Tuesday, June 24, 2014

မတ် ၂၇ ရက်ကို တပ်မတော်နေ့ဟု သတ်မှတ်ထားခြင်းအား တော်လှန်ရေးနေ့ အဖြစ် ပြန်လည်သတ်မှတ်ပေးရန် NLD လွှတ်တော်ကိုယ်စားလှယ် မေးမြန်း


မြန်မာနိုင်ငံတွင် မတ် ၂၇ ရက်ကို တပ်မတော်နေ့ဟု သတ်မှတ်ထားခြင်းအား တော်လှန်ရေးနေ့အဖြစ် ပြန်လည်သတ်မှတ် ပေးရန်အတွက် နေပြည်တော်တွင် ဇွန် ၂၃ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွတ်တော် ဒသမပုံမှန် အစည်အဝေး ၁၇ ရက်မြောက်နေ့တွင် NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က မေးမြန်းသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “မတ် ၂၇ ရက်ကို တပ်မတော်နေ့ဟု သတ်မှတ်ထားခြင်းအား တော်လှန်ရေးနေ့ဟု ပြန်လည်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းအား သမ္မတရုံးဝန်ကြီးဌာန (၂) မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြား ရာတွင် “၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့တပ်မတော်က တိုင်းရင်းသား ပြည်သူလူထုကို ဦးဆောင်ကာ တွန်းလှန်တိုက်ခိုက်မှု စတင်ခဲ့တဲ့ မတ်  ၂၇ ရက်ကို တပ်မတော်၏ လွတ်လပ်ရေး ကြိုးပမ်း မှုများတွင် အထင်ကရနေ့အဖြစ် သတ်မှတ်ကာ တပ်မတော်အား ဂုဏ်ပြုသည့်အနေဖြင့် ၁၉၄၆ ခုနှစ်စ၍ ၁၉၅၃ ခုနှစ်အထိ နှစ်စဉ် မတ် ၂၇ ရက်ကို တပ်ရင်း/တပ်ဖွဲ့ အသီးသီးတွင် တော်လှန်ရေးနေ့အဖြစ် ကျင်းပ ခဲ့ပါတယ်” ဟု ဖြေကြားသည်။

နိုင်ငံတကာတွင် တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပနေမှုများနှင့် နှိုင်းယှဉ်လေ့လာပါက မြန်မာနိုင်ငံ၏ တပ်မတော်နေ့အဖြစ် အသိအမှတ်ပြု သတ်မှတ်ကျင်းပမှုသည် အနှစ်သာရနှင့် ကိုက်ညီပြည့်ဝ ပေါ်လွင်နေကြောင်း တွေ့ရမှာဖြစ်ပြီး ဖက်ဆစ်ဂျပန်အား လူထုကိုဦးဆောင်ပေးကာ တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ကို ဂုဏ်ပြုသည့်အနေဖြင့် မတ် ၂၇ ရက်ကို တပ်မတော်နေ့ဟု သတ်မှတ်ထားခြင်းအား တော်လှန်ရေးနေ့ဟု ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ် မရှိကြောင်း ၀န်ကြီးဦးစိုးမောင်က ပြန်လည်ဖြေကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်က “၁၉၄၅ ခုနှစ် မတ် ၂၇ရက်မှာ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တော်လှန်ရေးပန်းခြံ၌ မျိုးချစ်တပ်မတော် ရဲဘော်များကို စစ်မြေပြင်သို့ထွက်ရန် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းက စုဝေးစေခဲ့ပါတယ်။ မျိုးချစ်တပ်မတော် သားများကလည်း လွတ်လပ်ရေးရယူရန် စိတ်ဓာတ်အခိုင်အမာဖြင့် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ထွက်မိန့်ခွန်းကို နာယူခဲ့ကြပါတယ်။ ထို့နောက် စစ်မြေပြင်သို့ထွက်ကြပြီး ဖက်ဆစ်တပ်များကို တော်လှန်ရတဲ့အခါ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုအင်းအား အကူအညီဖြင့် အောင်မြင်မှုရရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

“ဖက်ဆစ်ဝါဒီများကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်နိုင်ခဲ့တဲ့ မတ် ၂၇ ရက်ဟာ တော်လှန်ရေးနေ့ စစ်စစ်ဖြစ်ပါတယ်။ ဟိုတုန်းကလည်း တော်လှန်ရေးနေ့ လို့လည်း ခေါ်ဝေါ်ခဲ့ကြပါတယ်။ သမိုင်းရဲ့ အမှန်တရားကို နောင်လာနောက် သားများ အမှတ်မမှားကြရန် သတိပြုကြရမှာ ဖြစ်ပါတယ်” ဟု NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List