Wednesday, June 25, 2014

မက္ကဆီကို မူးယစ်ရာဇ၀တ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိပြီ


မက္ကဆီကိုစစ်သားတွေက နိုင်ငံမြောက်ပိုင်း နယ်စပ်မြို့ တီဟွာနာမှာ မူးယစ်ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်ကို ဖမ်းမိပြီလို့ အစိုးရအရာရှိတွေက ဇွန် ၂၄ ရက်နေ့က ပြောပါတယ်။ အင်ဂျင်နီယာလို့ လူသိများတဲ့ လူးဝစ် ဖာနန်ဒို စန်ချဲ့ဇ် အာရေလာနိုကို တီဟွာနာမြို့က အိမ်တအိမ်ကို စစ်တပ်က စီးနင်းမှုအတွင်း ဇွန် ၂၃ ရက်နေ့ နေလည်ပိုင်းက ဖမ်းမိတာလို့ ဆိုပါတယ်။

သူ့ကို ဖမ်းမိအောင် သတင်းပေးနိုင်သူကို မက္ကဆီကို ပီဆိုငွေ သန်း ၃၀ ပေးမယ်လို့ အစိုးရက ကမ်းလှမ်းခဲ့ဖူးပါတယ်။

မက္ကဆီကို အနောက်မြောက်ပြည်နယ် စီနာလိုအာက မိသားစုကြီးတခုကနေ ဆင်းသက်လာတဲ့ သူတို့ ညီအကိုတွေဟာ ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

အသက် ၃၀ ကျော်လို့ ယုံကြည်ရတဲ့ စန်ချဲ့ဇ်ဟာ ဂိုဏ်းကို သူဦးလေးဆီက အမွေရပြီး သူတို့ အာဏာ လုပွဲကို ကာကွယ်ဖို့ နှိပ်စက် သတ်ဖြတ်တဲ့နည်းကို သုံးခဲ့တာပါ။

၂၀၀၈ ခုနှစ်က ရတဲ့ သတင်းအချက်အလက်တွေအရ ဂိုဏ်းကို ထိန်းချုပ်ဖို့ တိုက်ရာမှာ အပိုင်း ၂ ဖက်လုံးကြား အကြမ်းဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ အများကြီး ဖြစ်ခဲ့တယ်လို့ အမျိုးသားလုံခြုံရေး ကော်မရှင်အဖွဲ့ဝင် မွန်တီ အလဲဂျန်ဒရို ရူဘစ်ဒိုက ပြောပါတယ်။

တီဟွာနာဂိုဏ်းဟာ ပစ်ခတ်မှုတွေထဲမှာ ရှင်သန်ကျန်ရစ်မှု၊ ပြိုင်ဖက်တွေကို အတိအကျ လက်စားချေမှုနဲ့ အရာရှိတွေကို အပိုင်ကိုင်ထားနိုင်မှုတွေဟာ သူတို့ရဲ့စွန့်စားမှုတွေကြောင့် မက္ကဆီကိုမြောက်ပိုင်းက မူးယစ် ကုန်ကူးသူတွေရဲ့ စင်္ကြန်လမ်းတွေမှာ အကျော်အမော် ဖြစ်ခဲ့ဖူးပါတယ်။

DVB

No comments:

Post a Comment

My Blog List