Thursday, June 26, 2014

မဟာသန္တိသုခပိုင်ဆိုင်မှု အရှုပ်တော်ပုံ


ပိုင်ဆိုင်မှုအတွက် လပေါင်းများစွာ အငြင်းပွားနေခဲ့သည့် ရန်ကုန်မြို့၊ တာမွေ မြို့နယ် နတ်ချောင်းရပ်ကွက် အတွင်းရှိ မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ပြဿနာများ အဆုံးသတ်ရေးအတွက် သံဃာများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က ဇွန်လ ၁၀ ရက် ညပိုင်းတွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည်။

သို့သော် ထိုသို့ပြဿနာများ အဆုံးသတ်ရေးအတွက် ကြိုးပမ်းမှုသည် နောင်ဖြစ်လာမည့် ပြဿနာများ၏ အစတစ်ခု ဖြစ်လာခဲ့သည်။ ညဥ့်သန်းခေါင်ယံအချိန်တွင် ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့ပြီး သီတင်းသုံးနေသည့် သံဃာတော်အချို့ကို လူဝတ်လဲ ထိန်းသိမ်းလိုက်သည့် လုပ်ရပ်သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များ အတွက် အံ့သြထိတ်လန့်စရာကိစ္စ ဖြစ်ခဲ့သည်။

ထိုမှစ၍ ပြဿနာများသည် မီးခိုးကြွက်လျှောက် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် သမ္မတဦးသိန်းစိန်က သူ၏အစိုးရ အဖွဲ့အတွင်းမှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ရာထူးမှဖြုတ်ချကာ ထိန်းသိမ်းလိုက်သည်။

မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်၍ ပါဝင်ပတ်သက်နေသူများအကြား ပြောကြားချက်များက ကွဲလွဲလျက်ရှိသည်။သံဃာတော်များ၊ အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိများ၊ နိုင်ငံတွင်း လူသိများသည့်သူ များ၏ ကျောင်းတော်ကြီးနှင့် ပတ်သက်၍ ပြောကြားမှုများသည် ကွဲလွဲနေပြီး မည်သူက အမှန်ကိုဖုံးကွယ် ထားသလဲ ဆိုသည့်အချက်သည် စိတ်ဝင်စားစရာကောင်းသည့် အချက်ပင်ဖြစ်သည်။

ကျောင်းတော်ကြီးကို ၀င်ရောက်ချိပ်ပိတ်ခြင်းမပြုမီ တစ်လခန့်အလိုတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)မှ ဦးညိုအုန်းမြင့်အား မဟာသန္တိသုခကျောင်းတော်ကြီးသို့ သမ္မတက စေလွှတ်ခဲ့ပြီး ဦးသိန်းစိန်က ပီနန်ဆရာတော်ကြီးထံ အေးချမ်းစွာ သီတင်းသုံးနေထိုင်နိုင်ကြောင်း သတင်း 
စကားပါးခဲ့ကြောင်း ထိုစဉ်က ပီနန်ဆရာတော်နှင့် အတူရှိနေသည့် သံဃာတော်အချို့က မိန့်ကြားသည်။

‘‘ပီနန်ဆရာတော်ကြီးကို ကျောင်းကမထွက်ရင် အင်အားသုံးဖယ်ရှားမယ်ဆိုပြီး စာပို့တာဟာ မသင့်လျော်ဘူး ဆိုတာ ရှင်းပြနေတုန်း MPC က ဦးညိုအုန်းမြင့်ဆိုတဲ့ ဒကာရောက်လာပြီး သမ္မတကြီးရဲ့ မေတ္တာရပ်ခံချက်နဲ့ သီတင်းသုံးနေထိုင်နိုင်ပါတယ်ဆိုပြီး လာလျှောက်တယ်’’ဟု ထိုစဉ်က ပီနန်ဆရာတော်နှင့်အတူ ရှိနေသည့်
 ရွှေဝါရောင်ပညာဒါနကျောင်းမှ ဆရာတော်ဘဒ္ဒန္တပဏ္ဍ၀ံသ (ပြည်ကျော်)က မိန့်သည်။

အေးချမ်းစွာသီတင်းသုံးနေထိုင်ရန် သမ္မတထံမှ သတင်းစကားလာပို့သည့် ဦးညိုအုန်းမြင့် ပြန်သွားပြီး တစ်လခန့်အကြာတွင်တော့ မဟာသန္တိသုခကျောင်းလည်း ချိပ်ပိတ်ခံခဲ့ရပြီး ကျောင်းနေသံဃာတော် များလည်း လူဝတ်လဲကာ ထိန်းသိမ်းခံလိုက်ရတော့သည်။

သို့သော်လည်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူကတော့ ဦးညိုအုန်းမြင့်အား သမ္မတက စေလွှတ်ခဲ့သည်ဆို သည့်သတင်းကို ငြင်းဆိုခဲ့ပြန်သည်။ ကာယကံရှင် ဦးညိုအုန်းမြင့်ကလည်း အဆိုပါသတင်းများနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့သည်။ ဦးညိုအုန်းမြင့်ထံ 7 Day က ဖေ့စ်ဘွတ်လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း တာဝန်ခံရှင်းလင်းသည့် ဦးအံ့မောင်၏ ရာထူးနှင့် ပတ်သက်ပြီးလည်း အငြင်းပွားလျက်ရှိသည်။ 

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးအံ့မောင်က ၎င်းသည် နိုင်ငံတော်သမ္မတရုံး၏ အကြံပေးပုဂ္ဂိုလ်ဟု ဆိုခဲ့သည်။ သို့သော်လည်း ဦးအံ့မောင်သည် သမ္မတ၏အကြံပေးမဟုတ်ကြောင်း သမ္မတရုံးက တုံ့ပြန်ခဲ့ပြန် သည်။ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဦးအံ့မောင်မှာ သမ္မတအကြံပေးမဟုတ်ဘဲ သမ္မတရုံး အကြံပေးတစ်ဦးသာ ဖြစ်သည်ဆိုသည်။ 

ယခုဆောင်းပါးရေးနေစဉ်တွင် ဦးအံ့မောင်ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးကြောင်း သတင်းများ ထွက်ပေါ်နေချိန်ဖြစ်သည်။ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အငြင်းပွားနေခဲ့သည့် နှစ်ဖက်အကြားတွင်လည်း ရှုပ်ထွေးမှုများ ဖြစ်ပွားနေပြီး ကိုယ်စီကိုယ်စီ အကြောင်းပြချက်များ ခိုင်ခိုင်လုံလုံရှိနေခဲ့သည်။

ပိုင်ဆိုင်မှုအငြင်းပွားနေသော တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိမဟာသန္တိသုခကျောင်းတော်ကြီး ကိစ္စရပ်နှင့် ပတ်သက်၍ လေ့လာစုံစမ်းမှုပြုလုပ်ခဲ့ရာတွင် ပိုင်ဆိုင်မှု အထောက်အထားဖြစ်သော မြေဂရန်
အမည်ပေါက်စာရင်းတွင်ပင် ကွဲလွဲမှုများဖြစ်ပေါ်ကာ အငြင်းပွားနေကြောင်း တွေ့ရှိရသည်။

ပြည်ပနိုင်ငံများတွင် နှစ်ပေါင်း ၃၀ ခန့် သွားရောက်သီတင်းသုံး သာသနာ  ပြုနေသော ပီနန်ဆရာတော်ကြီး ဦးပညာဝံသသည် ဘွဲ့တံဆိပ်တော်ခံယူရန် ၁၉၉၄ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာခဲ့သည်။ ထိုသို့ ကြွရောက် လာချိန် ဆရာတော်ကြီး မြန်မာနိုင်ငံ၌ သီတင်းသုံးနေထိုင်ရန် တပည့်ဒါယကာ များက ကျောင်းဆောက်လုပ်လှူဒါန်းလိုကြောင်း ဆရာတော်ကြီးအား လျှောက် ထားခဲ့သည်။

ဆရာတော်ကြီးက မိမိအနေဖြင့် ကျောင်းမလိုဘဲ ပြည်ပသာသနာပြုရဟန်းတော်များ မွေးထုတ်ရန် သင်တန်းကျောင်းတစ်ကျောင်းသာ လိုအပ်သည်ဟု မိန့်ကြားသဖြင့် မဟာသန္တိသုခကျောင်း ပေါ်ထွန်းလာစေ ရန် ဆောင်ရွက်ခဲ့ရသည်ကို ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)က ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မြင့်ဆွေထံ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ရက်စွဲဖြင့် ပေးပို့သည့်စာတွင် ဖော်ပြထားသည်။‘‘ဘုန်းကြီးနာမည်နဲ့ ဂရန်ပေးထားတာ ရှိပါတယ်။ စင်ကာပူပီနန်ကျောင်းလို့ ပေးထားတော့ ဆရာတော်ပဲပေါ့။ စင်ကာပူပီနန်ဆရာတော်ကျောင်းလို့ ပေးထားတော့ ဒီတစ်ပါးတည်းရှိတာလေ။ ဆရာတော်နှစ်ပါးရှိရင်တော့ ဟုတ်တာပေါ့’’ဟု ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

အဆိုပါကျောင်း မြေဂရန်ပိုင်ဆိုင်မှုကို နှစ်ဖက်စလုံးက ပိုင်ဆိုင်သည်ဟု ပြောဆိုနေကြသော်လည်း အဆိုပါကျောင်း မြေပိုင်ဆိုင်မှုဂရန်အမည်ပေါက်တွင် ဦးပညာဝံသနာမည်ဖြင့် ရေးထိုးထားခြင်းမဟုတ်ဘဲ မဟာသန္တိသုခ(စင်ကာပူပီနန်ကျောင်းတိုက်) အမည်ပေါက်ဖြင့် ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)က လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။

‘‘ဒီလိုဂရန်တွေမှာ ကျောင်းတိုက်အမည်ပေါက်ဆိုရင် ပုဂ္ဂလိကတစ်စုံတစ်ဦးနဲ့ မဆိုင်ဘူး။ ကျောင်းနဲ့ပဲ ဆိုင်တယ်။ အုပ်ချုပ်သူဘုန်းကြီးနဲ့ မဆိုင်ဘူး’’ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။မြေငှားဂရန်စာချုပ်ကို လေ့လာရာတွင် မြေပုံဂရန်နှစ်ခုရှိနေပြီး ၁၉၉၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၀ ပြည့်နှစ်တွင် တစ်ကြိမ် ထုတ်ပေးခဲ့သည်။ ပထမအကြိမ် ထုတ်ပေးသည့် ဂရန်တွင် အမည်ပေါက်အဖြစ် စင်ကာပူပီနန်ကျောင်းအဖြစ် ရေးသွင်းခဲ့ပြီး ဒုတိယအကြိမ်ထုတ်ပေးသည့် ဂရန်တွင် မဟာသန္တိသုခ စင်ကာပူပီနန်ကျောင်းဟူ၍ ရေးသွင်းခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေငှားစာချုပ်ကို ၁၉၉၅ အောက်တိုဘာ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ပေးခဲ့ပြီး ကျောင်းတိုက်တည်ရှိရာ လက်ရှိမြေနေရာ နှစ်ဧကအားစင်ကာပူပီနန်ကျောင်း တိုက်အမည်ပေါက်ဖြင့် ပေးအပ်ထားကာ အငှားစာချုပ်ရသူ လက်မှတ်ရေးထိုးရမည့်နေရာတွင် တိပိဋက နိကာယ သာသနာပြုဥပဋ္ဌာက ပြည်ပသာသနာပြုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)မှ လက်မှတ်ရေးထိုး ရယူခဲ့ကြောင်း အဆိုပါဂရန်တွင် ဖော်ပြထားသည်။

ဖော်ပြပါ မြေနေရာပေါ်တွင် မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီးနောက် တိုးချဲ့တည်ဆောက်မည့် သိမ်ကျောင်းနေရာအတွက် တိုးချဲ့မြေဧရိယာအပါ အ၀င် မြေနှစ်ဧကကျော်ကို ၂၀၀၀ ပြည့်နှစ်တွင် အမည်ပေါက်အဖြစ် မဟာသန္တိသုခ (စင်ကာပူပီနန်ကျောင်း တိုက်) အမည်ပေါက်ဖြင့် ပေးအပ်ခဲ့ပြီး အငှားစာချုပ်ရသူနေရာတွင် မဟာသန္တိ သုခ ဗုဒ္ဓသာသနာပြု စင်ကာပူပီိနန်ကျောင်းတော်ကြီး ဥပဋ္ဌာကအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောမြင့်(ငြိမ်း)ကပင် လက်မှတ်ရေးထိုး ရယူခဲ့သည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဆရာတော်ကြီး တည်ဆောက်လိုသောကျောင်းမှာ ထိုခေတ်ကာလတန်ဖိုးအရ လွန်စွာမြင့်မားလှသဖြင့် တည်ဆောက်နိုင်ခြင်း မရှိသောကြောင့် မိမိအနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ အကူအညီတောင်းခံဆောင်ရွက်ခဲ့သဖြင့် ၁၉၉၆ ခုနှစ်တွင် ကျောင်းတော်ကြီးကို အများပြည်သူ စုပေါင်း လှူဒါန်းငွေဖြင့် ဆောက်လုပ်ခဲ့ရာ သုံးနှစ်အတွင်း ပြီးစီးအောင်မြင်ခဲ့သဖြင့် သံဃိကရေစက်ချလှူဒါန်းမှု ပြုခဲ့ကြောင်း အထက်ပါစာတွင် ရေးသားဖော်ပြထားသည်။

‘‘၂၀၀၄ ခုနှစ်ကျတော့ ဦးခင်ညွန့်က ဘုန်းကြီးဆီစာရေးတယ်။ ဒီကျောင်းဟာ အရှင်ဘုရားမရှိလို့ အုပ်ချုပ်ရေး အဆင်မပြေလို့ သံဃနာယကကို ခဏတစ်ဖြုတ် အပ်ထားတာပါတဲ့။ ပြီးတော့ အစိုးရအနေနဲ့လည်း အပြီး သိမ်းတာ မဟုတ်ပါဘူးတဲ့’’ဟု ပီနန်ဆရာတော်ကြီးက မိန့်ကြားသည်။

ထိုကျောင်းတိုက်ကြီး တည်ဆောက်စဉ် ၁၉၉၆ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ကာလပေါက်ဈေး ကျပ်သိန်းပေါင်း ၈၅၀၀ ခန့် ကုန်ကျခဲ့ပြီး ပီနန်ဆရာတော်ဦးပညာဝံသနှင့် အလှူရှင်များ လှူဒါန်းငွေမှာ သိန်းတစ်ထောင်ရှိခဲ့သည်။ ၀န်ကြီးဌာနအချို့၊ အများပြည်သူလှူဒါန်းမှုနှင့် အေးရှားဝေါလ်ကုမ္ပဏီတို့မှ လှူဒါန်းငွေမှာ သိန်း ၅၅၀၀ ရှိခဲ့သော်လည်း လောက်ငမှုမရှိသဖြင့် စည်ပင်ဘဏ်မှ သိန်းပေါင်းနှစ်ထောင် ချေးယူဆောက်လုပ်ခဲ့ရသဖြင့် ကျောင်းတိုက်ကြီးပြီးစီးချိန်တွင် သိန်းနှစ်ထောင် အကြွေးတင်ကျန်ရှိခဲ့ကြောင်း သာသနာရေးဝန်ကြီးဌာနမှ စာရင်းများတွင် ဖော်ပြထားသည်။

‘‘ဒီကုန်ကျငွေအပေါ် တချို့တွေက သံသယရှိတယ်။ ဒါပေမဲ့ ဒီကျောင်းတိုက်ဟာ အဲဒီတုန်းက အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွန့် ကော်မတီဥက္ကဋ္ဌအနေနဲ့စီမံပြီး နိုင်ငံတော်က တည်ဆောက်ခဲ့တဲ့ ကျောင်းဖြစ်တဲ့ အတွက် ဒီစာရင်းအရ ကုန်ကျမှုတွေဟာ အစိုးရကပဲ တာဝန်ယူဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်’’ဟု သာသနာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

‘‘အလှူငွေတွေကလည်း ဘုန်းကြီးလှူတာဆိုရင် ဘယ်သူကပဲလှူလှူ အတူတူပဲလေ။ ခုမှဒါတွေလာပြီးခွဲနေ တာ လား’’ဟု ပီနန်ဆရာတော်ကြီးက မိန့်သည်။ ကျောင်းတိုက်၏ စီမံခန့်ခွဲမှုလျော့ရဲလာသဖြင့် စနစ်တကျ
ရှိစေရန် ၂၀၀၂ ခုနှစ် အောက်တိုဘာ ၈ ရက် ရက်စွဲဖြင့် ကျောင်းတော်ကြီး၏ သြ၀ါဒစရိယဆရာတော်ကြီး များအဖွဲ့ကို ဖွဲ့စည်းကာ နိုဝင်ဘာလတွင် အတွင်းရေးမှူး(၁)က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ ကျောင်းတော်ကြီး၏ အုပ်ချုပ်၊ စီမံကိစ္စရပ်များနှင့် ပတ်သက်၍ လျှောက်ထားမှုပြုခဲ့သည်။

‘‘ဒီကျောင်းကြီးကို နိုင်ငံတော်အစိုးရကိုယ်တိုင်က သံဃမဟာနာယကအဖွဲ့ကို လွှဲအပ်လှူဒါန်းပြီးသားဖြစ်ပါ တယ်။ အစိုးရလည်း ဒါကို အဓမ္မသိမ်းခဲ့သလို မဟနကလည်း အဓမ္မအလှူခံခဲ့တာမဟုတ်ပါဘူး။ ဒါဟာ သံဃိကကျောင်းဖြစ်ပါတယ်။ သံဃိကပစ္စည်းကို ပုဂ္ဂလိကလုပ်ရင် ပါရာဇိကအာပတ်သင့်တဲ့အထိ ဒဏ်ထိပါ တယ်’’ဟု သံဃမဟာနာကအဖွဲ့မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ထိုကဲ့သို့ သံဃိကလှူဒါန်းထားသောကျောင်းကို ပီနန်ဆရာတော်ကြီး၏တပည့်ဖြစ်သူ ဦးဉာဏုတ္တရနှင့် အဖွဲ့ 
ဝင်ရောက်နေထိုင်နေသဖြင့် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော မဟနဆုံးဖြတ်ချက် အရ ကျောင်းတိုက်မှ ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ကြောင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျောင်းတိုက်မှ ထွက်ခွာသွားခဲ့ကြောင်း မဟန၏မှတ်တမ်းများတွင် ဖော်ပြထားသည်။

‘‘၂၀၀၄ ခုနှစ်ကျတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဘုန်းကြီးကို စာပေးတယ်။ ဒီကျောင်းက အရှင်ဘုရားမရှိတဲ့ အခါ အုပ်ချုပ်ဖို့ အဆင်မပြေတဲ့အတွက် သံဃနာယကို အပ်ထားတာပါတဲ့။ အဲဒီအချိန်မှာလည်းပဲ ဘုန်းကြီး ရဲ့တပည့်တွေနဲ့ ဘုန်းကြီးရဲ့ဆရာတော်ကြီး အသက်(၉၆) နှစ်ရှိတဲ့ ဆရာတော်ကြီးကို အခုလိုပဲနှင်ချခဲ့ တယ်’’ဟု ပီနန်ဆရာတော်က ပြည်ပသတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် ထည့်သွင်းမိန့်ကြားသည်။

အဆိုပါကိစ္စရပ်များ ဖြစ်ပွားခဲ့ပြီးနောက် ပီနန်ဆရာတော်ကြီးအနေဖြင့် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာခဲ့ကာ သန္တိသုခကျောင်းတွင် ဆရာတော်တစ်ပါးတည်းကိုသာ အာဂန္တုပုဂ္ဂိုလ်အဖြစ် နေထိုင်ခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဆဋ္ဌမအကြိမ်အစည်းအဝေးမှ ဆုံးဖြတ်မှုပြုခဲ့သည်။

ဆရာတော်ကြီး ပြန်လည်ရောက်ရှိပြီး မကြာမီကာလဖြစ်သော ၂၀၁၃ ခုနှစ် မတ်လတွင် ဆရာတော်ကြီး၏ ဒါယကာတစ်ဦးဖြစ်သူ စာရေးဆရာချစ်စံဝင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး ထံ လိပ်မူ၍ လျှောက်ထားတောင်းဆိုခဲ့သည်။ အဆိုပါကျောင်းတိုက် ပြန်လည်ရရှိလိုမှုအပေါ် နိုင်ငံတော် သမ္မတ၊ သာသနာရေးပြည်ထောင်စုဝန်ကြီးတို့ထံသို့ အကြောင်းကြားစာပေးပို့ခဲ့သော်လည်း သံဃာကိစ္စဖြစ် သဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကိုသာ ခံယူပါရန် အကြောင်းပြန်ခဲ့သည်။

၎င်းကိစ္စရပ်ကို ၂၀၁၃ ခုနှစ် မတ်လ ၁၇ ရက်တွင် ပြုလုပ်သော မဟန ၄၇ ပါးစုံညီ အစည်းအဝေးက နိုင်ငံတော်အကြီးအကဲများအနေဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ရေစက်ချလှူဒါန်းပြီးဖြစ်၍ ပေးခွင့်မရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုကဲ့သို့ ပိုင်ဆိုင်ခွင့်ဝိ၀ါဒ အငြင်းပွားမှုများ ဖြစ်ပွားလာသဖြင့် မဟနမှ ညွှန်ကြားစာလေးစောင်ထုတ်ပြန်ကာ ပီနန်ဆရာတော်ကြီးအပါအ၀င် ကျောင်းတိုက်သို့ ၀င်ရောက်နေ ထိုင်သူများကို ကျောင်းတိုက်မှ ထွက်ခွာပေးရမည်ဖြစ်ကြောင်း ညွှန်ကြားစာများ ထုတ်ပြန်ခဲ့သည်။

‘‘ဘုန်းကြီးအနေနဲ့က ညွှန်ကြားလွှာလေးစောင်အထိ ထုတ်ပြီးအသိပေးခဲ့တယ်။ ဒီနှစ်ဇန်န၀ါရီလကတည်းက စပြီးထုတ်တာ။ ဧပြီလ ၃၁ ရက်က နောက်ဆုံးထားပြီး လေးစောင်မြောက်ကို ပို့ခဲ့တယ်။ ဒါပေမဲ့ကျောင်းတိုက် က ဖယ်ရှားမပေးဘူး’’ဟု မဟနမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။ ထိုကဲ့သို့ ကိစ္စ
ရပ်များဖြစ်ပွားခဲ့ပြီးနောက် ယခုလ ၁၀ ရက်ညတွင် သက်ဆိုင်ရာအာဏာပိုင်များက ကျောင်းတိုက်အတွင်းရှိ သံဃာများ၊ လူပုဂ္ဂိုလ်များကို ခေါ်ဆောင်ကာ ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့သည်။အဆိုပါဖြစ်ရပ်နှင့်ပတ်သက်
၍ ပီနန်ဆရာတော်ကြီးက ‘‘ဘုန်းကြီးက ဘာမှအာဏာမရှိတော့ လုပ်နေလည်းအပိုပဲ။ အာဏာရှိတဲ့သူတွေ ယူပါစေ။ ဒီကျောင်းတိုက်ကြီး ပြန်ရအောင် ဘာမှမလုပ်တော့ပါဘူး’’ဟု မိန့်ဆိုသည်။ပိုင်ဆိုင်မှုအငြင်းပွားနေ 
သည့် မဟာသန္တိသုခအရေးကိုင်တွယ်မှုနှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီးကိုပင် အစိုးရအဖွဲ့အတွင်းမှ ထုတ်ပယ်ကာ အကျဉ်းချခဲ့သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူခဲ့ခြင်းသည် သန္တိသုခကိစ္စကလည်း အကြောင်းတစ်ခုပါဝင်ခဲ့ပြီး ၀န်ကြီးသည် သမ္မတ၏ မှာကြားချက်များကို ကျော်လွန်လုပ်ဆောင်ခဲ့ကြောင်း ပြောသည်။

သို့သော်လည်း ဝေဖန်သူများကတော့ ဦးဆန်းဆင့်အရေးယူခံရခြင်းတွင် သန္တိသုခကိစ္စသည် အဓိကျသည့် ကိစ္စဟု မထင်ကြောင်း ပြောသည်။အငြင်းပွားနေသည့် မဟာသန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်သည့် ပြဿနာသည် အစိုးရအဖွဲ့ဝင်များ၊ ပါဝင်ပတ်သက်သူများအကြား အချိန်ကြာလာသည်နှင့်အမျှ ရှုပ်ထွေးလာခဲ့ သည်။

‘‘ဒီနောက်ကွယ်မှာ လူတွေမသိတဲ့ ကိစ္စတစ်ခုခုရှိနိုင်တယ်။ သန္တိသုခကိစ္စသည်အဓိကမကျဘူးလို့ထင် တယ်’’ဟု ရွှေဝါရောင်ပညာဒါနကျောင်းမှ ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသ(ပြည်ကျော်)က မိန့်သည်။        ။မဟာသန္တိသုခ ချိပ်ပိတ်ခံရပြီး နောက်ဆက်တွဲဖြစ်ရပ်များ-

ဇွန် ၁၀    မဟာသန္တိသုခကျောင်းတော်ကြီးကို ချိပ်ပိတ်

ဇွန် ၁၁    သမ္မတရုံးအကြံပေး ဦးအံ့မောင်အပါအ၀င် သာသနာရေးဝန်ကြီးဌာနအရာရှိများကကျောင်းတိုက် 
အတွင်း ကျူးကျော်နေထိုင်သူများကို         ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား။

ဇွန် ၁၃    မဟာသန္တိသုခမှ ဆရာတော်ဦးဥတ္တရအပါအ၀င် သံဃာငါးပါးအား လူဝတ်လဲကာ အင်းစိန်ထောင် သို့ပို့။

ဇွန် ၁၄    ဦးအံ့မောင်သည် သမ္မတအကြံပေးမဟုတ်ဟု သမ္မတရုံးကတုံ့ပြန်။

ဇွန် ၁၈    သာသနာရေးဝန်ကြီးဟောင်း သူရဦးမြင့်မောင်အား သမ္မတ၏ သာသနာရေးအကြံပေး အဖွဲ့ခေါင်းဆောင်နှင့် အငြိမ်းစားသံအမတ်ကြီး ဦးစိန်ဝင်းအောင်အား ယင်းအဖွဲ့၏ အဖွဲ့ဝင်အဖြစ် ခန့်အပ်။

ဇွန် ၁၉    သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ရာထူးမှဖြုတ်ချကာထိန်းသိမ်း။

ဇွန် ၂၀     - ထိန်းသိမ်းခံ ဆရာတော်ဦးဥတ္တရနှင့် သံဃာများအား ရုံးထုတ် စစ်ဆေး။ အာမခံဖြင့် ပြန်လွှတ်ပေး။

    - ထိန်းသိမ်းခံနေရသည့် ဦးဆန်းဆင့်ကို ရမည်းသင်းထောင်ပို့။ မိသားစုကို အကျယ်ချုပ်ချ။

    - ဦးဆန်းဆင့်နေရာကို သာသနာရေးဒုဝန်ကြီးဦးစိုးဝင်းဖြင့် အစားထိုးရန် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်းတင်သွင်း။

7Day News Journal 

No comments:

Post a Comment

My Blog List