Friday, June 27, 2014

အာဏာပိုင်များ သိမ်းဆည်းထားသည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပြည်သူ့မြေ များပေါ်တွင် Asia World ကုမ္ပဏီက စီမံကိန်းများဆောင်ရွက်ခဲ့သည့်အပေါ် ဥပဒေအရ ဆောင်ရွက်မည်ဟုဦးသိန်းညွန့် ပြောကြား


အာဏာပိုင်များ သိမ်းဆည်းထားသည့် ပြည်သူ့မြေများပေါ်တွင် Asia World Co.,Ltd မှ စီမံကိန်းများဆောင် ရွက်ခဲ့ခြင်းအား ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟု ဦးသိန်းညွန့်က ပြောကြားခဲ့သည်။


ဇွန် ၂၆ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ဆေးရုံစီမံကိန်းအဖြစ် သင်္ဃန်းကျွန်းမြို့နယ် ဇဝနနှင့် ဆ/က ရပ်ကွက်ရှိ လူနေအဆောက်အအုံ ၂ဝဝ ကျော် မြေနေရာအား သိမ်းဆည်းခဲ့ကာ Asia World Co.,Ltd သို့ လွှဲပြောင်းပေးခဲ့ပြီး လုံးချင်းတိုက်များဆောက်လုပ်၍ ပုဂ္ဂလိကများသို့ ရောင်းချခဲ့သည်ကို သိပါသလား၊ မူလနေထိုင်သူ နိုင်ငံသားများအတွက် မည်သို့ တာဝန်ယူဖြေရှင်းပေးမည်နည်း”ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သည်။

“အစိုးရက မူလမြေသိမ်းရတဲ့ ရည်ရွယ်ချက်က ဆေးရုံစီမံကိန်းအတွက် ဖြစ်တယ်။အဲဒီနေရာတွေမှာ အဆင့်မြင့်အိမ်ရာ ၇၅ လုံးကို Asia World က ဝင်ဆောက်တယ်ဆိုတာ မူလမြေသိမ်းခဲ့တဲ့ ရည်ရွယ်ချက် နဲ့ကွဲတဲ့အတွက် ဥပဒေကြောင်းနဲ့ပြောရင် ဒါက လိမ်လည်တာပဲ။ လိမ်လည်ပြီးတော့ လူထုမြေကိုသိမ်းတာ။ အဲဒီအထဲမှာ နှစ် ၉ဝ ဂရန် ရထားတဲ့ ပြည်သူတွေပါသွားတယ်။ အကုန် အိမ်မဲ့၊ ယာမဲ့ဖြစ်ကုန်တယ်။ အကုန် ဒုက္ခရောက်ကုန်တယ်။ ဘဝတွေပါ ပျက်ကုန်တယ်။ လူတွေကို သတ္တဝါတစ်ခု၊ ကံ တစ်ခုဆိုပြီး တိရစ္ဆာန်တွေ လို ပစ်ပယ်ထားတဲ့ဖြစ်စဉ်တွေကို ပြန်လည်ကုစားပေးဖို့က ဒီနေ့လူ့အခွင့်အရေးလို့ပြောနေတဲ့သူတိုင်းမှာ တာဝန်ရှိပါတယ်”ဟု ဦးသိန်းညွန့်က သတင်းထောက်များကို ပြောကြားသည်။ 

“ဟိုခေတ်က အာဏာပိုင်တွေနဲ့ပေါင်းပြီး ဥပဒေနဲ့မညီဘဲ အတင်းအဓမ္မ လုပ်ခဲ့တယ်ဆိုတာ ရှင်းရှင်းပြော ရရင် တရားမဲ့ပြုကျင့်တာပဲ။ အဲဒီကုမ္ပဏီတွေကို ဥပဒေနဲ့အညီ လုပ်တတ်အောင်၊ ဥပဒေချိုးဖောက်ခဲ့တာကို လျော်ကြေးပေးအောင်တော့ ဒီကုမ္ပဏီတွေအပေါ်မှာ တစ်စုံတစ်ရာတော့ ဥပဒေကြောင်းအရ ဖိအားပေးဖို့ လိုတယ်။  ဒီကုမ္ပဏီတွေအနေနဲ့ နောက်ပိုင်းမှာ နစ်နာခဲ့တဲ့ ပြည်သူတွေအတွက် ဘာမှမလုပ်ဘူးဆို ရင်တော့ ဒီကုမ္ပဏီတွေကို အရေးယူဖို့ ကျွန်တော်တင်မယ်။ ပြစ်မှုဆိုင်ရာဥပဒေမှာ ကာလစည်းကမ်းသတ် မရှိဘူး”ဟု ဦးသိန်းညွန့်က ဆက်လက်ပြောကြားသည်။

၁၉၉၄ ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားအနီးရှိ မြေများပေါ်တွင် Asia World Co.,Ltd က ဆောက်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဦးသိန်းညွန့်၏ မေးမြန်းချက်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးစိုးတင့်က နစ်နာခဲ့ရသည့် ပြည်သူများကို နစ်နာမှုမရှိအောင် မူလနေထိုင်ရာရပ်ကွက်တွင် ပြန်လည်နေရာချထားပေးခဲ့ပြီး မြေပိုင်ဆိုင် မှုမရှိသူ အိမ်ရှင်များကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်သို့ လည်းကောင်း၊ အိမ်ငှားများကို လှိုင်သာယာမြို့နယ် သို့ လည်းကောင်း နေရာချထားပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းဖြေကြားချက်နှင့် ပတ်သက်၍  ရွှေ့ပြောင်းပေးသည့်နေရာများတွင် ရေရရှိရေးမှအစပြု၍ အခက်အခဲ များစွာရှိနေကြောင်း ဦးသိန်းညွန့်က လွှတ်တော်တွင် ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List