Tuesday, June 24, 2014

ဦးဆန်းဆင့်ကိစ္စ ဧရာဝတီတိုင်းဒေသကြီး ပါတီပေါင်းစုံမှ ပြင်းပြင်းထန်ထန်ဝေဖန်


ပြည်ထောင်စုအစိုးရက သာသနာရေးဝန်ကြီး(ဟောင်း)ဦးဆန်းဆင့်အား ရာထူးတာဝန်မှရပ်စဲလိုက်ပြီး ဖမ်းဆီး စစ်ဆေးနေခြင်းအပေါ်ဧရာဝတီတိုင်းဒေသကြီးမှ ပါတီပေါင်းစုံမှ ခေါင်းဆောင်များကပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ကြသည်။သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ယုံကြည်
စွာအပ်နှံသည်ကို ဖောက်ဖျက်မှု ပုဒ်မ(၄၀၉/၁၀၉)ဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြုလုပ် တိုင်ကြားခဲ့သဖြင့် ဇွန်လ(၁၉)ရက် နေ့က ရမည်းသင်း အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်လိုက်ခြင်းအပေါ် ပါတီခေါင်းဆောင်များက ဝေဖန်လိုက်ခြင်းဖြစ်သည်။

“ပြည်ခိုင်ဖြိုး ပါတီဝင်ပဲဖြစ်စေ၊ ဘယ်ပါတီကဖြစ်စေ၊ ပြည်သူယုံကြည်မှုကို ရရှိထားတဲ့ ပြုပြင်ပြောင်းလဲရေး သမားတစ်ယောက်ကို ဘာကြောင့်ဒီလိုလုပ်တာလဲ။ သမ္မတရဲ့ညွန်ကြားချက်ကို မလိုက်နာဘူးဆိုလည်း သမ္မတကဘာတွေညွန်ကြားတာလည်းဆိုတာ ပြည်သူကိုပွင့်ပွင့်လင်းလင်းချပြပါ။”ဟုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒါက်တာလှမြတ်သွေးက ပြောသည်။

ဦးဆန်းဆင့်အား ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအဖြစ်မှ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရစဉ် ဒေသခံပြည်သူလူထုက ၄င်းတို့၏ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအားမူလရာထူး၌ဆက်လက်ထားရှိပေးရန် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သော တစ်ဦး တည်းသောလွှတ်တော်ဥက္ကဌ ဖြစ်သည်။

“စစ်ဗိုလ်ချုပ်တစ်ယောက်ကနေ ပြည်သူဘက်တော်သားတစ်ယောက်အဖြစ် လွှတ်တော်ဥက္ကဌရာထူး စတင် ယူကတည်းက အလုံးစုံပြောင်းလဲခဲ့တဲ့အတွက် ပြည်သူလူထုက ယုံကြည်မှုရလာတဲ့သူတစ်ယောက်ကို ဒီလို ပုံစံမျိုးနဲ့ ဖမ်းဆီးတာကတော့ လက်ရှိအစိုးရသွားနေတဲ့လမ်းနဲ့ သူသွားတဲ့လမ်း မတူဘူးဆိုတာ ပြလိုက် တာပဲ။” ဟု တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးမှူး ဦးဆန်းလေးက ပြောသည်။

အဆိုပါ အရေးယူမှုနှင့်ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က သာသနာရေးဝန်ကြီးအနေဖြင့်သမ္မတခိုင်းသည်ကို မလုပ်ခြင်း၊ အချို့ကိစ္စများတွင် သမ္မတ အမိန့်ကိုကျော်လွန်၍ လုပ် ဆောင်ခဲ့ခြင်းများကြောင့်ဟု မီဒီယာများကိုထုတ်ဖော်ပြောဆိုထားသည်။

“ဖြစ်စဉ်ကို အသေးစိတ်မသိရသေးတော့ ဒီပြဿနာကိုမဝေဖန်လိုပါဘူး။ ဒါပေမဲ့တိုင်းဒေသကြီး လွှတ်တော်မှာ တာဝန် ထမ်းဆောင်ခဲ့တုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို မတိမ်းမစောင်းရအောင် ထိန်းကျောင်း ပဲ့ပြင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး အခြေခံလူတန်းစားတွေဖက်က ရပ်တည်ခဲ့တဲ့ အစားထိုးမရနိုင်တဲ့သူတစ်ယောက်ပါ။” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်နေမှုများသည် လက်ရှိအစိုးရအနေဖြင့် ၄င်းတို့ထဲမှလူမှန်လူဖြောင့်များကို စဖြိုနေခြင်း ဖြစ်သည်ဟု ယူဆပြီး ပြိုင်ဘက်ပါတီ၊ပြိုင်ဘက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကိုပစ်မှတ်ထားလာမည်ဟု သံသယဖြစ်မိကြောင်း (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျုံပျော်မြို့နယ် တာဝန်ခံ ဦးသိန်းမြင့်ဆောင်ကဆိုသည်။

ဦးဆန်းဆင့်သည်(၂၀၁၀)ခုနှစ်ရွေးကောက်ပွဲတွင် ရေကြည်(၁)မဲဆန္ဒနယ်မှ အနိုင်ရကာ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၄င်းတာဝန်ယူသည့် ကာလအတွင်း လွှတ်တော် ကိုယ်စားလှယ်တို့၏လုပ်ပိုင်ခွင့်အား နှောင့်ယှက်သော ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား စွပ်စွဲပြစ် တင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး ဦးဌေးဦးကိုလည်း တရားစွဲဆိုရန် ကြိုးပမ်းခဲ့သည်။ 

ဦးဆန်းဆင့်သည် လက်ရှိအစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏အကျင့်ပျက်ချစားမှုများ မိမိတွင်သက်သေ အထောက် အထားများစွာရှိကြောင်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သူ တစ်ဦးလည်းဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List