်းကြရန် သဘောတူညီသည်ဟု ပါဝင်သည်။

NBF မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇိုဇမ်က “မူဘောင်နဲ့ပတ်သက်လို့ အခုကျွန်တော်တို့ စုစည်းမှုတစ်ခုတော့ ဒီမှာရတာပေါ့။ ကျွန်တော်တို့ NBF နဲ့ FDA နဲ့မူဘောင် ဒီမှာကျွန်တော်တို့ စုစည်းပြီးပါပြီ။ စုစည်းမိတော့ ဒီမှာဆုံဆည်းမှု တစ်ခုရတယ်။ နောက်ထပ်လည်းပဲ မူဘောင်တွေအများကြီး ရှိပါသေးတယ်။ ပါတီအသီးသီးကနေ ထွက်လာပါလိမ့်မယ်။ အဲဒီမူဘောင်တွေ အားလုံးဟာ ကိုယ့်ပါတီရဲ့ ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့က ဒီဟာတွေကို ဆုံမှတ်တစ်ခုရအောင် ကျွန်တော်တို့က အစွမ်းကုန်ကြိုးစားမှာပါ။ ကျွန်တော်တို့ဘက်ကတော့ အမြဲတမ်း သူများဖွင့်တဲ့ တံခါးကိုလည်း ကျွန်တော်တို့ဝင်မှာပါ။ ကျွန်တော်တို့တံခါးကိုလည်း အချိန်ပြည့် ဖွင့်ထားမှာပါ။ ညှိနှိုင်းရမယ့် တာဝန်ကတော့ စနစ်တကျနဲ့ သဘောထားဖြူစင်စွာနဲ့ ကျွန်တော်တို့က အလုပ်လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ပါတယ်” ဟု ပြောကြားသည်။

ယင်းဆွေးနွေးပွဲသို့ မတက်ရောက်ရသည့် အကြောင်းအရင်းနှင့် နိုင်ငံရေးပါတီ ၅၆ ပါတီ၏ ထုတ်ပြန်ချက်တို့နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က “သူတို့က ၆၇ ပါတီလုံးရဲ့ သဘောထားလိုချင်တယ်လို့ ပြောနေပြီ။ အဲဒါကို ဘယ်သူကလုပ်တာတုန်း နောက်ပြီးတော့ ဘယ်သူက တာဝန်ယူပြီးလုပ် တယ်။ ဘာကြောင့်လုပ်တယ်။ ဒီလိုဖြစ်မှရမှာလေ။ သာမန်ကျွန်တော်တို့ကို ဖိတ်တယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ မှာလည်း ဆုံးဖြတ်ပိုင်ခွင့်တွေရှိတယ်လေ။ ဆုံးဖြတ်ပိုင်ခွင့်တွေ ရှိတယ်ဆိုတာ သူတို့က ဖိတ်တယ်ဆိုရင် ကျွန်တော်တို့က တက်ဖို့လိုတယ်လို့ ဆုံးဖြတ်မှသာ ကျွန်တော်တို့တက်မှာပေါ့” ဟု ပြောကြားသည်။

“နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အခါမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရဖို့ အရေးကြီးတယ်ဗျ။ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရရုံနဲ့ ပြီးသလားဆိုတော့ မပြီးဘူးဗျ။ မျှမျှတတ ဆုံးဖြတ်ဖို့လည်း အရေးကြီးတယ်။ အဲဒီလို မျှမျှတတ ဆုံးဖြတ်နိုင် တဲ့အပိုင်းတွေ မပါလာဘူးဆိုရင်တော့ ကျွန်တော်တို့က ဒီမူဘောင်ကို သွားတင်ပြဖို့ အများကြီး အခက်အခဲရှိပါတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို ကျွန်တော်တို့ အများကြီး သဘောတူပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ပါ ဝင်နိုင်အောင် လုပ်ပေးနိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ပါဝင်လာမှာပေါ့” ဟု ဦးထွန်းထွန်းဟိန်က ဆက်လက်ပြော ကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က “ကျန်တဲ့ပါတီ ၁၁ ပါတီရှိတာပေါ့။ ၁၁ ပါတီဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရယ်၊ USDP ရယ် အခြားအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ်တိုင်းရင်းသား နိုင်ငံရေးပါတီတွေ။ အဲဒီပါတီတွေဘက်က သဘောတူညီချက်ရမှသာလျှင် နိုင်ငံရေးပါတီအားလုံးရဲ့ မူတစ်ခုဖြစ်လာမှာပေါ့၊ အဲဒီသဘောကို ရည်ရွယ်ပြီး ထုတ်ပြန်ချက်ထုတ်တာပါ” ဟု ပြောကြားသည်။

နိုင်ငံရေးပါတီများအကြားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့်နွယ်သော အုပ်စုနှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) နှင့်နွယ်သော အုပ်စုများရှိနေကြောင်း၊ USDP နှင့်နွယ်သော အုပ်စုများမှာ NBF ကို လက်ညှိုး ထိုးကောင်း ထိုးနိုင်ကြောင်း၊ သို့ရာတွင် အားလုံးမှန်ချင်မှ မှန်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားထား သည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List