Wednesday, June 25, 2014

ကိုရီးယားစစ်ပွဲ စတင်ခြင်း ၆၄ နှစ်ပြည့်အခမ်းအနား ကျင်းပ


ကိုရီးယားစစ်ပွဲ စတင်ခဲ့ခြင်း ၆၄ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို တောင်ကိုရီးယားနိုင်ငံမှာ ဇွန် ၂၅ ရက် ဒီနေ့မှာ ကျင်းပပါတယ်။ ၁၉၅၀ ခုနှစ် ဇွန် ၂၅ ရက်နေ့မှာ ကွန်မြူနစ် မြောက်ကိုရီးယားတပ်တွေက နှစ်နိုင်ငံ နယ်ခြားမျဉ်း ၃၈ မျဥ်းပြိုင်ကို ကျော်ပြီး ရုတ်တရုတ် တောင်ကိုရီးယားကို ၀င်ရောက် တိုက်ခိုက်ရာ ကနေ ၃ နှစ်ကြာ ကိုရီးယားစစ်ပွဲ စတင်ခဲ့တာ ဖြစ်ပါ တယ်။

အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်တွေဟာ တရုတ်နဲ့ ဆိုဗီယက်က ကျောထောက်နောက်ခံပေး ထားတဲ့ မြောက်ကိုရီးယားတပ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်သားနဲ့ အရပ်သား ၃ သန်း သေဆုံးခဲပြီး ပြည်သူ ၅ သန်းလောက် ဒုက္ခသည် ဘ၀ရောက်ခဲ့ရပါတယ်။

၁၉၅၃ ခုနှစ်မှာ စစ်ပွဲ အဆုံးသတ်သွားပေမယ့် စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆို ခဲ့တာ မရှိတဲ့အတွက် ကိုရီးယား စစ်ပွဲ လုံးဝပြီးဆုံးသွားတယ်လို့ မဆိုနိုင်သေးပါဘူး။

ဆိုးလ်မြို့မှာ ကျင်းပတဲ့ ကိုရီးယားစစ်ပွဲ အောက်မေ့ဖွယ် အခမ်းအနားကို အစိုးရအရာရှိတွေ၊ ပြည်သူတွေနဲ့ စစ်ပြန်တွေ ၄၅၀၀ လောက် တက်ရောက် ပါတယ်။

တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်ဝန်းက မြောက်ကိုရီးယားအနေနဲ့ နျူးကလီး ယား ရည်မှန်းချက်ကို စွန့်လွှတ်ဖို့ တိုက်တွန်းလိုက်ပါတယ်၊

နျူးကလီးယား အစီအစဉ်ကို စွန့်လွှတ်ပြီး တာဝန်သိတဲ့ နိုင်ငံတကာအဖွဲ့ဝင် နိုင်ငံအဖြစ် ကိုရီးယား နှစ်နိုင်ငံ စလုံး လက်တွဲပြီး ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

အခမ်အနားမှာ ကိုရီးယားစစ်ပွဲမှာ တိုက်ခိုက်ခဲ့ကြတဲ့ အမေရိကန်စစ်ပြန် ၁၃၀ လည်း တက်ရောက်ပါတယ်။

စစ်ကြီး ပြီးသွားတဲ့နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အံ့သြရသလို တဖက် တလမ်းက အုတ်တချပ်သဲတပွင့် အကူအညီပေးခဲ့ရလို့ ကျေနပ်ရတယ်လို့ အမေရိကန်စစ်ပြန် ၀ီလီယံ ပီယာဆွန်က ပြောပါတယ်။

စစ်ကြီးပြီးခဲ့တာ ၆၄ နှစ်ရှိပြီ ဆိုပေမယ့် ကိုရီးယားနှစ်နိုင်ငံဟာ စစ်ကင်းမဲ့ဇုန်ရဲ့ တဖက်တဖက် တပ်အင်အား ၁ သန်းလောက်အထိ ချထားပါတယ်၊

ဆင်းရဲတဲ့ စတာလင်ဝါဒီ မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားကို တိုက်ခိုက် မယ်လို့ ပုံမှန်လိုလို ခြိမ်းခြောက်နေတုန်းပါပဲ။

DVB

No comments:

Post a Comment

My Blog List