Thursday, June 26, 2014

အီရတ်တွင် အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၆ ဦး သေဆုံး၊ ၂၃ ဦး ဒဏ်ရာရ


အီရတ်နိုင်ငံအရှေ့မြောက်ပိုင်းက ကာကွက်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၆ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကာဒ့်ရဲတပ်ဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ကာကွက်မြို့ကို ကာဒ့်တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ခဲ့ပြီးနောက် ပထမဆုံး ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပြီး ကာဒ့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးသူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

လူစည်းကားတဲ့ဈေးတခုထဲ အသေခံဗုံးခွဲသမားက ၀င်ဖို့ ကြိုးစားနေစဉ် လုံခြုံရေးတွေက သံသယရှိလို့ စစ်ဆေးဖို့ လုပ်စဉ်အတွင်း အသေခံဗုံးခွဲခဲ့တာလို့ ကာဒ့်ရဲတပ်ဖွဲ့က ဆိုပါတယ်။

အီရတ်နိုင်ငံမြောက်ပိုင်းဒေသတွေကို အယ်လ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ်တပ်တွေနဲ့ ဆွန်နီသူပုန်တွေ စတင် သိမ်းပိုက်ချိန်ကစလို့ လူ ၁ ထောင်ကျော် သေဆုံးခဲ့ကြပြီး အများစုဟာ အရပ်သားတွေ ဖြစ်မယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အီရတ်ဝန်ကြီးချုပ် နူးရ်ရီ အယ်လ် မာလီကီ က အီရတ်အစိုးရသစ်ကို အချိန်မီ ဖွဲ့စည်းမယ်လို့ ဇွန် ၂၅ ရက်နေ့က ကတိပြုပြောဆိုပါတယ်။

အီရတ်ဝန်ကြီးချုပ် မာလီကီဟာ အရင်က သူ့ကို ထောက်ခံခဲ့သူတွေနဲ့ အတိုက်အခံတွေဘက်က ၀န်ကြီးချုပ်ရာထူးကနေ ထွက်ပေးဖို့ သွယ်ဝိုက် ဖိအားပေးတာ ခံနေရပါတယ်။

တချိန်က အယ်လ်ကိုင်ဒါတွေကို ပူးတွဲတိုက်ခိုက်ပေးခဲ့တဲ့ အလယ်အလတ် ဆွန်နီတွေကို အစိုးရအဖွဲ့ကနေ ဖယ်ရှားခဲ့တာကြောင့် အီရတ်ပြည် တွင်းပြဿနာတွေ ပိုမိုရှုပ်ထွေးလာတာမှာ တာဝန်ရှိတယ်လို့ သူ့ကို စွပ်စွဲနေကြပါတယ်။

အီရတ်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ရှီးယားဘာသာရေးခေါင်းဆောင်ကြီး အလီ အယ်လ် ဆစ်စတန်နီ (Ali al-Sistani)ကလည်း အီရတ်အစိုးရတွင်း ပြုပြင်ပြောင်းလဲရေးတွေ စတင်ဖို့ ဇွန် ၂၀ ရက်နေ့က တိုက်တွန်းပြော ဆို ထားပါတယ်။

အမေရိကန်နိုင်ငံအပါအ၀င် အရင်က ထောက်ခံသူတွေနဲ့ အတိုက်အခံတွေကပါ မာကီလီကို အီရတ် ၀န်ကြီးချုပ်ရာထူးကနေ ထွက်ပေးဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင် ၁ ရက်နေ့ အီရတ်ပါလီမန်မှာ အစိုးရသစ်ဖွဲ့စည်းမယ်လို့ အီရတ်ဝန်ကြီးချုပ် က အကြိမ်ကြိမ် ကတိပေးထားပြီး ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List