Tuesday, June 24, 2014

အမျိုးသားနိုင်ငံရေးစောင့်ကြည့်ရေးအဖွဲ့မှ မီဒီယာအပါအ၀င်နိုင်ငံရေး အခြေအနေများကို စောင့်ကြည့်မည်


မကွေးဆရာတော် ဦးပါမောက္ခ နာယက အဖြစ်ဦးဆောင်ပြီး သံဃာတော်ခြောက်ပါးပါဝင်သည့် အမျိုးသား စောင့်ကြည့်ရေး အဖွဲ့ကမီဒီယာအပါအ၀င်၊ နိုင်ငံရေးအခြေအနေများကို စောင့်ကြည့်လေ့လာပြီး လူထုကို ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟု ဇွန်လ(၂၃)ရက်နေ့က ပြောကြားလိုက်သည်။

အဆိုပါအဖွဲ့က လက်ရှိပေါ်ပေါက်နေသော နိုင်ငံရေးအဖွဲ့များ၊လူမှုရေးအဖွဲ့အစည်းများ၊ မီဒီယာများ၊ လူမျိုးရေး ပဋိပက္ခများနှင့်အစိုးရအဖွဲ့ လုပ်ဆောင်ချက်များအား အမျိုးသားရေး နိုင်ငံသား အခွင့်အရေး စံနှုန်းဖြင့် တိုင်းတာကာ ပြည်သူများအား ချပြသွားမည်ဟုအဖွဲ့တွင်ပါဝင်သည့် ရွှေတွံတေးဆရာတော် ဦးဝါယမက မိန့်ကြားသည်။

“အမျိုးသား နိုင်ငံသား အခွင့်အရေးဆိုတာ ဘာနဲ့ တိုင်းတာသလဲဆိုတော့ လက်ရှိပြည်သူအများစု လိုအပ်တဲ့ အခွင့်အရေးနဲ့ နိုင်ငံတကာက အခွင့်အရေးတွေ၊အဲဒါတွေနဲ့ တိုင်းတာထားခြင်း ဖြစ်တယ်။ ဒါကြောင့် ဥပမာ မီဒီယာတစ်ခုက အချက်အလက် တစ်ခုခု မှားယွင်းနေတာတွေ့ရင် အဲဒီမီဒီယာတိုက်အထိ သွားပြောမယ် ။မရရင် ထုတ်ပြန်ချက်ထုတ်မယ်။ ဘုန်းဘုန်းတို့က အာဏာမရှိပါဘူး။ ဒါပေမဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆောင်ရွက်သင့်တာကို ဆောင်ရွက်တာမှာသြဇာရှိတဲ့အတွက် ထိရောက်မယ်ထင်ပါတယ်” ဟု ရွှေတွံတေး ဆရာတော် ဦးဝါယမကမိန့်သည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့အား မကွေးကျောင်းဆရာတော်ဦးပါမောက္ခ၊ ရွှေတွံတေးဆရာတော် ဦးဝါယမ၊ မောင်းတီး ဆရာတော်ဦးသဒ္ဓမ္မအပါအ၀င်  သံဃာတော် ၆ ပါးနှင့် အခြားလူပုဂ္ဂိုလ်များ ပါဝင်သည့် အမျိုးသားစောင့်ကြည့်ရေးအဖွဲ့ကို ဇွန်လ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်ပြီးလုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရသည်။

“သတင်းသမားတွေမှာလည်း သတင်းသမားကျင့်ဝတ်ရှိတဲ့အတွက်တစ်ခုခုမှားတယ်ဆိုရင် ဘုန်းကြီးတွေမှ မဟုတ်ဘူး၊ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း အရေးယူတာမျိုး လုပ်လို့ရတယ်၊ ဒါပေမယ့် ဘုန်းကြီးတွေ ဦးဆောင်တဲ့အဖွဲ့က ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့အများအမြင်မှာ အထင်လွဲနိုင်တယ်” ဟု မီဒီယာတစ်ခုမှ အယ်ဒီတာတစ်ဦးကအဆိုပါလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ဝေဖန်ပြောကြား လိုက်သည်။

အဆိုပါအဖွဲ့တွင် သံဃာတော်များသာမက အလွှာပေါင်းစုံမှပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

 “ဒီအဖွဲ့မှာ သံဃာတွေချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အလွှာစုံလူတန်းစားစုံ ပါဝင်ပါတယ်။ ဆရာတော်တို့အနေနဲ့ ဘာကြောင့်ပါဝင်ရသလဲဆိုရင်သံဃာတော်တွေဟာ အခုမှ မဟုတ်ဘူး။ ရှေးအဆက်ဆက် နိုင်ငံရေးတွေမှာလည်းပါဝင်ခဲ့တယ်။ ဒီတော့ ဘာကြောင့် ပါဝင်သလဲဆို ပါဝင်ချင်လို့ကို ပါဝင်တယ် ”ဟု အမျိုးသား နိုင်ငံရေး စောင့်ကြည့်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူရွှေတွံတေးဆရာတော် ဦးဝါယမက မိန့်သည်။

နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမျိုးသားနိုင်ငံရေးအခွင့်အရေးများနှင့်တိုင်းတာပြီးလေ့လာမည် ဆိုခြင်း မှာ မဖြစ်နိုင် ကြောင်း မကွေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ဝေဖန် လိုက်သည်။

“သူတို့ ကြိုက်တာကို အားပေးအားမြှောက်လုပ်မယ်။ မကြိုက်တာလုပ်တဲ့သူတွေဆိုဝေဖန်မယ်။ ဟိုနေရာ ရန်ဖြစ် ဒီနေရာ ရန်ဖြစ် ဖြစ်ဖို့ တိုးလာတဲ့အဖွဲ့အစည်းတစ်ခုလို့ ဆိုရမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ အဖွဲ့အစည်းနာမည်ဖြစ်တဲ့ အမျိုးသား နိုင်ငံရေးစောင့်ကြည့်အဖွဲ့ဆိုကတည်းကိုက လွဲနေပြီ။ ပါတီနိုင်ငံရေး ဆိုတာမရှိသလိုအမျိုးသားနိုင်ငံရေးဆိုတာလည်း မရှိဘူး။ နိုင်ငံရေးဆိုတာ စကားလုံးတစ်လုံးတည်းပဲ” ဟု ၄င်းက ဆိုသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့က အချက်အလက်များအား၎င်းတို့ပတ်ဝန်းကျင်ရှိ ဒကာ၊ဒကာမများဆီမှ ရရှိသည့် အချက်အလက်များ၊သတင်းစာ၊ ဂျာနယ်များတွင်ပါဝင်သည့် အချက်အလက်များမှစစ်ဆေး စုဆောင်းမည်ဖြစ်ပြီး လိုအပ်ပါက ကိုယ်တိုင်ကွင်းဆင်းဆောင်ရွက်ခြင်းများပါ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List