Monday, June 23, 2014

တန်ဖိုးနည်း ဖုန်း SIM Card ပေါက်ဈေး ကျပ်သောင်းဂဏန်းအထိ ရှိ


ပြည်ပမှ မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့မှ ၎င်းတို့၏ ၁၅၀၀ တန် SIM Card များစတင်ရောင်းချတော့မည်ဟု ကြေညာထားသော်လည်း မြန်မာ့ ဆက်သွယ်ရေး ၏ ၁၅၀၀ တန် SIM Card များ အပြင်ဈေးကွက်အတွင်း ကျပ်သောင်းဂဏန်းအထိ ပေါက်ဈေး ရှိနေကြောင်း မိုဘိုင်းလ်ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

“အခုကတော့ SIM Card ဈေးက ကျဖို့မရှိသေးပါဘူး။ ဒါပေမဲ့ ပြည်ပ ကုမ္ပဏီတွေ SIM Card စရောင်း ရင်တော့ လက်ရှိ MPT ကတ်တွေက ထောင်ဂဏန်း ဝန်းကျင်လောက် ဈေးကျသွားနိုင်တယ်” တိုရှီဘာကျော် ဝင်း မိုဘိုင်းလ်မှ အရောင်းမန်နေဂျာ ဦးကျော်ထွန်းက ပြောကြားသည်။ ပြည်ပအော်ပရေတာများ ဝင်လာသော်လည်း ၎င်းတို့၏ SIM Card များ စတင်ရောင်းချစဉ် ကာလများတွင် သုံးစွဲနိုင်သည့် နယ်မြေ အကန့်အသတ် ရှိနေခြင်းနှင့် လိုအပ်ချင်သူ လူအရေအတွက် များပြားသောကြောင့် ရောင်းချမည့်သူ အရေအတွက်နှင့် ဝယ်ယူမည့်သူ ပမာဏ မညီမျှမှုများ ရှိနိုင်ကြောင်းလည်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်ရှင်အချို့က ပြောကြားကြသည်။

“ပြည်ပကုမ္ပဏီတွေက SIM Card တွေကို လုံလုံလောက်လောက် ချမပေးနိုင်ရင်တော့ မှောင်ခိုဈေးကွက်က ပေါ်လာမှာပဲ။ အဲဒီလို ဖြစ်ရင်တော့ အခု ၁၅၀၀ တန်ဖုန်းတွေလည်း ဈေးကျဖို့ မသေချာဘူး” ဟု Hello Mobile မှ ပိုင်ရှင်ဖြစ်သူ ကိုသားကြီးက ဆိုသည်။

အော်ရီဒူးမြန်မာက သြဂုတ်လနှင့် တယ်လီနောမြန်မာက စက်တင်ဘာလတို့တွင် တန်ဖိုး ၁၅၀၀ ကျပ်တန် SIM Card များကို စတင်ရောင်းချတော့မည် ဖြစ်ပြီး နိုင်ငံသား မှတ်ပုံတင် ရှိသူတိုင်းကို အရေအတွက် အကန့်အသတ်မရှိ စိတ်ကြိုက်ဝယ်ယူခွင့် ပြုသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ကြေညာထားသည်။

“MPT ကတ်က အရင်က မရှိလို့ ဝယ်ထားတာ။ အခု ညီမလေးတစ်ယောက်အတွက် SIM Card ဝယ်ဖို့ စဉ်းစားနေတယ်။ MPT တော့ ဈေးကြီးပေး မဝယ်ဘူး။ တစ်လလောက်စောင့်ပြီး အော်ရီဒူးပဲ ဝယ်ပေးလိုက်မယ်။ မှောင်ခိုဈေး ခုနစ်သောင်း ရှစ်သောင်းပေးရမယ့် ပိုက်ဆံကို ဟန်းဆက်ပဲ ကောင်းကောင်း ဝယ်ကိုင်ပစ်မယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မှ အထည်ချုပ်ဆိုင်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်သီတာအောင်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တန်ဖိုးနည်း ၁၅၀၀ တန် SIM Card များကို ၂၀၁၃ ခုနှစ် ဧပြီလမှစတင်ကာ တစ်လလျှင် SIM Card အရေအတွက် သုံးသိန်းခွဲကို မဲစနစ်ဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် လစဉ်ရောင်းချပေးနေပြီး လက်ရှိအချိန်တွင် အပြင်ဈေးကွက်အတွင်း GSM SIM Card မှာ ၉၀,၀၀၀ ကျပ် ပတ်ဝန်းကျင်ဈေးရှိပြီး MEC Tel SIM Card များမှာ ၃၅,၀၀၀ ကျပ်ခန့်အထိ ပေါက်ဈေး ရှိနေကြောင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ မိုဘိုင်းလ်ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List