Friday, June 27, 2014

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် LG အရောင်းပြခန်း ဖောက်ထွင်းခံရ




မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်းပလာဇာ ပထမထပ်ရှိ မြန်မာ အရှေ့တိုင်းဘဏ်နှင့် LG ၊ Sony အရောင်းပြခန်းတို့တွင် ဇွန် ၂၅ ရက် ညပိုင်းက ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖောက်ထွင်းမှုတွင် အရောင်းပြခန်းမှ ကင်မရာ၊ ဟန်းဆက်နှင့် ဆက်စပ် ပစ္စည်းပေါင်း ၂ဝ ခန့်ပါဝင်သွားပြီး တန်ဖိုးငွေ ကျပ်သိန်း ၈ဝ ဖြစ်ကြောင်းLG အရောင်းပြခန်းမှ စုံစမ်းသိရှိရသည်။ ဆိုင်မျက်နှာကြက်ကို ဖောက်ထွက်ကာ လှေကားဖြင့် ဆင်းပြီး ဆိုင်ထဲရှိပစ္စည်းများကို ယူဆောင်ခဲ့ခြင်းဖြစ်သည်။

“ဆိုင်မှာပိုက်ဆံမထားလို့ ငွေတော့ပါမသွားဘူး။ ကင်မရာနဲ့ ဟန်းဆက်ဆက် စပ်ပစ္စည်းတွေပဲ သယ်သွားတယ်။ ကျွန်တော်တို့ ပထမထပ်မှာ အဲယားကွန်းပြင်နေတဲ့နေရာ လေးနေရာလောက်ရှိတော့ မျက်နှာကြက်တွေပွင့်နေတာပေါ့။ ဒါကိုအသုံးချပြီး လုပ်သွားတာ။ ည ၉ နာရီဆိုင်ပိတ်ချိန်ကစပြီး ပလာဇာတစ်ခုလုံး မီးဖြတ်တဲ့အတွက် စီစီတီဗွီတပ်လည်း အလုပ်မလုပ်နိုင်တဲ့အတွက် မတပ်ထားပါဘူး” ဟု LG အရောင်းပြခန်းမှ ကိုစည်သူက ပြောကြားသည်။

ယင်းအရောင်းပြခန်းနှင့် တစ်ဆက်တည်း လေးဆိုင်ခန့်အကျော်တွင်ရှိသော မြန်မာအရှေ့တိုင်းဘဏ်တွင်လည်း ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး ATM စက်ကို ဖောက်ဖျက်ခံခဲ့ရကြောင်း သိရသည်။ ဘဏ်ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ အဆိုပါဘဏ်ကို သွားရောက်မေးမြန်း ခဲ့သော်လည်း ဝင်ခွင့်ပင်မပေးခဲ့ဘဲ အပြင်မှ အဲယားကွန်းပြင်နေသည့် မျက်နှာကြက်အပေါက်ကို ဓာတ်ပုံရိုက်ရာတွင် ဘဏ်နာမည်ဆိုင်းဘုတ် မပါဝင်စေရန် လာရောက်တားမြစ်ခဲ့သည်။

“လတ်တလော စစ်ဆေးချက်အရ အဲယားကွန်းတွေပြင်နေတဲ့ မျက်နှာကြက်တွေကတစ်ဆင့် လျှောက်လာတာဆိုတော့ အနည်းဆုံး နှစ်ယောက်အထက်ပဲ။ ဒါပေမယ့် ဒီမျက်နှာကြက် ခံနိုင်ရည်ကလည်း လူအများကြီး လျှောက်လို့မရနိုင်ဘူး။ ကျူးလွန်တဲ့သူတွေ အဓိကကတော့ ငွေလိုချင်တာပဲ။ အဲဒါကြောင့် ဘဏ်နဲ့ဒီလို အရောင်းပြခန်းလိုမျိုးကို ရွေးပြီးဖောက်ထွင်းတာပေါ့။ ဒါပေမဲ့ ငွေမထားတဲ့ ဆိုင်တွေဖြစ်နေတော့ ရတဲ့ပစ္စည်းပဲယူသွားကြတာ။ လောလောဆယ် အဲယားကွန်းပြင်တဲ့ သူတွေကို ခေါ်ယူစစ်ဆေးနေပါတယ်။ အခုဖြစ်ပွားမှုကို ဒိုင်းမွန်းပလာဇာအနေနဲ့ ဖွင့်မလား၊LGပြခန်းအနေနဲ့ ဖွင့်မလား ဆိုတာကို သူတို့ချင်းဆွေးနွေးလို့မပြီးသေးလို့ စခန်းကအမှုဖွင့်ဖို့ စောင့်နေပါတယ်” ဟု ချမ်းအေးသာစံမြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

ဒိုင်းမွန်းပလာဇာတွင် ရေ၊ မီး၊ အဲယားကွန်း အသုံးပြုခနှင့် လုံခြုံရေးတို့အတွက် တစ်လလျှင် ငါးခန်းတွဲအတွက် ကျပ် ၁ဝ သိန်း ပေးဆောင်ရကြောင်း ဖောက်ထွင်းခံခဲ့ရသည့် LGနှင့် Sony အရောင်းပြခန်းမှ သိရသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List