Friday, June 27, 2014

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ဝန်ကြီးချုပ် မခန့်ရန် ရခိုင်တွင် ဆန္ဒပြ



နိုင်ငံတော်သမ္မတက ရခိုင်ပြည်နယ်လွှတ်တော်ကို ပေးပို့ထားသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အဆိုအပေါ် မကျေနပ်၍ မြို့သုံးမြို့တွင် ဇွန်လ ၂၅ ရက်နေ့ ညပိုင်းက စကောတီး၍ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် ယင်းသို့ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်ခန့်ရန် လက်မခံသူများ အချင်းချင်း တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ည ၈ နာရီတွင် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မြောက်ဦးမြို့မှ အမျိုးသားရေးလှုပ်ရှားသူ ကိုထွန်းနေဝင်းက ပြောကြားသည်။ “မောင်မောင်အုန်း ထွက်ထွက်ဆိုပြီး တစ်ပြိုင်တည်း စကောကိုတီးပြီး မောင်းထုတ်တာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

လမ်းပေါ်ထွက် ဆန္ဒပြရန် အဆင်မပြေသဖြင့် ယခုပုံစံအတိုင်း ဆန္ဒပြရခြင်း ဖြစ်ကြောင်း စစ်တွေမြို့ စည်းကမ်း ထိမ်းသိန်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းပျိုအသင်း၏ သတင်းမှတ်တမ်းတာဝန်ခံ ဦးပညာသာမိက ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် သမ္မတ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်တိုင်းရင်းသားများ၏ အမျိုးသား အကျိုးစီးပွားနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ရခိုင်ပြည်နယ်ကို ကောင်းမွန်အောင် လုပ်ဆောင်မည့်သူဆိုပါက မည်သူကိုမဆိုလက်ခံကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောကြားသည်။ “ရခိုင်ဒေသ ပိုကောင်းဖို့ လိုတယ်လေ။ အဲဒီနေရာမှာ ပုဂ္ဂိုလ်ရေးအရ မကြည့်ဘဲနဲ့ လုပ်နိုင်တဲ့လူ ဖြစ်ဖို့ကိုပဲ ကြည့်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။ 

ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်မည်ကို ကန့်ကွက်လိုပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ကန့်ကွက်နိုင်ပြီး ကန့်ကွက်လွှာကို ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား တင်ပြရမည် ဖြစ်သည်။ 

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment

My Blog List