Friday, June 27, 2014

ယူနတီဂျာနယ် ထုတ်ဝေမှု ယာယီရပ်ဆိုင်းမည်


နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့်ယူနတီ အပတ်စဉ်ထုတ်ဂျာနယ်၏ ထုတ်ဝေမှုကို ယာယီရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အဆိုပါ ဂျာနယ်မှ ရုံးအဖွဲ့မှူး ဦးအောင်ဝင်းထွန်းက ပြောကြားသည်။ 

အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦး တရားစွဲခံထားရသည့် အပြင် ရုံးအဖွဲ့တစ်ခုလုံး ဖိဖိစီးစီး အလုပ်မလုပ်နိုင်ခြင်း၊ ဂျာနယ် ထုတ်ဝေ မည့်ရက် နီးကပ်ချိန်အထိ ဝန်ထမ်းများကို ဖုန်းဆက်ခေါ်ရခြင်း စသည့် အခက်အခဲများကြောင့် ယာယီရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ယင်းဂျာနယ် ပြန်လည်ထုတ်ဝေမည့် အချိန်ကိုလည်း မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။“ကျွန်တော် ကိုယ်တိုင်လည်း ရုံးချိန်းရှိတော့ ခရီးက သွားနေရတယ်” ဟု ဦးအောင်ဝင်းထွန်းက ရှင်းပြသည်။

ယူနတီဂျာနယ်၏ အကျဉ်းကျခံ သတင်းထောက်များ၏ မိသားစုများမှာလည်း ဖမ်းဆီးခံရချိန်မှစ၍ ယခုအချိန် အထိ လုပ်ခလစာ အပြည့်အဝ မရရှိကြောင်း ပေါက်မြို့နယ် နယ်သတင်းထောက် ဦးလူမော်နိုင်၏ ဇနီးဖြစ် သူ ဒေါ်လွင်လွင်မြင့် က ပြောကြားသည်။ 

သတင်းထောက်များကို စတင်ဖမ်းဆီးစစ်ဆေးစဉ်က ယူနတီဂျာနယ်၏အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းက အမှုပြီးဆုံးမှ ထောက်ပံ့ကြေးနှင့် လစာများ ပေးမည်ဟုသာ ပြောကြားထားသော်လည်း အမှုစဖြစ်ချိန်မှ စ၍ ဦးလူမော်နိုင် ဖွင့်လှစ်ထားသည့် ကွန်ပျူတာ သင်တန်းကိုလည်း တက်ရောက်သူ မရှိတော့သည့်အတွက် ငွေ အကျပ်အတည်းများ ရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“အခုက သူ(ဦးလူမော်နိုင်) လွတ်မယ့်အချိန်ပဲ စောင့်နေရတယ်။ လက်ရှိမှာတော့ မိဘတွေက ထောက်ပံ့ ထားပါတယ်” ဟု ဒေါ်လွင်လွင်မြင့်က ပြောကြားသည်။ 

သတင်းထောက်များ၏ မိသားစုဝင်များကို အမှုပြီးဆုံးမှ လစာ၊ ထောက်ပံ့ကြေး ပေးမည်ဟု ပြောကြား ထားပြီး ဖြစ်ကြောင်း၊ အကြီးတန်းသတင်းထောက် ဦးရာဇာဦး၏ မိသားစုမှာမူ လက်မခံသဖြင့် တစ်လကျပ်တစ်သိန်း ထောက် ပံ့ကြေး ပေးထားကြောင်း ယူနတီဂျာနယ် ရုံးအဖွဲ့မှူး ဦးအောင်ဝင်းထွန်းက ပြောကြားသည်။ “ကျွန်တော်တို့လည်း နားလည်ပါတယ်။ အမှုပြီးရင် ပေးမှာပါ” ဟု ၎င်းက ပြောကြားသည်။

ဖမ်းဆီးခံ သတင်းထောက်များ လစာမရရှိသည့် ကိစ္စတွင် လူမှုရေးအရ ကြည့် လျှင်မူ လစာငွေ ပေးသင့်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောကြားသည်။

ယူနတီဂျာနယ် အတွဲ (၃)၊ အမှတ် (၄) တွင် ရေးသားခဲ့သည့် “ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာ/ချုပ်တို့၏ ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုစက်ရုံ” သတင်းဆောင်းပါးမှာ နိုင်ငံတော် လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကျော်ဖြတ် ဓာတ်ပုံရိုက်ခြင်းကြောင့်ဟု ဆိုကာ သက်ဆိုင်ရာဌာနက တရားလိုပြုလုပ် တိုင်ကြားသဖြင့် မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၄ (၁) (က) ၉ ဖြင့် အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဆောင်းပါးကို ဖော်ပြမှုဖြင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ အကြီးတန်း သတင်းထောက် ဦးပိုင်သက်ကျော်၊ အကြီးတန်းသတင်းထောက် ဦးရာဇာဦး၊ အငယ်တန်းသတင်းထောက် ဦးစည်သူစိုးနှင့် ပေါက်မြို့နယ် သတင်းထောက် ဦးလူမော်နိုင်တို့ ပခုက္ကူ အကျဉ်းထောင်တွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်း၌ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။

ယူနတီဂျာနယ်အမှုကို စစ်ဆေးခဲ့ရာတွင် တရားလိုဘက်မှ တင်သွင်းသည့် တရားလိုပြ သက်သေ လူပုဂ္ဂိုလ် ၃၂ ဦးကို စစ်ဆေးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံရသူများကိုလည်း စစ်ဆေးခဲ့သည်။ တရားခံပြ သက်သေအဖြစ် ပေါက်မြို့နယ် ဒေသခံများ အပါအဝင် လူပုဂ္ဂိုလ် ရှစ်ဦးခန့်ကို စစ်ဆေးခဲ့ပြီး ဖြစ်ကာ နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်ပေးရန် ဇွန်လ ၃၀ ရက်နေ့ကို ချိန်းဆိုထားသည်။ ယူနတီဂျာနယ်ကို ၂၀၁၂ ခုနှစ်က စတင်ထုတ်ဝေခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List