Wednesday, February 11, 2015

ထိုင်းဒီမိုကရေစီ ရွေးကောက်ပွဲ ယခုနှစ်ကုန် သို့မဟုတ် ရှေ့နှစ်ဆန်းတွင် ကျင်းပမည်ဟု စစ်အစိုးရ ခေါင်းဆောင် ပြောကြား


စစ်အစိုးရ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း သို့မဟုတ် ရှေ့နှစ်ဆန်း ပိုင်း အချိန် နောက်အကျဆုံးထား၍ ဒီမိုကရေစီ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည် ဖြစ်သည်ဟု တိုကျိုမြို့တော်သို့ ရောက်ရှိနေသော ထိုင်းစစ်အစိုးရ ခေါင်းဆောင် ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဂျပန်အစိုးရ၊ စီးပွားရေး လုပ်ငန်းများနှင့် ပြည်တွင်း မီဒီယာများကို အသိပေး ပြောဆိုလိုက်ကြောင်း သတင်းစာက ရေးသားဖော်ပြသည်။
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်က ထိုင်းဒီမိုကရေစီ ရွေးကောက်ပွဲကို ယခုနှစ်ကုန် သို့မဟုတ် ၂၀၁၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း အသိပေး ပြောဆိုသည်။

ဂျပန်နှင့် ထိုင်းခေါင်းဆောင် နှစ်ဦးသည် ၄၅ မိနစ်ကြာ တွေ့ဆုံဆွေးနွေးမှု ပြု လုပ်ပြီးနောက် နိုင်ငံရေး၊ လုံခြုံရေးကိစ္စများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံ တကာ ရေးရာများ၌ ပူးပေါင်း ဆောင်ရွက် သွားမည် ဟု ကြေညာချက် ထုတ်ပြန်သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ထိုင်းနိုင်ငံအနေနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ကာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင့်သုံးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြော ကြားသည်။

ဂျပန် ဝန်ကြီးချုပ်၏ တိုက်တွန်း ပြောဆိုမှုများနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပရာရွတ်က “ထိုင်းနိုင်ငံဟာ အင်အား တောင့်တင်းတဲ့နိုင်ငံ ပြန်ဖြစ်လာမယ် ဆိုတာ ကျွန်တော် ကတိပေး ပြောဆိုနိုင်ပါတယ်” ဟု တုံ့ပြန်ပြောကြားသည်။

ထို့ပြင် ဝန်ကြီးချုပ် ပရာရွတ်က အကယ်၍ ထိုင်းဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားသည့်တိုင် ၎င်းအနေနှင့် အာဏာကို ဆက်လက်ဆုပ်ကိုင် ထားလိုသည့် ရည်ရွယ်ချက် မရှိပါကြောင်း ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ် ခရီးစဉ်တွင် လိုက်ပါသွားသော Bangkok Post သတင်းစာ အယ်ဒီတာ၏ အဆိုအရ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဗိုလ်ချုပ်ကြီး ပရာရွတ်၏ ခေါင်းဆောင်မှု အရည်အချင်းကို ဆွေးနွေးပွဲ ပြုလုပ် ချိန်၌ ထုတ်ဖော်ချီးမွမ်းခဲ့သည်။

လာမည့် စက်တင်ဘာလတွင် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးသည်နှင့် တစ်ပြိုင်နက်တည်း နည်းဥပဒေများ ရေးဆွဲရန် လအနည်းငယ် ကြာမြင့်လိမ့်မည် ဖြစ်ကြောင်း၊ ထို့နောက် နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၁၆ ခုနှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာရွတ်က ပြောကြား သည်။

ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်ထားသော်လည်းအရာအားလုံး နိုင်ငံရေး လမ်းပြမြေပုံ အတိုင်း လုပ်ဆောင်လျက် ရှိသည်ဟု ၎င်းက ဂျပန် ဝန်ကြီးချုပ်ကို အသိပေး ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List