Tuesday, June 24, 2014

ရွှေတိဂုံစေတီနှင့် တိရစ္ဆာန်ဥယျာဉ်အနီး ဒေါ်လာ သန်း ၃၀၀ နီးပါးတန် ဘက်စုံသုံးအိမ်ရာ တည်ဆောက်မည်


ရွှေတိဂုံစေတီတော်နှင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီး ဒဂုံမြို့နယ်ရှိ ယခင် မော်တော်ယာဉ်တပ်ရင်း နေရာ တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် တန်ဖိုးရှိသည့် Dagon City 1 ဘက်စုံသုံးအိမ်ရာ စီမံကိန်းကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအုပ်စု Marga Landmark နှင့် သုခရတနာ ကုမ္ပဏီတို့ ပူးပေါင်း အကောင် အထည်ဖော်မည် ဖြစ်ကြောင်း Marga Group မှ အကြီးတန်း အမှုဆောင် ဒါရိုက်တာ Mr. Edgar Kwan က ပြောကြားသည်။

B.O.T စနစ်ဖြင့် အကောင်အထည်ဖော်မည့် အဆိုပါစီမံကိန်းကို စက်တင်ဘာလအတွင်း စတင်မည်ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း စီမံကိန်းတစ်ခုလုံး ပြီးစီးအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 
“နဂိုခွင့်ပြုတာက နှစ် ၅၀ နဲ့ ထပ်ဆောင်း ၁၀ နှစ် နှစ်ကြိမ် MIC (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်) က ခွင့်ပြုထားတယ်။ အိမ်ခန်း ပိုင်ဆိုင်မှုကိုလည်း တည်ဆဲဥပဒေအတိုင်း ဖြစ်စေရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ Dagon City 1 အိမ်ရာစီမံကိန်းအတွက် ယခင် ကာကွယ်ရေး ဝန်ကြီးဌာနပိုင် မြေနေရာ ဒဂုံမြို့နယ် ဦးထောင်ဘိုအဝိုင်း အနီးရှိ ၂၂ ဧက ကျယ်ဝန်းသည့် မြေကွက်ပေါ်တွင် Marga Landmark က ၇၀ ရာခိုင်နှုန်းနှင့် သုခရတနာ ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ၍ အကောင်အထည် ဖော်မည် ဖြစ်ပြီး စီမံကိန်း စီမံခန့်ခွဲမှုကို Marga Landmark က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်မြို့တော်၏ အဓိက စီးပွားရေး အချက်အချာ နေရာဖြစ်ရန် ရည်ရွယ်ထားသည့် အဆိုပါ စီမံကိန်းကို တရုတ်နိုင်ငံအခြေစိုက် ဗိသုကာ ကုမ္ပဏီ Wong Tung နှင့် ပြည်တွင်းမှ SPiNE Architecture တို့က ဒီဇိုင်းပုံစံ ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး ကြယ်ငါးပွင့်ဟိုတယ်၊ လူနေအိမ်ရာများ၊ ရုံးအဆောက်အအုံများ၊ အားကစားစင်တာ၊ ရေကူးကန် စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း Wong Tung မှ ဒီဇိုင်းအရာရှိချုပ် Mr.Alex Lau က ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ စည်းကမ်းချက်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ချမှတ်ထားသော စည်းကမ်းများအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုစီမံကိန်းမှ တစ်ဆင့် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅၀၀၀ ကျော် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း Mr. Edgar Kwan က ဆိုသည်။ 

“နေရာကတော့ အချက်အချာ ကျပါတယ်။ ရွှေတိဂုံဘုရားကို မြင်ကွင်းကွယ်တာတွေ ဘာတွေ ဖြစ်ရင်တော့ မကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်အတွက် ဒီလို စီမံကိန်းမျိုးတွေက လိုအပ်တာကတော့ အမှန်ပဲ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

အဆိုပါ စီမံကိန်းအပြင် အဆိုပါ နေရာနှင့် ကပ်လျက်ရှိ ခုနစ်ဧကကျော် ကျယ်သည့် မြေနေရာတွင် သုခရတနာ ကုမ္ပဏီက တာဝန်ယူ စီမံခန့်ခွဲမည့် Dagon City 2 စီမံကိန်းကိုလည်း ဆက်လက်ဆောင် ရွက်ရန် စီစဉ်နေကြောင်း သုခရတနာ ကုမ္ပဏီထံမှ သိရသည်။ 

Marga Group ကုမ္ပဏီသည် တရုတ်၊ ဟောင်ကောင်၊ ဗြိတိန် စသည့် နိုင်ငံတို့ အပါအဝင် အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့တွင်လည်း အိမ်ရာဖော်ထုတ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်။ 

(LC/နေဇာကျော်)
The Voice Weekly

No comments:

Post a Comment

My Blog List