Tuesday, June 24, 2014

ပည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့သည့် ကိုထင်ကျော်အား တောင်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ ချမှတ်


ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ၂၀၁၄ ခုနှစ် မေ ၅ ရက်တွင် တောင်ဥက္ကလာပမြို့နယ်၌ ဆန္ဒပြကာလက် ကမ်းစာစောင်ဖြန့်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ ကိုထင်ကျော်အား ဇွန်၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။

"ပြည်သူလူထုပေါ်မှာ အကျိုးမပြုတဲ့၊  စာနာစိတ်မရှိတဲ့ ဘယ်အစိုးရကိုမှ ကျွန်တော်တို့မထောက်ခံပါဘူး။ မြန်မာနိုင်ငံ တရားစီရင်ရေးက ပျက်စီးနေတယ်လို့ထင်တယ်။ အဲဒီတရားစီရင်ရေးကို နောက်ကွယ်က သက်ဆိုင်ရာအစိုးရအဖွဲ့ကပဲ ထိန်းချုပ်ထားတဲ့ ပုံစံဖြစ်နေတယ်။ ပြီးတော့ ကျွန်တော့်ကိုတရားစွဲထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို တရားရုံးက သက်သေအထောက်အထားမပြနိုင်ပါဘူး။ ကျွန်တော် တို့ဖြန့်ဝေတဲ့ စာတွေ၊ ကြွေးကြော်မှုတွေဟာ အမှန်တကယ် ပြည်သူတွေလိုအပ်နေတဲ့ အရာတွေပါ" ဟု ထောင်ဒဏ်ခြောက်လ ချမှတ်ခံရပြီးနောက် တောင်ဥက္ကလာပတရားရုံးမှ ပြန်ထွက်လာစဉ် ကိုထင်ကျော် ကဆိုသည်။

ဆန္ဒပြခဲ့သည့်ဖြစ်စဉ်မှာ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ကိုထင်ကျော်ဦးဆောင်ပြီးဒီမိုကရေစီရေးစဉ်ဆက် မပြတ်လှုပ်ရှားမှု အင်အားစုမှ တောင်ဥက္ကလာပမြို့နယ်၌ ပြည်ထောင်စုအစိုးရအဖွဲ့အား အယုံအကြည် မရှိကြောင်းနှင့် ပြည်သူသည်သာ သခင်ဖြစ်ကြောင်း ၁၁  ကြိမ်မြောက် စာရွက်များဖြန့်ဝေဟောပြောဆန္ဒပြ
ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဆန္ဒပြနေစဉ်မှာပင် ရဲတပ်ဖွဲ့ဝင်များဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ကိုထင်ကျော်အား တောင်ဥက္ကလာပမြို့မရဲစခန်းက ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ကာ ယင်းနေ့ မွန်းလွဲပိုင်းမှာပင် မြို့နယ်တရားရုံး၌ရုံးချိန်းယူပြီး အင်းစိန်ထောင်သို့ ပို့ခဲ့ကြောင်း သိရသည်။

အင်းစိန်ထောင်တွင် ထိန်းသိမ်းထားပြီးနောက် ကိုထင်ကျော်အား မေလမှ စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ရုံးချိန်း ခုနစ်ကြိမ်မောက်ချိန်းဆိုစစ်ဆေးကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ပင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်း မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံအရှေ့ မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင်လည်း ဆန္ဒပြခဲ့ပြီးဖြစ် ကြောင်းနှင့် တောင်ဥက္ကလာပမြို့နယ်မှဖြစ်စဉ်အတွက် ပထမဆုံး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်းကလည်း တပ်ပိုင်မြေအတွင်း ကျူးကျော်သည်ဟုဆိုကာ သမီးကလေးကျေးရွာကို သက်ဆိုင်ရာက အကြမ်းဖက်ဖယ်ရှားခံရမှုအား ဆန္ဒပြခဲ့သည့်ဖြစ်စဉ်အတွက် ကိုထင်ကျော်ကို ဇွန် ၄ ရက်က ကျောက်တံတားမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ချမှတ်ထားပြီးဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုမှ ကိုတင်မောင်ကြည်၊ ဦးဇော်ဝင်းတို့အား တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်တို့၌ ဆန္ဒပြခဲ့သည့်ဖြစ်စဉ်များအတွက် ပုဒ်မ ၅၀၅ (ခ) နှင့်ပင် မင်္ဂလာတောင်ညွန့်မြို့နယ်တရားရုံးမှ ဇွန် ၂၄ ရက် (ယနေ့) အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List