Monday, June 23, 2014

“ဘုန်းဘုန်းတို့က သာသနာတော်ညှိုးနွမ်းစေအောင် ဘာမှကိုလုပ်တာ မဟုတ်ဘူး။ သာသနာတော် ညှိုးနွမ်းအောင် လုပ်တဲ့သူက ပြောတဲ့လူ သူ့ကိုပဲ မေးကြည့်ပေါ့” လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် တွေ့ဆုံမေးမြန်းခြင်း



၂၀၁၄ ဇွန် ၁၀ ရက် ညပိုင်း၌ မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် ဆရာတော် ၂၁ ပါး အင်အားသုံး ဖယ်ရှားခံရသည်။ ဇွန် ၁၂ ရက်တွင်မူ ပီနန်ဆရာတော်တပည့် ဆရာတော်ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးအား ဆက်လက်ထိန်းသိမ်းထားပြီး ဇွန် ၁၃ ရက်တွင် လူဝတ်လဲစေ၍ အင်းစိန်ထောင်သို့ပို့၍ ဇွန် ၂၀ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ကာ အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ဆရာတော် ဦးဥတ္တရနှင့် အင်တာဗျူးအား ပြန်လည်ဖော်ပြအပ်ပါသည်။
“ဘုန်းဘုန်းတို့က သာသနာတော်ညှိုးနွမ်းစေအောင် ဘာမှကို လုပ်တာမဟုတ်ဘူး။ သာသနာတော် ညှိုးနွမ်းအောင် လုပ်တဲ့သူက ပြောတဲ့လူ သူ့ကိုပဲ မေးကြည့်ပေါ့”လန်ဒန်ဆရာတော် ဦးဥတ္တရနှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။ ။ အခုကိစ္စက ဘယ်သူ့ကြောင့်လို့ ဘုန်းဘုန်းတို့ ပြောကြားလိုပါသလဲ။
ဖြေ။ ။ အဲဒါကတော့ ဘုန်းဘုန်းတို့ထက် ဒကာတို့က ပိုသိမယ် ထင်ပါတယ်။ ဘယ်သူ့ကြောင့် ဒီလိုဖြစ်တာလဲ ဆိုတာကိုလေ။ အငြင်းပွားနေတယ် ဆိုတာကတော့ ဘယ်သူနဲ့ အငြင်းပွားနေတယ်ဆိုတာ မီဒီယာသမားတွေ သိတာပဲလေ။

မေး။ ။ဆရာတော်တို့ကို ဘယ်လိုမျိုး ခေါ်သွားခဲ့တာပါလဲ ဘုရား။
ဖြေ။ ။ ဆရာတော်တို့ကို မဟာသန္တိသုခကို လာတယ်။ လာတဲ့အခါမှာ သန္တိသုခမှာ နှစ်ဖွဲ့ရှိတယ်။ အငြင်းပွားနေတဲ့ နှစ်ဖွဲ့ရှိတယ်ပေါ့။ အဲဒီတော့ ဒါကို ချိပ်ပိတ်မယ်။ နှစ်ဖွဲ့လုံး ထွက်ပေး၊ ပြီးရင် ချိပ်ပိတ်၊ တရားနိုင်မယ့် ပုဂ္ဂိုလ်ကို ချိပ်ဖွင့်ပေးမယ်။ နိုင်ငံတော်သံဃမဟာနာယကရဲ့ သြ၀ါဒကို ခံဖို့အတွက် လိုက်ခဲ့ပါလို့ ခေါ်သွားပါတယ်။ အဲဒါပါပဲ။

မေး။ ။ လက်ရှိအမှုပုံစံကို ရှင်းပြပေးပါ။
ဖြေ။ ။ ဘုန်းကြီးတို့ကို ၂၇ ရက်နေ့မှာ ပြန်ပြီးတော့ ရုံးချိန်းပေါ့။ နှစ်မှုနဲ့ ဆွဲတာပေါ့။ တစ်မှုက အာမခံပေးလို့ ရတယ်။ တစ်မှုက အာမခံပေးလို့ မရဘူး။ သို့သော်လည်း ဘုန်းကြီးတို့ တရားလို လျှောက်လဲတဲ့အခါ အားလုံး တရားသူကြီးကော ဘာကောအားလုံးက သေဒဏ်ချမှတ်တဲ့ ပုဂ္ဂိုလ်တွေတောင်မှ အာမခံပေးလို့ ရတာပဲ။ ဘုန်းဘုန်းတို့က အဲလောက်ကြီး ဆိုးသွမ်းနေတာ မဟုတ်တဲ့ အတွက်ကြောင့် အာမခံပေးဖို့ သင့်တယ်ဆိုတာကြောင့် အာမခံပေးတာပါ။

မေး။ ။ အခု ဒီကျောင်းတိုက်က ပီနန်ဆရာတော် ပိုင်တယ်လို့ ထင်ပါလား ဘုရား။
ဖြေ။ ။ အဲဒါကတော့ အခု ချိပ်ပိတ်ထားတယ်ဆိုတော့ သူတို့ ပြောပါလိမ့်မယ်။ ဘုန်းဘုန်းတို့ကတော့ ဘယ်သူပိုင်တယ်၊ မပိုင်ဘူးဆိုတာ ပြောလည်းမပြောနိုင်ဘူး။ ဘုန်းဘုန်းတို့ ပြောပိုင်ခွင့်လည်း မရှိဘူး။ ပြောလို့လည်း မရဘူး။

မေး။ ။ ဘုန်းဘုန်းတို့ ဘယ်မှာဆက်ပြီး သီတင်းသုံးမှာပါလဲ။
ဖြေ။ ။ ဘုန်းဘုန်းတို့ကို အာမခံတာက ဒီသုံးထပ်ကျောင်း ဆရာတော်လည်း ဖြစ်တယ်။ ဒီကျောင်းမှာပဲ သီတင်းသုံးမှာပါ။ ဘုန်းကြီးက တရားရုံး ပြီးတယ်ဆိုရင်တော့ အင်္ဂလန်ပြန်မှာပါ။ ကျန်တဲ့သုံးပါးမှာ တစ်ပါးက ပရိယတ္တိ တက္ကသိုလ်ဖြစ်တော့ အဲဒီကိုပြန်မှာပါ။ နောက်တစ်ပါးက တောင်တန်းသာသနာပြု ဆရာတော်အနေနဲ့ လျှောက်ထားတာဆိုတော့ တကယ်လို့ သူသွားမိန့်ကျတယ်ဆိုရင် သွားရမှာပါ။

မေး။ ။ ဦးအံ့မောင်က ဆရာတော်တို့ကို စာနယ်ဇင်းရှင်းပွဲမှာ သာသနာတော် ညှိုးနွမ်းစေတယ် ပြောပါတယ် ဘုရား။ အဲဒါကကော။
ဖြေ ။ ။ ဘုန်းဘုန်းတို့က သာသနာတော် ညှိုးနွမ်းစေအောင် ဘာမှကို လုပ်တာမဟုတ်ဘူး။ သာသနာတော် ညှိုးနွမ်းအောင် လုပ်တဲ့သူက ပြောတဲ့လူ သူ့ကိုပဲ မေးကြည့်ပေါ့။ သာသနာကို အထင်သေးအောင်လည်း ဘုန်းကြီးတို့ ပြောဆိုတာ မရှိဘူးဆိုတော့ ပြောတဲ့ပုဂ္ဂိုလ်ကိုပဲ မေးကြည့်ရမှာပဲ။

မေး ။ ။ မဟနကကော ဆရာတော်တို့ကို ဘယ်လိုနေထိုင်ရမယ်လို့များ ပြောထားသေးလား ဘုရား။
ဖြေ။ ။ ဘာမှတော့ မရှိပါဘူး။ အခု အချိန်ထိ ဘယ်လိုနေထိုင်ရမယ်လို့ မပြောပါဘူး။

မေး။ ။ ပီနန်ဆရာတော်ဘုရားကကော ဘယ်လိုများ မိန့်ကြားထားသေးလဲ ဘုရား။
ဖြေ။ ။ ပီနန်ဆရာတော်ဘုရားနဲ့တော့ ဘုန်းကြီးတို့နဲ့ အဆက်အသွယ် မရသေးဘူး။ ပြီးတော့မှ ပီနန်ဆရာတော်ဘုရားကြီးနဲ့ ပြန်ဆက်သွယ်ပြီးတော့ သူ့ရဲ့ သြ၀ါဒကို ခံယူမှာပါ။

မေး။ ။ ဗြိတိန်သံရုံးကကော ဘယ်လိုဆောင်ရွက် ပေးမှာပါလဲ။
ဖြေ။ ။ ဘုန်းကြီးက ဗြိတိန်နိုင်ငံရဲ့ နိုင်ငံသား ဖြစ်နေတဲ့အတွက် သံရုံးကတော့ ဘုန်းကြီးကို responsibility အပြည့်ပဲ။ ဘာတွေ ကူညီလဲဆိုတော့ ဆေးဝါး၊ ငွေကြေးလိုရင် ငွေကြေး၊ နောက်ဆုံး တရားရင်ဆိုင်လို့ မမျှတရင် ရှေ့နေတွေဘာတွေ ဆောင်ရွက်ပေးမယ်။ သူ့နိုင်ငံသားကို ကာကွယ်ပေးတဲ့ ပုံစံပဲ။

မေး။ ။ အခုကိစ္စနဲ့ ပတ်သက်ပြီး မဟနအပေါ်ကို သုံးသပ်ပေးပါ။
ဖြေ။ ။ ပြောရမယ်ဆိုရင် ဘယ်သူက ဒါကိုအမိန့်ချပြီး လုပ်ခိုင်းသလဲ။ ဘယ်သူက ဘာလုပ်လဲ ဆိုတာကိုတော့ တာဝန်ရှိတဲ့သူတွေ တာဝန်ယူရမှာပေါ့။ မဟန ဆရာတော်က တာဝန်ရှိတယ်ဆိုလည်း သူက တာဝန်ယူ ဖြေရှင်းပေးရမှာပဲပေါ့။

မေး။ ။ ဒီမှာ သီတင်းသုံးစဉ်အတွင်း ဆရာတော်ဘုရားရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်ကကော ဘုရား။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာအတွက် ဆေးရုံတွေ၊ တရားဟော၊ ပြတဲ့ လုပ်ငန်းတွေလုပ်ဖို့ နိုင်ငံတော် သမ္မတနဲ့ သဘောတူညီချက် ရပြီးသား။ အဲဒါလုပ်ဖို့ ပြန်လာတာ။ လက်ရှိတော့ မလုပ်နိုင်သေးဘူး။ မလုပ်နိုင်သေးတော့ ကိုယ့်နေရာ ကိုယ်ပြန်သွားရမှာပေါ့။

မဟာသန္တိသုခ ကျောင်းတိုက်အား ညအချိန် ၀င်ရောက်ချိပ်ပိတ်၍ သံဃာတော်များအား ဖယ်ရှားခဲ့သည့် ဖြစ်စဉ်အကျဉ်း

မဟာသန္တိသုခကျောင်းတိုက်နှင့် ပတ်သက်ကာ ပီနန်ဆရာတော် ဦးပညာဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိသည်မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းမှ စတင်လာခဲ့သည်။ သာသနာရေး ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် the voice daily သတင်းစာပါ သန္တိသုခကျောင်းတိုက်အား ပီနန်ဆရာတော် ပြန်လည်ရရှိ သတင်းမှာ မမှန်ကန်ကြောင်း သတင်းစာရှင်းလင်းပွဲ စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် ပီနန်ဆရာတော်နှင့် တပည့်သံဃာများမှ ယင်းကျောင်းတိုက် ပိုင်ဆိုင်သူမှာ ပီနန်ဆရာတော်သာဖြစ်ကြောင်း၊ ဆရာတော်တွင် ပိုင်ဆိုင်မှု အထောက်အထားများ ရှိကြောင်း ဒီဇင်ဘာလ အတွင်းတွင် ပြန်လည်ရှင်းလင်းခဲ့သည်။ ထို့နောက် ယင်းကျောင်းတိုက်ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အငြင်းပွားမှုကို နိုင်ငံတော်သမ္မတမှ ကြားဝင်ဖြေရှင်းပေး ရန် ပီနန်ဆရာတော်က ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်၊ မတ် ၁၈ ရက်နှင့် ဧပြီ ၃၁ ရက်တို့တွင် မဟာသန္တိသုခကျောင်းတိုက်မှ ထွက်ခွာပေးရန် ညွှန်ကြားစာများ ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ညွှန်ကြားစာများ ထုတ်ပြန်ပြီး နောက်ပိုင်းတွင်လည်း ပီနန်ဆရာတော် အပါအ၀င် ဆရာတော်များမှ ထွက်ခွာပေးခြင်း မရှိဘဲ ဆက်လက် သီတင်းသုံး နေထိုင်ခဲ့သည်ဟု သာသနာရေးဦးစီးဌာနက ဆိုသည်။ ယင်းသို့ အချေအတင် ဖြစ်ပွားခဲ့ရာမှ ဇွန် ၁၀ ရက်တွင် ညသန်းခေါင်အချိန် ၀င်ရောက်ချိပ်ပိတ်ကာ သံဃာတော်များအား ဖယ်ရှားမှုကြောင့် အများပြည်သူများအကြား ဝေဖန်မှု အရှိန်မြင့်တက်လာခဲ့ပြီး စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်ခဲ့သည်။

ဇွန် ၁၀ ရက် ည ၁၀ နာရီခန့်

ပီနန်ဆရာတော် ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသော အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာ ၂၁ ပါးအား မဟာသန္တိသုခ ကျောင်းတိုက်နှင့် ပတ်သက်ကာ အစည်းအဝေး ရှိသည်ဟုဆိုကာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ ခေါ်ဆောင်သွားခဲ့သည်ဟု လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားခဲ့သည်။ ယင်းအနက်မှ သံဃာတော် ၁၆ ပါးအား ညတွင်းချင်း လွှတ်ပေးခဲ့ကာ ပီနန်ဆရာတော် တပည့်ရင်း သံဃာငါးပါးအား ကမ္ဘာအေးကုန်းမြေတွင် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ ကျောင်းတိုက်ကိုမူ မဟနက ချိပ်ပိတ်ခဲ့သည်။ ကျောင်းတိုက်နေ သံဃာတော်များအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ သံဃာတော် ၂၈၁ ပါး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက အင်အားသုံးကာ ကမ္ဘာအေးကုန်းမြေသို့ အဝေးပြေးယာဉ် ခြောက်စီးဖြင့် ခေါ်ဆောင်သွားခဲ့သည်။ 

ဇွန် ၁၁ ရက်

သာသနာရေး ဦးစီးဌာနမှ ၂၀၁၄ ဇွန် ၁၁ ရက်နေ့တွင် ယင်းကိစ္စနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းကျောင်းတိုက်နေ သံဃာတော်များမှာ ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် အင်အားသုံး ဖယ်ရှားခြင်းဖြစ်ကြောင်း၊ ညဘက်တွင် ၀င်ရောက်ဖယ်ရှားရခြင်းမှာ လူသူအများ ဆူပူအုံကြွစေမည် စိုးသောကြောင့် နေ့ဘက်တွင် မပြုလုပ်ခြင်းဖြစ်ကြောင်း ကျောင်းတိုက်ကိုမူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင်အဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ ရှင်းလင်းခဲ့သည်။ အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် သာသနာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးအံ့မောင်၏ မီဒီယာများအပေါ် ပြောစကားများ ရင့်သီးမှုကြောင့် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။

ဇွန် ၁၂ ရက်

မဟာသန္တိသုခ ကျောင်းတိုက်နေ သံဃာတော်များအား အင်အားသုံး ရှင်းလင်းရာတွင် ပါဝင်ခဲ့ရသော ယာဉ်လိုင်းများမှာ မည်သည့် အကြောင်းအရာကြောင့်ဟု ကြိုတင်မသိရဘဲ မထသ (ဗဟို) မှ ညွှန်ကြားမှုကြောင့်သာ လိုက်ပါပို့ဆောင်ရခြင်းဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ ဒုတိယဌာနမှူး ဦးမျိုးဝင်းက ရှင်းလင်းခဲ့သည်။ သံဃာတော်များအား လိုက်ပါပို့ဆောင်ပေးခဲ့ရသည့် ယဉ်လိုင်းများမှာ ရွှေစင်စကြာမှ လေးစီး၊ အောင်စစ်ခိုင်မှ တစ်စီး၊ တိုးရတနာမှ တစ်စီးတို့ ဖြစ်သည်။

ဇွန် ၁၃ ရက်

ကမ္ဘာအေးကုန်းမြေတွင် ထိန်းသိမ်းထားသည့် သံဃာငါးပါးကို တာမွေတရားရုံးတွင် သာသနာရေးဦးစီး ဌာနမှ တိုင်းသာသနာရေးမှူး ဦးစိန်မော်က တရားလိုပြုလုပ်ကာ ၂၀၊ ၉၀ ပုဒ်မ ၂၉၅(က) ဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းနေ့ ၁၂ နာရီခန့်တွင် အဓမ္မ လူဝတ်လဲစေကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ဇွန် ၁၄ ရက်

ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီးမှလည်း ယင်းဖြစ်ရပ်အပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြ သည်။ ၈၈ မျိုးဆက်မှလည်း အဆိုပါဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် လန်ဒန်ဆရာတော် ဦးဥတ္တရ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသည့် ဗုဒ္ဓရံသီ သာသနာပြု အသင်းမှလည်း အဆိုပါဖြစ်ရပ်အား ကန့်ကွက်ခဲ့သည်။

ဇွန် ၁၅ ရက်

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ကန့်ကွက်ကြောင်းနှင့် ဆရာတော်များအား ပြန်လည်လွှတ်ပေးရန်အတွက် မကွေးဆရာတော် ဦးပါမောက္ခမှ ဦးစီးကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် နေရာငှားရာတွင် ရွှေသံလွင် ပိုင် sky star ဟိုတယ် အပါအ၀င် ဘုန်းကြီးကျောင်းများသို့ ငှားရမ်းခဲ့ရာ အစပထမပိုင်းတွင် ငှားရမ်းခွင့်ပြု မည်ဟု သဘောတူခဲ့ပြီး နောက်ပိုင်းတွင် မဟာသန္တိသုခနှင့် ပတ်သက်သည့်ပွဲဟု ဆိုသောကြောင့် ပြန်လည်ငြင်းဆိုခဲ့သည်။

ဇွန် ၁၆ ရက်

ပီနန်ဆရာတော်ကြီး ဦးစီးသည့် လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ်ကလည်း ဖမ်းဆီးခံ သံဃာတော်များအား ပြန်လွှတ်ပေးရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းနေ့ ညပိုင်းတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပဉ္စမအစည်းအဝေးကို ဇူလိုင်လဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ကြေညာခဲ့သည်။

ဇွန် ၂၀ ရက်

အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည့် လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာငါးပါးအား နံနက် ၉ နာရီ ၁၅ မိနစ်တွင် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အပေါက်မှ စူပါကက်စတန်ယာဉ် နှစ်စီးဖြင့် တာမွေတရားရုံးသို့ ပင့်ဆောင်လာခဲ့သည်။ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တာမွေတရားရုံးသို့ ရောက်ရှိလာကာ ညနေငါးနာရီအထိ တရားခွင် စစ်ဆေးခဲ့ပြီး အာမခံဖြင့် သံဃာငါးပါးအား ပြန်လည်လွှတ်ပေးခဲ့သည်။ တာမွေတရားရုံးသို့ ရွှေည၀ါဆရာတော်၊ မကွေးဆရာတော် ဦးပါမောက္ခနှင့် ဆရာတော် ဦးဝီရသူ၊ ဓမ္မသုခ ပရိယတ္တိကျောင်းတိုက် ဆရာတော်၊ သာသနာ့ဇေယျ မင်္ဂလာကျောင်းတိုက် ဆရာတော်၊ စင်ကာပူကျောင်းတိုက် ဆရာတော်၊ ဓမ္မလင်္ကာရကျောင်းတိုက် ဆရာတော်၊ သာသနာ့မဏ္ဍိုင်ကျောင်းတိုက် ဆရာတော်၊ မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော်တို့ အပါ အ၀င် ရန်ကုန်တိုင်းဒေသကြီးရှိ ဘုန်းကြီးကျောင်းတိုက်များမှ သံဃာတော် အပါး ၅၀ ခန့်နှင့် ရုပ်ရှင်လောကသားများ လာရောက်ခဲ့ကြသော်လည်း မဟနမှ သံဃာတော်များ လာရောက်ခဲ့ကြခြင်း မရှိခဲ့ပေ။ ဆရာတော်များအား မဟာသန္တိသုခကျောင်း အနီးရှိ သုံးထပ်ကျောင်းတွင် ဇွဲကပင်တောင် ဆရာတော်က အမှူးပြုကာ လူဝတ်မှ ရဟန်းဝတ်သို့ ပြန်လည်သိက္ခာထပ်ခဲ့သည်။ ဇွန် ၂၀ ရက်တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသည့် သံဃာငါးပါးအား တာမွေတရားရုံးမှ ဇွန် ၂၇ ရက် နေ့လယ် ၁၂ နာရီသို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့သည်။ ဆရာတော်ငါးပါးစလုံးမှာ လက်ရှိတွင် တာမွေမြို့နယ် သုံးထပ်ကျောင်းတွင် သီတင်းသုံးလျက်ရှိပြီး လန်ဒန်ဆရာတော် ဦးဥတ္တရမှာ တရားအမှု ပြီးပြတ်ပါက လန်ဒန်သို့ ပြန်လည်ကြွရောက်မည်ဖြစ်ပြီး ကျန်သံဃာများမှာမူ မိမိတို့ သီတင်းသုံးရာ ကျောင်းတိုက်သို့ ပြန်လည်ကြွမြန်းမည်ဖြစ်ကြောင်း ဆရာတော်များက မိန့်ကြားခဲ့သည်။ အာမခံဖြင့် လွတ်မြောက်လာသည့် သံဃာတော်များမှာ ဦးဥတ္တရ (လန်ဒန်)၊ ဦးပညာစာရ၊ ဦးသုန္ဒရသိရီ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒတို့ ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment

My Blog List