Tuesday, June 24, 2014

အေးရှားဝေါ်လ် ဦးထွန်းမြင့်နိုင် နိုင်ငံကိုယ်စားပြု စီးပွားရေး လုပ်ငန်းရှင် ဖြစ်နေပြီလား


မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်လာပြီးနောက်ပိုင်း အနောက်နိုင်ငံများသို့ သွားရောက်သူများ၌ ပြည်ဝင်ခွင့် ဗီဇာနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ပုဂ္ဂိုလ်များလည်း ပါဝင်နေသည်။ မကြာသေးခင်က ကနေဒါနိုင်ငံသို့ သွားရောက်ရန် အတွက် မြန်မာနိုင်ငံမှ အကြီးဆုံး စီးပွားရေး အင်ပါယာ တခုဖြစ်သော အေးရှားဝေါ်လ် ကုမ္ပဏီ အကြီးအကဲ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် နှင့် ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံးမှ မစိုင်းဇင်(Seng Zin) တို့ ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

ကနေဒါ အစိုးရက လူ့အခွင့်အရေး လှုပ်ရှားသူ မစိုင်းဇင် ကို ငြင်းပယ်လိုက်ပြီး ဦးထွန်းမြင့်နိုင် ကို ရွေးချယ်ခဲ့သည်။

မစိုင်းဇင်သည် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် အမျိုးသမီးများ စုဖွဲ့ထားသော Nobel Woman Initiative က ကြီးမှူးကျင်းပသည့် စွမ်း ရည် မြှင့်တင်ရေး သင်တန်း တက်ရောက်ရန် ကနေဒါ နိုင်ငံ ဗီဇာ လျှောက်ထားခဲ့ရာ ငြင်းပယ်ခံခဲ့ရခြင်း ဖြစ်သည်။

ဦးထွန်းမြင့်နိုင်ကမူ ဗီဇာ ခွင့်ပြုချက်ရ၍ ကနေဒါနိုင်ငံ၌ မကြာသေးခင်က ကျင်းပသော ကနေဒါ-အာဆီယံ ကုန်သွယ်ရေး ဆိုင်ရာ အစည်းအဝေး တခုကို တက်ရောက်ခွင့် ရရှိခဲ့သည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်သော မြန်မာ ကိုယ်စား လှယ် အဖွဲ့တွင် ဦးထွန်းမြင့်နိုင်က တဦးအပါအ၀င် အဖြစ် တက်ရောက်ခြင်း ဖြစ်သည်။

အာဆီယံ ၁၀ နိုင်ငံမှ စီးပွားရေး ၀န်ကြီးများနှင့် ကိုယ်စားလှယ်များသည် ဇွန်လ ၂ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် ကျင်းပသည့် ကုန်သွယ်ရေး ဆိုင်ရာအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ထိုမှတဆင့် တိုရန်တို မြို့တွင် ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကနေဒါသို့ ရောက်ရှိသော မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင် ဦးထွန်းမြင့်နိုင် အပါအ၀င် မြန်မာစီးပွားရေး လုပ်ငန်းရှင် ၄ ဦး ပါဝင် ကြောင်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးဌာက ဧရာဝတီသို့ အီးမေးလ်ဖြင့် အကြောင်းပြန် ပြောကြားသည်။

ဦးထွန်းမြင့်နိုင်ကို ရတနာ တောင်တန်း ကျောက်မျက်ရတနာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ Lo Ping Zhong ဟု သူ၏ တရုတ် အမည်ဖြင့်သာ စာရင်းတွင် ဖော်ပြထားသည်။

အေးရှားဝေါ်လ် ကုမ္ပဏီအကြီးအကဲနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှ ကိုယ်စားလှယ် ၃ ဦးပါဝင်သည့် မြန်မာစီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် တိုရန်တို တွင် အစည်းအဝေးများစွာ တက်ရောက် ခဲ့ရာ အလားအလာ အလွန်ကောင်းကြောင်း ကနေဒါ နိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် အဖြစ် မြန်မာ အစိုးရက မကြာသေးခင်က ခန့်အပ်ခြင်းခံရသည့် Mr. Bryon Wilfert က ဧရာဝတီကို ပြောသည်။ သူသည် ယခင် ကနေဒါ လက်ထောက် ဝန်ကြီး တဦးလည်း ဖြစ်သည်။

“မစ္စတာ Lo Ping Zhong လည်း ရှိပါတယ်။ ဒီ့အပြင် အေးဝင်း၊ ဇော်မင်းဝင်းနဲ့ ဝင်းအောင်တို့လည်း ပါတယ်”ဟု တိုရန်တို နယ် မြေ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးလည်း ဖြစ်သည့် ကောင်စစ်ဝန် Mr. Bryon Wilfert က ဆိုသည်။ အဆိုပါ ကိုယ် စားလှယ် အဖွဲ့တွင် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် လည်း ပါဝင်သည်။

ဆက်လက်ပြီး Mr. Bryon Wilfert က ကနေဒါနိုင်ငံတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ရှိနေစဉ်ကာလက ကနေဒါနိုင်ငံ ၏ နိုင်ငံ တကာ ကုန်သွယ်ရေးဝန်ကြီး Mr. Ed Fast နှင့်လည်း တွေ့ဆုံခဲ့ပြီး ယခုခရီးစဉ်သည် မြန်မာနှင့် ကနေဒါ ၂ နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ကြီးမားသည့် အခွင့်အရေးဖြစ်ကြောင်းလည်း ပြောသည်။

ဦးထွန်းမြင့်နိုင်ကို ဇွန်လ ၅ ရက်နေ့က ကျင်းပသည့် အာဆီယံ စီးပွားရေး ၀န်ကြီးများနှင့် တိုရန်တိုမြို့ရှိ ရွိုင်ရယ်ယော့ခ် ဟို တယ်၌ တက်ရောက်နေသည့် ဓာတ်ပုံတွင်လည်း တွေ့ရှိရပြီး အဆိုပါဆွေးနွေးပွဲကို အာရှပစိဖိတ် ဖောင်ဒေးရှင်းနှင့် အာဆီယံ ကနေဒါ အဖွဲ့တို့ ပူးပေါင်း တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ကနေဒါ ကုန်သွယ်ရေး ၀န်ကြီး က အမှာစကား ပြောကြားသည်။

ကနေဒါနိုင်ငံတွင် အကြီးဆုံး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တခုဖြစ်သည့် ဗြိတိသျှ ကိုလံဘီယာ အစိုးရ၏ နိုင်ငံတကာ ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူကလည်း မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဝန်ကြီးချုပ် Ms. Christy Clark နှင့် ဝန်ကြီး တဦးကလည်း လက်ခံတွေ့ဆုံခဲ့ကြောင်း ဧရာဝတီက မေးမြန်းမှုကို အီးမေးလ်ဖြင့် ပြန်လည်ဖြေကြားသည်။

ထို့သို့တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ UMFCCI မှ တာဝန်ရှိသူ ၃ ဦးနှင့် အတူ ရတနာ ကုမ္ပဏီ တခု၏ မန်နေဂျင်း ဒါရိုက်တာ တဦး တို့ဖြစ်သည်ဟုသာ ဗြိတိသျှ ကိုလံဘီယာ အစိုးရ ပြောခွင့်ရသူက ဖြေကြားသည်။

“ဝန်ကြီးချုပ် Clark နဲ့ နိုင်ငံတကာ ကုန်သွယ်ရေး ဝန်ကြီး Teresa Wat က ဗြိတိသျှ ကိုလံဘီယာနဲ့ အာဆီယံ နိုင်ငံတွေ အတွက် အပြန်အလှန် ရင်းနှီးမြှုပ်နှံရေး အခွင့်အရေးတခုကို ဒီအစည်းအဝေးမှာ ပြသခဲ့ပါတယ်”ဟု သူက ဆိုသည်။

အဆိုပါကိစ္စများ အသေးစိတ်သိရှိနိုင်ရန် ရန်ကုန်မြို့ရှိ အေးရှားဝေါလ် ကုမ္ပဏီသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

ဦးထွန်းမြင့်နိုင်သည် ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလွန်နီးစပ်သူဖြစ်၍ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုအရ နာမည်ပျက်စာရင်းတွင် ပါဝင်သောကြောင့် ပြည်ဝင်ခွင့် ဗီဇာ ကန့်သတ် ခံထားရသူ ဖြစ်သည်။

ထို့သို့သော ဦးထွန်းမြင့်နိုင်ကို ဗီဇာ ထုတ်ပေးလိုက်ခြင်းအတွက် ကနေဒါနိုင်ငံကို ဝေဖန်မှုများစွာလည်း ရှိခဲ့သည်။မစိုင်းဇင်ကလည်း“ဒီလို လူမျိုးကိုကျတော့
 ပြည်ဝင်ခွင့်ဗီဇာ ပေး လိုက်တယ်ဆိုတာ သူတို့အစိုးရအနေနဲ့ ပြန်စဉ်းစား သုံးသပ် သင့်ပြီ၊ တကယ်တော့ နိုင်ငံတကာက(Black List ) နာမည်ပျက် စာရင်းသွင်းခံထားရသူကို ပေးပြီး ကနေဒါ နိုင်ငံကပြောနေတဲ့ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေး လေးစားတယ်ပြောပြီး ကျမ တို့လို လူ့အခွင့်အရေး လှုပ်ရှားသူကိုကျတော့ ငြင်းတယ်ဆိုတော့ ဒါ မဖြစ်သင့်ဘူးပေါ့နော်”ဟု ဝေဖန် ပြောဆိုသည်။

ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံက လူ့ အခွင့်အရေး တက်ကြွ လှုပ်ရှားသူများ နှင့် ဒီမိုကရေစီအရေး ဆောင်ရွက်သူ တချို့ကို ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်မှုများလည်း ရှိခဲ့ဖူးသည်။

ကနေဒါတွင်ကျင်းပသည့် အစည်းအဝေးများတက်ရောက်ရန် ဗီဇာ လျှောက်ထားခဲ့ကြသော ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသူ ဒေါက်တာ စင်သီယာမောင် အပါအ၀င် တချို့သော မြန်မာ့အရေး ဆောင်ရွက် သူများလည်း ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံခဲ့ရဖူးသည်။

ဦးထွန်းမြင့်နိုင်နှင့် ၄င်း၏ ဖခင်ဖြစ်သူ လော်စစ်ဟန်တို့သည် မူးယစ်ကုန်သွယ်မှုများနှင့်ပတ်သက်၍ ကျယ်ပြန့်စွာ ပါဝင် ပတ် သက်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန် ဘဏ္ဍာရေးဋ္ဌာနမှ နိုင်ငံရပ်ခြားမှ ပိုင်ဆိုင်မှုပစ္စည်းနှင့် ငွေကြေးများ ထိန်းချုပ် သည့်ဌာန(OFAC) တွင် ၂ဝဝ၈ အစောပိုင်း ကတည်းက နာမည်ပျက်စာရင်း သွင်းခံထားရသည်။

၁၉၇၀ ခုနှစ်များကတည်းက ဘိန်းဘုရင်အဖြစ် ကျော်ကြားသူ လော်စစ်ဟန်သည် နိုင်ငံတကာသိ မူးယစ်ရာဇာ တဦးလည်းဖြစ်ပြီး သားဖြစ်သူ ဦးထွန်းမြင့်နိုင်သည်လည်း ဖခင်၏ မူးယစ်အင်ပါယာတွင် ၁၉၉၀ ပြည့်နှစ်လွန်ကာလက ပါဝင်ခဲ့သည်။ ထိုအချိန် မှ စတင်၍ မြန်မာနိုင်ငံတွင် အချမ်းသာဆုံးသူ တဦးဖြစ်လာသည်ဟု အမေရိကန်က ထုတ်ပြန်သည့် ကြေညာချက် တခုတွင် ဖော်ပြ ထားသည်။

စင်္ကာပူနိုင်ငံသူ Ms. Cecila Ng နှင့် ဦးထွန်းမြင့်နိုင်က အိမ်ထောင်ကျခဲ့ပြီး ၄င်းတို့ ၂ ဦးလုံးကို အမေရိကန်၏ စီးပွားရေး ဒဏ် ခတ် ပိတ်ပင်မှု နာမည်ပျက်စာရင်းတွင် ထည့်သွင်းထားသည်။

ဝီကီလိခ်တွင် ဖော်ပြထားသော ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်အမေရိကန်သံရုံး ပေးပို့ချက် သတင်း များထဲတွင် စတီဗင် လောနှင့် သူ့မိသားစုသည် မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် အနီးကပ်ဆက်ဆံမှု၊ ရင်းနှီးမှုများဖြင့် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြ ထားသည်။

ထို့အပြင် ၁၉၉၀ ကျော်ကာလတွင် ဦးထွန်းမြင့်နိုင်၏ ဖခင်ဖြစ်သူ လော်စစ်ဟန်သည် နဝတ စစ်အစိုးရ အတွင်းရေးမှူး ၁ ဗိုလ်ချုပ် ခင်ညွန့် နှင့် အလွန်ရင်းနှီးသူဖြစ်ပြီး ထိုရင်းနှီးမှုနှင့် အေးရှားဝေါလ် ကုမ္ပဏီ လုပ်ငန်းစုကြီးကို တည်ထောင်ကာ မူးယစ် ဆေး ဝါးမှ ရသည့် ငွေမည်းများကို ငွေဖြူအဖြစ် ငွေကြေး ခ၀ါချခွင့် ရခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံး သတင်းပို့ချက်ကို ဝီကီလိခ်က ဆက်လက်ဖော်ပြရာတွင် ရန်ကုန်အခြေစိုက် မူးယစ်တိုက်ဖျက်ရေး(DEA)၏ သတင်းအချက်အလက်အရ ဗိုလ်ချုပ်ခင်ညွှန့်က လော်စစ်ဟန်ကို အပစ် အခတ်ရပ်စဲရေးကိစ္စတခုတွင် ပွဲစားလုပ် ကူညီပေးခဲ့သည့်အတွက် ဘိန်းဖြူထုတ်လုပ်ခွင့်၊ ကုန်သွယ်ခွင့်ကို ပေးခဲ့သည်ဟု ဆိုထားသည်။

၂ဝဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ခင်ညွှန့် ရာထူးက ဖယ်ရှားခံခဲ့ရသော်လည်း ထိုစဉ်က အာဏာအရှိဆုံး ဗိုလ်ချုပ်မှူးကြီးသန်း ရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့နှင့် ဦးထွန်းမြင့်နိုင်သည် ဆက်ဆံရေး အလွန်ကောင်းခဲ့ပြီး ဗိုလ်ချုပ်မောင်အေး ခရီးစဉ်များတွင် လည်း အတူ လိုက်ပါလေ့ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံခရီးစဉ်တွင်လည်း အတူ လိုက်ပါခဲ့ပြီး နေပြည်တော် ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်ကိုလည်း တာဝန်ယူ ဆောက်လုပ်ပေးခဲ့သည်ဟု ဝီကီလိခ် ဆိုသည်။

စစ်ခေါင်းဆောင်များနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိသည့်အတွက် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီ သည် ဦးဝင်းအောင် ၏ ဒဂုံ အင်တာနေရှင်နယ် ကုမ္ပဏီနှင့်အတူ ယခု သေမင်းတမန်လမ်းဟု နာမည်ကြီးနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဖောက်လုပ်ရန် ကန်ထရိုက် ရခဲ့ခြင်းဖြစ် သည်ဟုလည်း ဝီကီလိခ်၌ ပါရှိသည်။

၁၉၉၆ ခုနှစ်က အမေရိကန်သို့ ပြန်လည် ဝင်ရောက်ရန် ကြိုးစားခဲ့သည့် ဦးထွန်းမြင့်နိုင်သည် ပထမဆုံး ဗီဇာ ငြင်းပယ်ခံခဲ့ရ သည်။ ယခုအထိလည်း အမေရိကန်က ၄င်းကို ဗီဇာ ပိတ်ပင်ထားသည်။

သို့သော် ၂ဝ၁၁ ခုနှစ် မေလက သွားရောက်သော သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် ဦးထွန်းမြင့်နိုင် အတူလိုက်ပါသွားခွင့် ရရှိခဲ့ပြီး တရုတ်အစိုးရ အသိုင်းအ၀ိုင်းကြားတွင် ပေါက်ပေါက် ရောက်ရောက် ရှိသူဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List