Friday, June 27, 2014

သစ်အလွန်အကျွံ ခိုးထုတ်မှုများကြောင့် မေယုတောင်တန်း၌ သစ်တောပြုန်း တီးမှုနှင့် ရင်ဆိုင်လာရ


အလွန်အကျွန် သစ်ခိုးထုတ်မှုများကြောင့် မေယုတောင်တန်းတွင် သစ်တော ပြုန်းတီးမှုနှင့် ရင်ဆိုင်လာရပြီး တရားဝင်သစ်ထုတ်မှုများကြောင့် ကြိုးပြင်တောများတွင် သစ်ရှားပါးလာခြင်းများကြောင့် ဒေသတွင် သစ်ဈေးနှုန်းများ အဆမတန်ကြီးမားလာပြီး ဒေသခံများ နေအိမ်ဆောက်လုပ်ရာတွင် အခက်အခဲ ဖြစ်လာ နေကြောင်းလည်း သိရသည်။

ဒေသအတွင်း တိုင်းရင်းသားနည်းပါးခြင်းနှင့် သစ်ခိုးထုတ်ခြင်းများအား ဟန့်တားနိုင်ရန် ၀န်ထမ်းအင်အား နည်းပါးခြင်းအပါအ၀င် ဂရုတစိုက် အရေးယူမှုမရှိမှုတို့ကြောင့် သစ်ထုတ်ယူခြင်းများ ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မေယုကြိုးဝိုင်းအနီးတစ်ဝိုက် ကျေးရွာများမှ ဒေသခံများ၏ အလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲမွဲတေခြင်း တို့မှာလည်း သစ်တောပြုန်းတီးရခြင်း၊ ၎င်းတို့၏ ၀င်ငွေရလုပ်ငန်းဖြစ်သော တောင်ယာစိုက်ခင်းများကို တောရိုင်းဆင်များ ဖျက်ဆီးခံရခြင်းတို့နှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်း မေယုတောင်တန်းတွင် သစ်ခိုးထုတ်မှုများ ဆက်လက်ရှိနေသေးပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်းလည်း သိရသည်။

“သစ်တောအရာရှိတွေကိုယ်တိုင် အထက်နန်းရာချောင်း အတွင်းအပြင် စတဲ့ဒေသတွေကို ကွင်းဆင်းလာ တာရှိတယ်။ တရားမ၀င် မီးသွေးဖုတ် တာတွေမိတယ်။ စစ်ဆေးရေးတွေလာတော့ ခဏငြိမ်တယ်။ပြန်သွားရင် အရင်အတိုင်းပဲ။ ထိထိရောက်ရောက် စောင့်ကြည့်ဖို့မဖြစ်နိုင်ဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

“မေယုတောင်တန်းကြီးမှာ ဘာကြောင့်သစ်ပင်တွေမရှိတော့တာလဲဆိုရင်သစ်တောဆိုလို့ ဒီမေယုတောင် တန်းတစ်ခုကိုပဲ သွားနေကြတာဆိုတော့ သစ်တောတွေ ပြုန်းတီးတယ်ပေါ့။ ကျွန်းပင်တွေကို သစ်ထုတ် လုပ်ရေးက ထုတ်တော့ ကျွန်တော်တို့ကုမ္ပဏီက ၀ယ်ယူခွင့်ရလို့ ဘင်္ဂလားဒေ့ရှ်ကိုပို့ခဲ့တာ ရှိတယ်။ အခု ဂျီအီးကသစ်တွေကို ထုတ်ခွင့်ရယူပြီး ဒေသသုံးအတွက် ထုတ်နေတာဖြစ်တယ်။ နောက်ပြီးကျွန်တော်တို့ သစ်တောစိုက်ခင်းတွေ စိုက်ထားတယ်” ဟု တရားဝင်သစ်ထုတ်ခွင့် ရရှိထားသည့် မြင့်ဘရားသား ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်မြင့်သိန်းက ဆိုသည်။

တရားဝင် သစ်ထုတ်လုပ်ခြင်းအား ဒေသတွင်း ကုမ္ပဏီတစ်ခုအားပေးထားပြီး မေယုကြိုးပြင်တောမှ သစ်ထုတ်ခွင့်ပြုထား ခြင်းဖြစ်ကြောင်း၊ တရားမ၀င်သစ်ခိုးထုတ်ခြင်းများအား အရေးယူလျက်ရှိကြောင်း မြို့နယ်သစ်တောအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအခြေအနေတွင် သစ်ပင်များမရှိတော့၍ နေအိမ်သုံးအတွက်ပင် ခက်ခဲလာနေပြီဖြစ်ကြောင်း၊ ယင်းအပြင် တောင်ယာစိုက်ခင်းများကို တောဆင်ရိုင်းများ လာရောက်ဖျက်ဆီးနေ၍ တောင်ယာလုပ်ငန်းများ မလုပ်နိုင်တော့ကြောင်း ဒေသခံများက ဆိုသည်။

“တောင်မှာအပင်မရှိတော့ ဆင်တွေအတွက် အစာမရှိဖြစ်လာတယ်။ ဒီတော့လူတွေရဲ့ စိုက်ခင်းတွေကို လာပြီးစားတယ်။ ရွာအနားထိလာပြီး စိုက်ခင်းတွေကိုလာဖျက်တာ တွေကြုံနေရတယ်” ဟု အောင်မင်္ဂလာ ရွာသား တစ်ဦးက ပြောကြားသည်။

မေယုတောင်တန်းရှိ ခြေတိုင်းရင်းသား ကျေးရွာများနှင့် နီးစပ်သည့်နေရာများတွင် ပုဂ္ဂလိကပိုင် သစ်တော စိုက်ခင်းများ ထူထောင်လာကြသော်လည်း သစ်တောပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည့် မေယုတောင် တန်းတွင် တရားမ၀င် သစ်ထုတ်လုပ်ခြင်းအား ဟန့်တားပြီး သစ်ပင်များစိုက်ရန် လိုအပ်နေကြောင်း ဒေသခံများကဆိုသည်။

Eleven Media Group

No comments:

Post a Comment

My Blog List