Thursday, June 26, 2014

လွှတ်တော်သက်တမ်းတလျှောက်တွင် တပ်မတော်သားကိုယ်စားလှယ်များမှ အဆိုနှစ်ခုသာ တင်သွင်းဖူးကြောင်း သိရ



လွှတ်တော်သက်တမ်းတလျှောက် ပထမအကြိမ်မှ ဆဋ္ဌမအကြိမ်အထိ ပုံမှန်အစည်းအဝေးများအတွင်းပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၌ တပ်မတော်သားကိုယ်စားလှယ် များမှအဆိုနှစ်ခုသာ တင်သွင်းဖူးကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်(Open Myanmar Initiative)၏လွှတ်တော် စောင့်ကြည့် လေ့လာရေး အစီရင်ခံစာပါ အချက်အလက်များအရ သိရသည်။

၎င်းတို့ တင်သွင်းခဲ့သည့် အဆိုများမှာ ပထမအကြိမ်၊ ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနှင့် ပထမအကြိမ်၊ အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများတွင် တင်သွင်းခဲ့ကြခြင်းဖြစ်ပြီး ယဉ်ကျေးမှု အနုပညာနှင့် ပတ်သက်သည်များဖြစ်ကာ အဆိုနှစ်ခုစလုံး အတည်ပြုခံခဲ့ရသည်။

ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၁၁ဝ ဦးနှင့် အမျိုးသား 
လွှတ်တော်တွင် ၅၆ ဦး ပုံမှန်ရှိနေပြီး ဆဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးအထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆိုပြုမှုဖြင့် အစားထိုးခန့်အပ်ခဲ့သည်များလည်း ရှိခဲ့သည်။

ပါတီအလိုက် အဆိုတင်သွင်းမှုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အများဆုံးဖြစ်ပြီး ပြည်သူ့ လွှတ်တော်တွင် အဆို ၉၅ခု၊ အမျိုးသားလွှတ်တော်တွင် ၉၅ခုနှင့် ပြည်ထောင်စုလွှတ်တော်တွင် ၂၇ခု တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထူးခြားချက်အနေဖြင့် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခြင်း လုံးဝမတွေ့ရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၂၈၆ ဦးအထိ ရှိခဲ့ပြီး၊ အမျိုးသားလွှတ်တော်တွင် ၁ဝ၈ ဦး ရှိကြောင်း သိရသည်။

လွှတ်တော် စောင့်ကြည့်လေ့လာရေးများ ပြုလုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင် OMI သည် ၎င်းတို့၏ တွေ့ရှိချက်များကို အစီရင်ခံစာများ၊ သုတေသနစာတမ်းများ ပုံမှန်ထုတ်ပြန်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ထက်နောင်နောင်
The Myanmar Age

No comments:

Post a Comment

My Blog List