Wednesday, June 25, 2014

( ၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ယခင်နှစ်ထက် ပြည်ပကျောက်ကုန်သည် လာရောက်မှုနည်းပါး



နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသော (၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ယခင်နှစ်ထက် ကျောက်စိမ်းအတွဲပေါင်း ထက်ဝက်ကျော်လျော့နည်းပြီး ပြည်ပကျောက် ကုန်သည်ဝင်ရောက်မှု နည်းပါးကြောင်း သိရသည်။

ယခင်နှစ်ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၈၀၀၀ ကျော်ပြသခဲ့ရာ ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာကုန်သည်ပေါင်း ၈၀၀၀ ကျော်တက်ရောက်ခဲ့ပြီး ယခုနှစ် (၅၁) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၇၅၀၀ ခန့်သာ ပြသရောင်းချသွားမည်ဖြစ်၍ ပြည်တွင်းပြည်ပ ကျောက်မျက်ရတနာကုန်သည် ၄၀၀၀ ခန့်ဝင်ရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။

"ကျွန်တော်တို့ကဒီနှစ်မှာ ကျောက်မျက်ပြပွဲကို ပြည်တွင်းကကုန်သည် ၂၀၀၀လောက်ပေါ့။ နိုင်ငံခြား သားလည်း အဲဒီနီးပါးလောက်မှန်းထားပါတယ်။ အထူးသဖြင့် ကျောက်စိမ်းအရိုင်းတုံးတွေကို အရိုင်းအနေနဲ့ ထုတ်တာထက်စာရင် အချောထည်ကို ပိုထုတ်မယ်ဈေးကွက်မြင့်မားအောင်အထိ ရည်ရွယ်ချက်ရှိပါတယ်။ ဒါကြောင့်မို့ မနှစ်ကဆိုရင် ဒီမှာအားလုံးပေါင်း အတွဲပေါင်း ၁၈၀၀၀ လောက်အထိ ဖြစ်ခဲ့တယ်လေ။ ဒီနှစ်မှာနည်းနည်းကန့်သတ်လိုက်တယ်။ ဒီနှစ်မှာ ၇၅၀၀ ပဲ။ အကုန်လုံးကို တင်ခွင့်မပြုဘူးတော့ မဟုတ်ဘူး။ အားလုံးရတနာပြပွဲမှာတင်နိုင်အောင် အကျိုးတူတွေရှိတယ်။ ဖော်ထုတ်လုပ်ကွက်တွေရှိတယ်။ ကိုယ်ပိုင်တွေ ရှိတယ်။ အဲ့ဒါကို ခွဲတမ်းနဲ့မျှပြီးတော့ တင်ခွင့်ပြုလိုက်တာပါ" ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောကြားခဲ့သည်။

(၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ဇွန် ၂၄ ရက်မှ ဇူလိုင် ၆ ရက်အထိ မဏိ ရတနာကျောက်စိမ်းခန်းမနှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရတနာဈေးအထပ်) တို့တွင်ရောင်းချမည့် ကျောက်မျက်ရတနာများမှာ ကျောက်စိမ်းအရိုင်းတုံး၊ သွေးပြီး ကျောက်စိမ်းအချောထည်၊ ကျောက်မျက် အရိုင်းများ၊ သွေးပြီးကျောက်မျက်အချောထည်များ၊ ပုလဲ၊ ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲဖြင့်ပြုလုပ် ထားသော လက်ဝတ်ရတနာများ၊ ကျောက်စိမ်းနှင့်ဆင်တူသောကျောက်များ၊ အင်ကြင်းကျောက်အရိုင်းနှင့် အချောထည်များ၊ ရုပ်တုရုပ်ထွင်းများ၊ ပုံဆောင်ခဲများ၊ ကျောက်ကပ်ပန်းချီကားများ၊ ရွှေထည်၊ ငွေထည် ပစ္စည်းများဖြစ်ပြီး ကျောက်စိမ်းအတွဲပေါင်း ၇၄၅၄ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၄၃၆ တွဲနှင့် ပုလဲအတွဲပေါင်း ၃၄၂ တွဲကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၊ သမ၀ါယမ၊ အရောင်းဆိုင် ၁၃၆၆ ခုမှတင်ပြသော ကျောက်စိမ်းရိုင်း ၇၂၉၃ တွဲ၊ ကျောက်စိမ်းအချောထည် ၅၉တွဲ၊ နိုင်ငံပိုင် ကျောက်စိမ်းအရိုင်းတွဲ ၁၀ တွဲ၊ ကျောက်စိမ်းအချောထည် ၃၀ တွဲ၊ ကျောက်စိမ်းမဟုတ်သော အခြားတွင်းထွက်ရိုင်း ၄၉ တွဲနှင့် အချောထည် ၁၃ တွဲ စုစုပေါင်း ၇၄၅၄ တွဲကို ခင်းကျင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြရောင်းချမည့် ကျောက်စိမ်းတွဲများအားလုံးကို နိုင်ငံခြားငွေ ယူရိုဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၅၁) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် လာရောက်မည့် ပြည်တွင်းပြည်ပနိုင်ငံခြားကျောက် ကုန်သည် ၄၀၀၀ ကျော်အား နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ် ၅၈ လုံးတွင် အခန်းပေါင်း ၄၈၂၀ ခန်းကို စီစဉ်ထားရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List