Wednesday, June 25, 2014

ရန်ကုန်-မန္တလေးလမ်းဟောင်းအား လမ်းတိုးချဲ့လုပ်ကိုင်ခွင့်ရရှိထားသည့် ရွှေသံလွင်ကုမ္ပဏီ၊ အေးရှားဝေါလ်ကုမ္ပဏီအပါအ၀င် ကုမ္ပဏီခုနစ်ခုကို သတ်မှတ်ချိန်အတွင်း လုပ်ငန်းများမပြီးစီးပါက ငွေဒဏ်ချမှတ်အရေးယူမည်


ရန်ကုန်-မန္တလေးလမ်းဟောင်းအား လမ်းတိုးချဲ့လုပ်ကိုင်ခွင့်ရရှိထားသည့် ရွှေသံလွင်ကုမ္ပဏီ၊ အေးရှားဝေါလ်ကုမ္ပဏီအပါအ၀င် ကုမ္ပဏီခုနစ်ခုကို သတ်မှတ်ချိန်အတွင်း လုပ်ငန်းများမပြီးစီးပါက ငွေဒဏ်ဖြင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးစိုးတင့်က ပြောကြားသည်။
    

ဦးစိုးတင့်က နေပြည်တော်တွင် ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
    
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက "ရန်ကုန်-မန္တလေးလမ်းမကြီး (လမ်းဟောင်း)ကို အဝေးပြေး လမ်းသစ်ကြီးကဲ့သို့ ၄၈ ပေ အကျယ်ဖောက်လုပ်ရန် BOT ယူထားသည့် ကုမ္ပဏီများအား သတ်မှတ် ကာလအတွင်း မပြီးစီးပါက မည်ကဲ့သို့အရေးယူမည်" ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
    
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးစိုးတင့်က "ရန်ကုန်-ပဲခူး-မိတ္ထီလာ -မန္တလေးလမ်းဟောင်းအား ပြည်သူများအသက်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် နောက်ထပ် ၂၄ ပေလမ်းကို အမြန်ဆုံး တိုးချဲ့ပေးရန်နဲ့ပတ်သက်ပြီး BOT စနစ်နဲ့ဆောင်ရွက် ခွင့်ပြုထားတဲ့ကုမ္ပဏီများကို လုပ်ငန်းစီမံချက်များနဲ့အညီ စံချိန်စံညွှန်းပြည့်မီစွာနဲ့ အချိန်မီပြီးစီးရေးအတွက် တွန်းအားပေးကြပ်မတ်လျက်ရှိပြီးတော့ အချိန်မီမပြီးစီးပါက လုပ်ငန်းပမာဏကို တွက်ချက်ပြီးတော့ ငွေများ ပြစ်ဒဏ်အဖြစ် ဒဏ်ဆောင်ပေးရမှာဖြစ်ပါကြောင်း" ဟု ပြန်လည်ဖြေကြားသည်။
    
ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းကို မက်စ်မြန်မာ၊ ရွှေသံလွင်၊ ဟိုက်စတား၊ ကမ္ဘောဇ၊ အေးရှားဝေါလ်၊ ယုဇနနှင့်သော်တာဝင်းကုမ္ပဏီတို့အား BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားပြီး ၄၈ ပေ အကျယ် ကတ္တရာလမ်း တိုးချဲ့ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကာ လက်ရှိတွင် ကုမ္ပဏီများမှ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဒုတိယ၀န်ကြီးဦးစိုးတင့်က ပြောကြားသည်။
    
"ယခင်ကတည်းက ပြည်သူများ ကျပ်တည်းစွာသွားလာနေရသဖြင့် အန္တရာယ်များစွာရှိနေပါတယ်။ ယခင်က BOT ယူထားသည့် ကုမ္ပဏီများအား ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမသစ်ကြီးကဲ့သို့ အသွားလမ်း၊ အပြန်လမ်း၊ ၀ဲယာတစ်ဖက်စီ ၂၄ ပေစီ၊ ပေါင်း ၄၈ ပေ ဖောက်ပေးရန် ညွှန်ကြားထားသည်သိရသော်လည်း ယနေ့တိုင်မည်သည့် ကုမ္ပဏီမှဖောက်လုပ်သည်ကို မတွေ့ရပါ" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ပြောကြားသည်။
    
ရန်ကုန်-မန္တလေးလမ်းဟောင်းကို ၄၈ ပေအကျယ် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုတွင် ရွှေသံလွင်ကုမ္ပဏီမှ ဆောင်ရွက်သည့် ပဲခူး-ညောင်လေးပင် အပိုင်း ၄၈ မိုင်ကို ၄၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် တံတားရေပြွန်များ တိုးချဲ့ခြင်းလုပ်ငန်းကို ငါးနှစ်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးဦးစိုးတင့်က ထည့်သွင်းပြောကြားသည်။
    
ဇေယျဝတီ-ရေတာရှည်အပိုင်း ၄၈ မိုင် ကို ၄၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် တံတားရေပြွန်များ တိုးချဲ့ခြင်းလုပ်ငန်းများကို ကမ္ဘောဇကုမ္ပဏီမှ ငါးနှစ်စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ရေတာရှည်- ပျဉ်းမနား-ရမည်းသင်းအပိုင်း ၈၅ မိုင် ၂ ဖာလုံကို အေးရှားဝေါလ်ကုမ္ပဏီမှ ငါးနှစ်စီမံချက်ဖြင့် ဆောင် ရွက်နေကြောင်း ၎င်းကထပ်မံပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List