Monday, September 01, 2014

တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေကို ဒီလိုပဲ လွှတ်ထားမလား


ပြည်သူတွေအကြား စိတ်ဝင်စားမှုအများဆုံး သတင်းတစ်ခုကတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေရဲ့ “ရန်ကုန်မြို့သစ် စီမံကိန်း” သတင်းပါ။ ဒေါ်လာ ၁၅ ဘီလီယံလောက်ရှိမယ့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုပမာဏ အလွန်များပြားမယ့် စီမံကိန်းကြီးတစ်ခုကို တိုင်းပြည်ကရော၊ စီးပွားရေးလုပ် ငန်းရှင်ကြီးတွေကတောင် မသိတဲ့ ကုမ္ပဏီတစ်ခုကို တိတ်တဆိတ်လက်သိပ်ထိုး လုပ်ပိုင်ခွင့်ပေးလိုက်ပြီ ဆိုတဲ့အခါ ဝေဖန်သံမျိုးစုံနဲ့ ဆူပွက်သွားခဲ့ပါတယ်။ 

နောက်ဆုံး သြဂုတ် လ ၂၈ ရက် ညမှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတစ်ဆင့် “ရန်ကုန် တိုင်း အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်” ဆိုတာ ထွက်ပေါ်လာပါတယ်။ သတင်းထုတ်ပြန်ချက်ရဲ့ ဆိုလို ရင်းကတော့ “မကြာမီ အချိန်ကာလအတွင်း ပွင့်လင်းမြင်သာစွာဖြင့် ရန်ကုန်မြို့သစ်စီမံကိန်း Developer တင်ဒါခေါ်ယူခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်နိုင်သည့် အခွင့် အလမ်းများကို ဖန်တီးသွားမည် ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်”ဆိုပြီး ဖြစ်ပါတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ ဒီလောက်နဲ့ပြီးသွားသင့် သလား၊ ဘာတွေသင်ခန်းစာယူပြီး ဆက်လုပ်သင့် သလဲဆိုတာ ဆွေးနွေးပါ့မယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတင်ပြတဲ့ “ရန်ကုန်မြို့သစ်” စီမံကိန်းဆိုတာ အလွန်ကြီးကျယ် ဆိုးရွားလှ တဲ့ မရိုးသားမှုကြီးတစ်ခုလို့ ပြောရင်ရနိုင်ပါတယ်။ သူက ငွေရေးကြေးရေးပိုင်းမှာပါ စိတ်ချရပါတယ်ဆိုတဲ့ “မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ” ဆိုတာကို သတင်းထောက်တွေ လိုက်ပြီး စုံစမ်းတော့ ကုမ္ပဏီရဲ့ လိပ်စာဟာ ရွှေပြည်သာမြို့သစ်မှာ ဖြစ်နေပါတယ်။ ကုမ္ပဏီမှတ်ပုံတင်စာရင်းက လိပ်စာအတိုင်း သွားကြည့်တော့ ဘာရုံးခန်းမှ မရှိပါဘူး။ မှတ်တမ်းဖော်ပြချက်အရ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ကျပ်သန်း ၁,၀၀၀ ဖြစ်ပြီး ကနဦးထည့်ဝင်ငွေက ကျပ်သန်း ၇၀ ပဲ ရှိတယ်လို့ သိရပါတယ်။ 

ကျပ်သန်း ၇၀ ဆိုတာ ကျပ် ငွေသိန်း ၇၀၀ ပါ။ ရန်ကုန်မှာ ကောင်းကောင်းကန်းကန်း ကွန်ဒို တိုက်ခန်း တစ်ခန်းတောင် မ၀ယ်နိုင်တဲ့ ငွေပမာဏ သေးသေးလေးပါ။ ဒီလောက် ငွေပမာဏပဲ ထည့်ဝင်ထားတဲ့ ကုမ္ပဏီတစ်ခုက ဒေါ်လာ ၁၅ ဘီလီယံ၊ ကျပ်ငွေနဲ့ဆို ဘီလျံပေါင်း ၁၅,၀၀၀ လောက် ရင်းနှီးမြှုပ်နှံရမယ့် စီမံကိန်းကြီးတစ်ခုကို ဘယ်လိုမှ အကောင်အထည်မဖော်နိုင်ဘူးဆိုတာ ရှင်းနေပါတယ်။ ပြောရရင် ဒါဟာ တကယ့်အဖြစ်မှန်ကို ဖုံးကွယ်ထားတဲ့၊ ပြည်သူလူထုနဲ့ လွှတ်တော်ကို လိမ်လည်လှည့်ဖျားထားတဲ့ တင်ပြမှု တစ်ခုဆိုတာ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ ကောင်းပါပြီ။ ၀န်ကြီးချုပ်ဦးမြင့်ဆွေ ဘယ်လောက်ပဲရိုးသားမှု မရှိပါစေ၊ သမ္မတဦးသိန်းစိန်နဲ့ သူ့အစိုးရက ဘယ်လိုအရေးယူမှုမှ လုပ်မှာ မဟုတ်ဘူးဆိုတာကိုတော့ ပြည်သူအားလုံး၊ နိုင်ငံရေးသမားအားလုံး၊ စီးပွားရေးသမားအားလုံး သိနေကြပါတယ်။ ဒါကို ဒီအတိုင်းထား
လိုက်ကြတော့မလား။

တကယ်တော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ အဲဒီလိုလုပ်ကိုင်ခဲ့တာဟာ စီမံကိန်းဆိုင်ရာ ကိစ္စတွေ၊ ကြီးမားတဲ့ တင်ဒါခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး တိကျတဲ့ဥပဒေ ပြဋ္ဌာန်းထားတာမျိုး မရှိလို့ပါ။ တကယ်တော့ သမ္မတဦးသိန်းစိန်က ခန့်အပ်ထားတဲ့ တိုင်းနဲ့ပြည်နယ်က ၀န်ကြီးချုပ် ၁၄ ယောက်ဟာ ဦးမြင့်ဆွေလိုပဲ လုပ်ကိုင်နေကြတာပါ။ သိပ်အထူးအဆန်းတော့ မဟုတ်ပါဘူး။ အရင်အာဏာရှင်ခေတ်ကအတိုင်း လုပ်ငန်း ဆောင်တာတွေကို ဘာပွင့်လင်းမြင်သာမှုရှိတဲ့ တင်ဒါခေါ်ယူမှုတွေမှ မလုပ်ဘဲ ကိုယ်နဲ့ နီးစပ်တဲ့လုပ်ငန်း
ရှင်တွေကို လုပ်ပိုင်ခွင့်တွေ ချပေးနေကြတာပါ။ ပူပူနွေးနွေးနမူနာလည်း ရှိပါတယ်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းခန့်အပ်ခံရတဲ့အခါ သူ့ကို အစိုးရအဖွဲ့က ပြည်ထောင်စု အထူးရန်ပုံငွေ ကျပ် ၁၅ ဘီလီယံလောက် ပေးလိုက်ပါတယ်။ အဲဒီမှာ ကျောင်းတွေ ဆောက်ဖို့၊ တံတားတွေ ဆောက်ဖို့ စသဖြင့်ပါဝင်ပါတယ်။ အဲလိုများပြားလှတဲ့ ဘတ်ဂျက်ငွေကြေးတွေနဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့အခါ ဘာပွင့်လင်းမြင်သာမှုရှိတဲ့ တင်ဒါမှ မခေါ်ပါဘူး။ ၀န်ကြီးချုပ်၊ ၀န်ကြီးတွေဟာ သူတို့နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေကိုပဲ မင်းက ကျောင်းဘယ်နှကျောင်း၊ ဘတ်ဂျက်ဘယ်
လောက်၊ မင်းက အဆောက်အအုံဘယ်နှခု ဘတ်ဂျက်ဘယ်လောက်ဆိုပြီး ခွဲဝေပေးလိုက်ကြတာပါပဲ။ ဒီလိုဥပမာ အများကြီးရှိပါတယ်။ အခု ၀န်ကြီးချုပ် ဦးမြင့်ဆွေဟာ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ရင်းနှီးမြှုပ်နှံမှုပမာဏ အကြီးဆုံးလို့ ဆိုနိုင်တဲ့ မြို့သစ်ဖော်ထုတ်ရေးစီမံကိန်းကြီးကို အရင်ခေတ်ကအတိုင်း ထင်သလို လုပ်လိုက်တော့မှ ပြဿနာကြီးပြီး တိုင်းပြည်က ဂရုပြုမိတဲ့အဆင့် ရောက်သွားတာပါ။

ဒါကို စနစ်တကျမပြုပြင်ရင် နောက်ပိုင်းအဲလိုပြဿနာတွေ အများကြီးကြုံကြရပါဦးမယ်။ အကြောင်းကတော့ ဖွဲ့စည်းပုံ ပြင်ရေးကိစ္စမှာ ပြည်နယ်နဲ့ တိုင်းတွေရဲ့ လုပ်ပိုင်ခွင့်တိုးပေးရေး ကိစ္စကြီးကလည်း ပါနေလို့ပါ။ ပြည်နယ်နဲ့ တိုင်းတွေကို လုပ်ပိုင်ခွင့်ပိုပေးလိုက်ရင်၊ အဲဒီလုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး တိကျတဲ့ ဥပဒေပြဋ္ဌာန်း ချက်နဲ့ စည်းကမ်းသတ်မှတ်ချက်တွေ မရှိရင် အရင်စစ်အာဏာရှင်ခေတ်ကအတိုင်း ၀န်ကြီးချုပ်တွေ ထင်သလိုချယ်လှယ်လုပ်ကိုင်ကြပါဦးမယ်။ ဒါကိုစနစ်တကျ ပြန်သုံးသပ်ကာကွယ်ဖို့ ကြိုးစားရပါလိမ့်မယ်။

ဒီအတွက် စီမံကိန်းတွေဖော်ဆောင်တာနဲ့ပတ်သက်ပြီး ဘယ်လိုပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရ မယ်၊ဘယ်လိုတင်ဒါတွေ ခေါ်ယူရမယ်ဆိုတာ ဥပဒေတိတိကျကျ ပြဋ္ဌာန်းထားပေးဖို့ လိုပါတယ်။ အဲဒီဥပဒေ အပေါ်မှာမှ ငွေကြေးပမာဏ ဘယ်လောက်ဆိုရင် တင်ဒါကို ဘယ်ပုံစံခေါ်ယူရမယ်ဆိုတာမျိုး ဗဟိုအစိုးရ အဖွဲ့က တိကျတဲ့ နည်းဥပဒေတွေ ပြဋ္ဌာန်းပေးထားရပါမယ်။ အသေးစိတ်စည်းကမ်းချက်တွေ ချမှတ်ပေးထား ရပါမယ်။ အခုဖြစ်နေတဲ့ ပြဿနာမှာ ပြည်ထောင်စုအစိုးရက ပွင့်လင်းမြင်သာမှုရှိရမယ်၊ တင်ဒါတွေခေါ်ရင် ပွင့်ပွင့်လင်းလင်းလုပ်ရမယ် ပြောဆိုနေပေမယ့် ဒါဟာ သူတို့နဲ့ မဆိုင်ဘူးလို့ တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေ က ခံယူထားလို့ ဖြစ်ရတာပါ။

ဒါကြောင့်လည်း ၀န်ကြီးဌာနတချို့ကနေ ကျပ်ငွေ သိန်းဆယ်ဂဏန်းလောက်တောင် မရှိတဲ့ ၀ယ်ယူမှုတွေကို သတင်းစာတွေထဲကနေ ပွင့်ပွင့်လင်းလင်းတင်ဒါခေါ်ယူပြနေပေမယ့် တိုင်းနဲ့ ပြည်နယ်အစိုးရတွေရဲ့ ပမာဏကြီးမားတဲ့ လုပ်ငန်းကြီးတွေကိုတော့ ဘာတင်ဒါစနစ်၊ ဘာပွင့်လင်းမြင်သာမှုမှမရှိဘဲ ကိုယ့်လူနဲ့ကိုယ် စခန်းသွားနေကြတာ ဖြစ်ပါတယ်။ 

ဒါတွေ မပြုပြင်နိုင်ခဲ့ရင် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တွေရဲ့ လုပ်ရပ်ကြောင့် တိုင်းပြည် ထိခိုက် နစ်နာနေရဦးမှာ ဖြစ်တဲ့အပြင် ပြည်ထောင်စုအစိုးရလည်း အရှက်ခွဲခံနေရဦးမှာ ဖြစ်ပါတယ်။ အဂတိလိုက် စားမှုတွေကို မတားဆီးနိုင်မယ့်အပြင် ပြည်သူတွေကလည်း ဒီတိုင်းနဲ့ ပြည်နယ် အစိုးရတွေဆိုတာ အရင် အာဏာရှင်ခေတ်က ပုံစံအတိုင်း လုပ်နေကြတာပါပဲဆိုပြီး အဆိုးမြင်နေကြတာကိုလည်း ချေဖျက်နိုင်မှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။


Mizzima - News in Burmese

No comments:

Post a Comment

My Blog List