Friday, June 27, 2014

ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် ကန်ဒေါ်လာ သန်း ၁၃၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး


အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်ရေးနေ့အဖြစ် ဇွန်လ ၂၆ ရက်နေ့တွင် ဖမ်းဆီး မူးယစ်ဆေးဝါး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၃၀ ဒသမ ၉၃၅၆၈ သန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဘိန်းမှ ချောင်းဆိုးပျောက်ဆေးရေးအထိ မူးယစ်ဆေးဝါးမျိုးပေါင်း ၃၅ မျိုးမှ ဆေးကီလိုချိန် ၃၅၀၈၉ ဒသမ ၀၄၈၄ ကီလို၊ ဆေးရည် ၂၁၅၉၂ ပုလင်းနှင့် လစ်တာ ၉၃၀ ဒသမ ၁၆၅၃ ကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးစွဲမှု၊ ကုသမှုနှင့် နောက်ဆက်တွဲ ဆိုးကျိုးဆက်များ လျှော့ချရေး လုပ်ငန်းများကို UNODC WHO နှင့် UNAIDS အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ဆေးကုဌာနငယ် ခုနစ်ခုကို စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောကြားသည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးတက်လာမှုကြောင့် မူးယစ်တပ်ဖွဲ့စု ၂၆ စုမှ တပ်ဖွဲ့စု ၅၀ အထိ တိုးမြှင့်ကာ သယ်ဆောင်ရောင်းဝယ်မှု များပြားသော ဒေသများတွင် အထူးစစ်ဆင်ရေးများ ရေးဆွဲ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကဆိုသည်။

တစ်ကမ္ဘာလုံးတွင် မူးယစ်ဆေးဝါးကို အရွယ်ရောက်သူ သန်း ၂၃၀ ကျော်မှာ တစ်ကြိမ်သုံးစွဲခဲ့သူများ ဖြစ်ပြီး ၂၇ သန်းသည် မူးယစ်ဆေးစွဲမှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ နှစ်စဉ် ၀ ဒသမ ၂ သန်းမှာ မူးယစ်ဆေးကြောင့် သေဆုံးနေရကြောင်း ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်သော ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်နှင့် ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ ဖမ်းဆီး သိမ်းဆည်းထားသော အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ သန်းကျော် (မြန်မာကျပ်ငွေ သိန်း ၉၂၇၁၈ သိန်းကျော်) ဖိုးရှိသော မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့တော် ရွှေပြည်သာမြို့နယ်ရှိ ရဲအကြပ် အတတ်သင်ကျောင်း (လှော်ကား) တွင် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ရာ စိတ်ကြွဆေးပြား ကီလိုဂရမ် ၁၇၃ ဒသမ ၈၅၊ ဆေးပြားရေ ၁၇ သိန်းကျော် အများဆုံး ပါဝင်ပြီး၊ ဘိန်းစာမှုန့် ၅၆၈ ဒသမ ၃၄ ကီလိုဂရမ်ကို အများဆုံး ဖမ်းဆီးရမိခဲ့ကြောင်း၊ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေးအမှုန့်၊ ဘိန်းစာအရည်၊ ထိုးဆေးနှင့် အခြားမူးယစ်ဆေးဝါးများလည်း ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်က ပြောကြားခဲ့သည်။

“သွားရေးလာရေး အခက်အခဲ ရှိတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတဲ့သူက အရင်တုန်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် အခုဆိုရင် အင်တာနက်၊ အီးမေးလ်တွေ သုံးကြတယ်။ မက်ဆေ့ခ်ျ ပို့တယ်။ ဘိုင်ဘာ (Viber) သုံးလာတာကြောင့် အထောက်အထားယူတာ၊ လမ်းကြောင်းလိုက်တာရော နည်းပညာ အခက်အခဲ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။ 

မူးယစ်ဆေးဝါး ရောင်းဝယ်သူများက မူးယစ်ဆေးဝါး နှိမ်နှင်းရေး အဖွဲ့များထက် ငွေကြေးလုံလောက်စွာ သုံးစွဲနိုင်မှုကြောင့် လုံခြုံရေး၊ အဖမ်းအဆီး မခံရရေးအတွက် လုပ်ဆောင်မှုများမှာ သာလွန်ကြောင်း၊ ယခုထိ ဘိန်းစိုက်တောင်သူ နှစ်သိန်းနီးပါး ကျန်ရှိနေသေးသဖြင့် ယင်းမိသားစုများ အတွက် အစားထိုး သီးနှံစိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထပ်မံဖော်ဆောင် ပေးရန်အတွက် အစိုးရ၏ ဒေသတွင်း မတည်ငွေမှာ မလုံလောက်ကြောင်း၊ တစ်နှစ် ဘိန်းစိုက်ပျိုးဧက တိုးလာသကဲ့သို့ ဖျက်ဆီးသည့် ဧကလည်း တိုးလာကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

၂၀၁၃ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလကုန်အထိ ဘိန်းခင်း ၃၁၅၆၅ ဒသမ ၀၁ ဧက (၁၂၇၇၄.၁၈) ဟက်တာ ဖျက်ဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နေရာကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်နဝါရီ ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။ 

၂၀၁၁-၂၀၁၂ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း ၂၃၇၇၁ ဟက်တာ (၅၈၇၃၈ ဒသမ ၁၄ ဧက)၊ ၂၀၁၂-၂၀၁၃ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း ၁၂၂၅၇ ဒသမ ၄၆ ဟက်တာ (၃၀၂၈၈ ဒသမ ၁၈ ဧက)၊ ၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းစိုက်ရာသီ အတွင်း စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဘိန်းခင်း ၁၂၇၇၄ ဒသမ ၁၈ ဟက်တာ (၃၁၅၆၅ ဒသမ ၀၁ ဧက) ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့ကျရေးအတွက် ငါးနှစ်လျှင် တစ်ကြိမ် ၁၅ နှစ် စီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့သော်လည်း ၂၀၀၇ ခုနှစ်နောက်ပိုင်း ပိုမို တိုးမြှင့်လာသည့်အတွက် အစိုးရ၏ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက မှတ်ချက်ပြုခဲ့သည်။

(ထက်မြတ်ထွန်း၊ နေဇာကျော်)
The Voice Weekly

No comments:

Post a Comment

My Blog List