Wednesday, June 25, 2014

ယူကရိန်း ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို သမ္မတ ပြန်စဉ်းစားနေ


ယူကရိန်းစစ်ဘက် ရဟတ်ယာဉ် တစ်စီးကို သူပုန်တပ်ဖွဲ့များက ပစ်ချလိုက်ပြီးနောက် မိမိကိုယ်တိုင် အဆိုပြု ထားသည့် အပစ်အခတ် ရပ်စဲရေးကို ပြန်လည် ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ယူကရိန်း သမ္မတသစ် ပက်ထရို ပိုရိုရှန်ကိုက ခြိမ်းခြောက် ပြောကြားခဲ့သည်။

ယူကရိန်း အစိုးရက ဇွန်လ(၂၇)ရက်နေ့ထိ အပစ်အခတ် ရပ်စဲထားရန် အဆိုပြုချက်ကို နိုင်ငံအရှေ့ပိုင်းတွင် လှုပ်ရှားနေသည့် ရုရှားလိုလားသော သူပုန်အဖွဲ့များက လက်ခံထားခဲ့သော်လည်း M-8 ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် အခြေအနေ တစ်ကျော့ပြန် တင်းမာလာခဲ့သည်။ ဇွန်လ(၂၄)ရက်နေ့က ရဟတ်ယာဉ် ပစ်ချခံရပြီး စစ်မှုထမ်း (၉)ဦး သေဆုံးသွားခဲ့ရသည်။

“အပစ်အခတ် ရပ်စဲရေးကို အလေးအနက် မျှော်လင့်ထားပေမယ့် ကံဆိုးစွာနဲ့ပဲ တစ်ဖက်က ဒီသဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်”ဟု သမ္မတ၏ သတင်းပြန်ကြားရေး အဖွဲ့က ပြောကြားခဲ့သည်။ ရဟတ်ယာဉ် ပစ်ချခံရမှုအပြင် သူပုန်များက ယူကရိန်း တပ်များကို ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း ယူကရိန်း အစိုးရက စွပ်စွဲခဲ့သည်။

ရဟတ်ယာဉ်သည် သူပုန်တပ်များ ခြေကုပ်ယူ လှုပ်ရှားနေဆဲဖြစ်သည့် ဒိုနက်စ်မြို့တွင် ပစ်ချခံရခြင်း ဖြစ်သည်။ ဒိုနက်စ်နှင့် အနီးရှိ လူဟန့်စ်မြို့များတွင် သူပုန်တပ်များက ယူကရိန်းထံမှ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာထားကာ ရုရှားနှင့် ပူးပေါင်းရန် ကြိုးပမ်းနေသည်။ 

သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ်လအတွင်း ခရိုင်းမီးယားကို သိမ်းသွင်းခဲ့သည့် အစီ အစဉ်မျိုး နောက်ထပ်တစ်ကြိမ် အကောင်အထည် မဖော်ရန် ဆုံးဖြတ်ထားသဖြင့် ယူကရိန်း တပ်ဖွဲ့များနှင့် သူပုန်များသာ အပြန်အလှန် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

Ref: Channelnewsasia
7Day News Journal 

No comments:

Post a Comment

My Blog List