Friday, June 27, 2014

ရန်ကုန်မြို့၌ ယခုနှစ် ငါးလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားကာ ယာဉ်မောင်း ထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး ၉၂ မှုမှ ကျူးလွန်သူများ လွတ်မြောက်နေဆဲဖြစ်



ရန်ကုန်မြို့၌ ယခုနှစ်ငါးလအတွင်း ယာဉ်တိုက်မှုဖြစ်ပွားကာ ယာဉ်မောင်းထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုပေါင်း ၃၅၀ ကျော်ရှိခဲ့ပြီး ၉၂ မှုမှ ကျူးလွန်သူများမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၂၆ ရက်တွင် စုံစမ်းသိရသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးခဲ့သည့် ကျူးလွန်သူများကို ဖမ်းဆီးရမိရန် နယ်မြေခံ ရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းဖော်ထုတ် ဖမ်းဆီးရေအဖွဲ့မှ စုံစမ်းဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိကြောင်းလည်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တစ်လကို ယာဉ်တိုက်မှုဖြစ်စဉ် ၂၀၀ ၀န်းကျင်လောက် ဖြစ်ပွားနေ တယ်။ အခုဇွန်လ အတွင်းမှာလည်း နေ့စဉ်ယာဉ်တိုက်မှု အခြေအနေက တခြားလတွေထက် ယာဉ်တိုက် မှုနှုန်း လျော့ကျနေတာကို တွေ့ရတယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာဆိုရင် ယာဉ်နံပါတ် သိလိုက်ရပြီး ထွက်ပြေးခဲ့တဲ့ဖြစ်စဉ်နဲ့ ကားထားပြီး ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်တွေဆိုရင် ထွက်ပြေးခဲ့တဲ့ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ပါတယ်။ ဒါပေမဲ့ လူပြတ်တဲ့နေရာ ညဥ့်နက်တဲ့ အချိန်တွေမျိုးမှာဆိုရင် ထွက်ပြေးခဲ့တဲ့ ကျူးလွန်သူကို ဖမ်းဆီးရမိဖို့အတွက် အချိန်လည်းပေးရတယ်။ ဖော်ထုတ်ရမှုအပိုင်းလည်း အနည်းငယ် အခက်အခဲရှိပါတယ်။ ဒီလိုဖြစ်စဉ်တွေမှာ ပြည်သူတွေပါဝင်ကူညီဖို့ အရေးကြီးပါတယ်” ဟု အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ထိုသို့ စုံစမ်းဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း တချို့ဖြစ်စဉ်များမှ ကျူးလွန်သူများမှာ နှစ်အတော်ကြာ သည်အထိ လွတ်မြောက်နေသူများ ရှိနေသေးကြောင်းလည်း စုံစမ်းသိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ ရန်ကုန်မြို့အတွင်း၌ ယာဉ်တိုက်မှု စုစုပေါင်း ၉၅၂ မှု ဖြစ်ပွားခဲ့ပြီး ကျား ၁၄၃ ဦး၊ မ ၂၅ ဦး သေဆုံးခဲ့ရကာ ၁၃၈၃ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ စုံစမ်းသိရသည်။

အဆိုပါငါးလအတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်များအနက် ၃၅၈ မှုမှ ကျူးလွန်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယင်းဖြစ်စဉ်များမှ ၂၆၆ မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသည့် ၉၂ မှု ဖြစ်စဉ်မှ ကျူးလွန်သူများမှာ ယခုအချိန်အထိ ထွက်ပြေးလွှတ်မြောက် နေဆဲဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယရဲမှူးကြီး လင်းထွဋ်က “ဒီလိုတိုက်ပြေးအမှုတွေကို မြို့နယ်ရဲစခန်းတွေက နယ်ထိန်းတွေ နဲ့ ပူးပေါင်းပြီးတော့ ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ အပတ်စဉ်လည်း ဒီအမှုတွေနဲ့ပတ်သက်ပြီးတော့ အမှုပေါ်ပေါက်ဖို့အတွက် လိုအပ်တဲ့ ကြပ်မတ်မှုတွေနဲ့ စိစစ်သုံးသပ်မှုတွေကိုလည်း ပြုလုပ်နေပါတယ်” ဟု ပြောကြားသည်။

ဇွန် ၂၁ ရက် ည ၁၀ နာရီခွဲတွင် ၁၇၃ ပါရမီ ခရီးသည်ယာဉ်တစ်စီးမှာ သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရား လမ်းအတိုင်း မောင်းနှင်လာစဉ် ရွှေသန်လျင် စားသောက်ဆိုင်ရှေ့အရောက် ယာဘက်ဘေးတွင် စက်ချို့ ယွင်း၍ ရပ်ထားသော ယာဉ်အားတိမ်းရှောင် မောင်းနှင်စဉ် တခြားယာဉ်ကြောတစ်ဖက်သို့ ရောက်ရှိကာ လမ်းအမှန်တိုင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ် တစ်စီးအား ၀င်ရောက်တိုက်မိခဲ့ပြီး ထွက်ပြေးမောင်းနှင်သွားကြောင်း သိရသည်။

ယင်းကဲ့သို့ ၀င်ရောက်တိုက်ခဲ့မှုကြောင့် နောက်ဆုံးနှစ် အင်ဂျင်နီယာ ကျောင်းသားနှစ်ဦးမှာ ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ပြီး သက်ဆိုင်ရာမှ ထွက်ပြေးမောင်းနှင်သွားသော ခရီးသည်တင်ယာဉ်မောင်းအား ဖမ်းဆီးရမိကာ ယခုချိန်တွင် အာမခံပေးထားကြောင်း တရားလို၏ရှေ့နေထံမှ သိရသည်။   

Eleven Media Group

No comments:

Post a Comment

My Blog List