Tuesday, June 24, 2014

မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် အမေရိကန် အခြေစိုက် Colgate-Palmolive ကုမ္ပဏီအား MIC ခွင့်ပြု


အမေရိကန်အခြေစိုက် Colgate-Palmolive ကုမ္ပဏီအား မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဇွန် ၁၃ ရက်တွင် ပြုလုပ်သည့် ၁၆/၂ဝ၁၄ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် လုပ်ကိုင်ရန်ခွင့် ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Colgate-Palmolive ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရန်အတွက် ကနဦးပြင်ဆင်မှုအနေဖြင့် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် Colgate-Palmolive (Myanmar) Ltd အမည်ဖြင့် ကုမ္ပဏီဖွဲ့စည်း မှတ်ပုံတင်ခွင့်ကို လျှောက်ထားခဲ့ပြီး မေ ၂၉ ရက်တွင် ဖွဲ့စည်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယခုအခါ လုပ်ငန်းလုပ်ကိုင်ရန်အတွက် ခွင့်ပြုမိန့်ကိုပါ ရရှိပြီဖြစ်သဖြင့် လုပ်ငန်းများကို ရန်ကုန်တိုင်းဒေ သကြီးရှိ ရွှေပြည်သာမြို့နယ်တွင် အကောင်အထည်ဖော် လုပ်ကိုင်မည်ဟု သိရသည်။

Colgate-Palmolive ကုမ္ပဏီသည် လူသုံးကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ကုန်ပစ္စည်းများကို အဓိက ထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး    မြန်မာနိုင်ငံတွင် သုံးစွဲမှုများသည့်ကုန်အမှတ်တံဆိပ်များဖြစ်  ကာ နိုင်ငံပေါင်းများစွာတွင်လည်း ဈေးကွက်ရရှိထားသည့် ကုန်ပစ္စည်း အမှတ်တံဆိပ်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ခွင့်ပြုချက်ရယူထားသည့် အမေရိကန် အခြေစိုက်ကုမ္ပဏီ အများစုမှာ အခြေစိုက်သည့် နိုင်ငံရှိကုမ္ပဏီများမှ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်ခြင်းမျိုးမရှိဘဲ ထိုင်းကဲ့သို့သော အာရှနိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီရုံးခွဲများမှတစ်ဆင့် လုပ်ငန်းများဝင် ရောက်လုပ်ကိုင်လေ့ရှိရာ အဆိုပါ Colgate-Palmolive ကုမ္ပဏီသည်လည်း ထိုင်းကုမ္ပဏီမှတစ်ဆင့် လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ဖွယ်ရှိကြောင်း သိရသည်။

“အနောက်နိုင်ငံတွေအနေနဲ့ အခြားနိုင်ငံမှာ ဖွင့်ထားတဲ့ ရုံးခွဲတွေကတစ်ဆင့် မြှုပ်နှံမှုတွေ လုပ်နေ တာတွေ့ရတယ်။ သူတို့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာမြှုပ်နှံမှု ပြုလုပ်မယ်ဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာတွေ ကို ဆွေးနွေးလုပ်ကိုင်ဖို့အတွက် အရှေ့တောင်အာရှမှာ ဖွင့်ထားတဲ့ ရုံးခွဲတွေကတစ်ဆင့် ဆောင်ရွက် တာမျိုးက နှစ်နိုင်ငံလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အဆင်ပြေမှုရှိတယ်လေ။ အဓိက အားဖြင့်တော့ မြှုပ်နှံငွေကို ပင်မမြှုပ်နှံတဲ့နိုင်ငံက ထုတ်ပေးပြီး ရုံးခွဲတွေကို လုပ်ငန်းပိုင်းဆိုင်ရာပြန်ပြီး ညွှန်ကြားဆောင်ရွက်ခိုင်းတာမျိုးပေါ့”ဟု ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးဌနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။   

Eleven Media Group

No comments:

Post a Comment

My Blog List