Thursday, February 12, 2015

Dagon City 1 စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထား


Dagon City 1 အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင် ဆောင်ရွက်နေမှုများအား မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံ မှု ကော်မရှင်မှ ယာယီရပ်ဆိုင်းထားရန် တိုက်ရိုက် ဆက်သွယ်လာခြင်းကြောင့် လုပ်ငန်များအားလုံး ခေတ္တရပ် ဆိုင်း ထားကြောင်း သိရသည်။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ၊ ဦးထောင်ဘိုအ၀ိုင်းအနီး  တိရိစ္ဆာန် ဥယျာဉ်လမ်း လမ်းပေါ်တွင် တည်ဆောက်နေ သည့် နိုင်ငံတကာ အဆင့်မီ Dagon City 1 အိမ်ရာ စီမံကိန်း၏ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရာ တွင် အထပ်အမြင့်၊ တုန်ခါမှုကြောင့် ထိခိုက်မှုရှိမရှိကို မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ဦးဆောင်ပြီး အဖွဲ့ပေါင်း ၁၀ ဖွဲ့က စစ်ဆေးနေသဖြင့် မကြာခင် လုပ်ငန်းများ ပြန်လည် စတင်နိုင်ရန် စောင့်ဆိုင်းနေကြောင်း Marga Landmark Development ကုမ္ပဏီ၏ ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြောသည်။

“ဇန်န၀ါရီ ၂၃ ရက်က လာစစ်သွားတယ်။ လေးပတ်နေရင် လာပြီးစစ်ဆေးသွား တဲ့ အကြောင်း ရင်း ကြေငြာချက် ပြန်ထုတ်ပေးလာရင် ကျနော်တို့ ဒီလုပ်ငန်းတွေ ပြန်စလို့ ရပါပြီ။ မကြာခင် လုပ်ငန်းတွေ ပြန်စတော့မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးစိုးသူထွန်းက ဧရာဝတီကို ပြောသည်။

အဆိုပါ စီမံကိန်းကို ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက စတင်အကောင်အထည်ဖော် လုပ်ကိုင်ခဲ့ပြီးနောက် တနှစ်ပြည့်ရန် လေးလခန့် အလိုတွင် ယခုကဲ့သို့ ပြန်လည် စစ်ဆေးရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော် မရှင်က ညွှန်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။

“YCDC (ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ) မှာ Master Plan တင်ပြီးသား။ အဲဒီမှာ အမြင့်ပေ ၁၉၀ ဆိုပေမယ့် ကျနော်တို့က အဲဒီအောက်တောင် ရောက်ဦးမယ် ရွှေတိဂုံဘုရားရဲ့ ခြေရင်းအောက်ပေါ့။ ဒီတင်ခဲ့တဲ့ Master Plan ကို YCDC ဥက္ကဋ္ဌ ကိုယ်တိုင် ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ဆောက်လုပ်ရေးပိုင်းတွေ ကတော့ မစရသေးပါဘူး၊ မြေညှိမြေတိုင်း လုပ်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်” ဟု ဦးစိုးသူထွန်းက ဆက်ပြောသည်။

Dagon City 1 စီမံကိန်းကို နိင်ငံတကာ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သည့် အဖွဲ့အစည်းဖြစ် သည့် Marga Landmark Development ကုမ္ပဏီက ရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းအခြေစိုက် သုခ ရတနာ ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းဖြင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

သုခရတနာ ကုမ္ပဏီ ဒါရိုက်တာ ဦးသောင်းထိုက်မင်းက “လာစစ်တာ နှစ်ခါရှိပါပြီ။ အဓိက ရည်ရွယ်ချက်က ကျနော်တို့ရဲ့ Technical Point of View အရ Strong ဖြစ်မဖြစ်ပေါ့။ ဘာကြောင့်လဲဆိုရင် ရွှေတိဂုံဘုရားနဲ့ အလံပြဘုရားနဲ့ နီးနေတာကြောင့် တည်ဆောက်မှုက ပတ်ဝန်းကျင် တုန်ခါစေပြီး ဘုရားတွေ ထိခိုက်မှာစိုးလို့ လာကြည့်တာ။ အခု သူတို့ဆီက Recommend ရသွားပါပြီ။ နောက်နှစ်ပတ်နေရင် ပြန်စလို့ရပြီ” ဟု ပြော သည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က မူလပထမက ခွင့်ပြုခဲ့ရာတွင် ရွှေတိဂုံစေတီတော်ကို စံထားသတ် မှတ်ခဲ့ရာမှ ယခုအခါ အလံပြဘုရားနှင့်ပါ စံနှုန်းထား ထည့်သွင်းသတ်မှတ်လာခြင်းကြောင့် အလံပြဘုရားနှင့် နီးကပ်သော ဆောက်လုပ်ရေး လုပ်ငန်းများကို ပေ ၄၀ အကွာသို့ နောက်ဆုတ်ပေးရန် ညွှန်ကြားလာကြောင်း ၎င်းက ဆိုသည်။

“အလံပြဘုရားနဲ့ နီးတဲ့ Block သုံးခုပေါ့။ ပိုင်ရိုက်စနစ်ကိုပဲ ယာယီအနေနဲ့ ရပ်ပြီး စစ်ဆေးတာ အဖွဲ့ပေါင်း ၁၀ ဖွဲ့ပါပါတယ်။ ပထမပိုင်းက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ကို တင်တော့ ဌာန ၈ ခုက မှတ်ချက် တောင်း တယ်။ သူတို့ရဲ့ ထောက်ခံချက်နဲ့ပဲ ကျတော်တို့ လုပ်ခဲ့တာ” ဟု ဦးသောင်းထိုက်မင်းက ဆက်ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြီးခဲ့သည့် သတင်းပတ် အတွင်းက Dagon City 1 စီမံကိန်း အပါ အ၀င် ရန်ကုန်မြို့တွင်းရှိ Marga Landmark Development ကုမ္ပဏီ၊ သုခရတနာ ကုမ္ပဏီနှင့် ရွှေတောင်ဖွံ့ဖြိုး တိုးတက်မှု ကုမ္ပဏီ ၃ ခုမှ တည်ဆောက်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင် ၅ ခု၏ လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းစေကာ ပြန်လည်ဆန်းစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ထုတ်ပြန်ညွှန်ကြားလာပြီးနောက် Dagon City 1 စီမံကိန်းကို ယခုကဲ့သို့ ယာယီ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ညွှန်ကြားချက်နှင့် ပတ်သက်ပြီး Marga Landmark Development ကုမ္ပဏီက ဖေဖော်ဝါရီ ၈ ရက်တွင် ကုမ္ပဏီ၏ ကြေညာချက် ထုတ်ပြန်ရာ၌ Dagon City 1 စီမံကိန်းသည် အစိုးရမှ ခွင့်ပြုထားသော အမြင့်ပေ အတိုင်း လိုက်နာ ဆောင်ရွက်ထားကြောင်း၊ အင်ဂျင်နီယာ အသင်းမှ စီမံကိန်း ဧရိယာသို့ စစ်ဆေးမှုများ ပြု လုပ်နေပြီး ယင်းစစ်ဆေး တွေ့ရှိချက် အဖြေများကို စောင့်ဆိုင်းနေကြောင်း၊ စီမံကိန်းကို ဥပဒေနှင့်အ ညီ ဆောင်ရွက်ထားခြင်းဖြစ် သည့် အတွက် လိုအပ်ချက်များ အားလုံးနှင့် ကိုက်ညီမည်ဟု ယူဆကြောင်းနှင့် မကြာခင် ဆောက်လုပ်မှုများ စတင်ရန် မျှော်လင့်ထားသည်ဟု ဖော်ပြခဲ့သည်။

Dagon City 1 စီမံကိန်း ဧရိယာသည် ရွေတိဂုံ စေတီတော်၊ ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်နှင့် ဦးထောင်ဘို အ၀ိုင်းအနီးတွင် တည်ရှိပြီး၊ ထိုစီမံကိန်း တည်ဆောက်မှုတွင် အဓိက ရင်းနှီးမြှပ်နှံထားသည့် Marga Landmark Development ကုမ္ပဏီတွင် ဟောင်ကောင်၊ ကိုရီးယားနှင့် အင်္ဂလန်နိုင်ငံတို့မှ ရင်းနှီးမြုပ်နှံသူများ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT) က ရွှေတိဂုံ ပတ်ဝန်းကျင်တွင် ဆောက် လုပ်မည့် စီမံကိန်းများသည် ယဉ်ကျေးမှုနှင့် ဘာသာရေး အထွတ်အမြတ်ဖြစ်သည့် ရွှေတိဂုံစေတီနှင့် သိင်္ဂုတ္တရကုန်း ပတ်ဝန်းကျင်ပေါ်တွင် သက်ရောက်မှုများ ရှိနိုင်သည့်အတွက် အထူးသတိထား ရန် လိုအပ်ကြောင်း၊ ထိုစီမံကိန်းများသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မိမိတို့ အပါအ၀င် အခြားသော မိတ်ဖက် အဖွဲ့အစည်းများက ကြိုးပမ်းလျက်ရှိသော မြေအသုံးချမှုဇုန်များ သတ်မှတ်ခြင်းနှင့် အခြားသော မြို့ပြစီမံကိန်းဆိုင်ရာ ထိန်းချုပ်မှုများနှင့် လိုက်လျောညီထွေမှု မရှိကြောင်း ပြောဆိုထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List