Tuesday, February 10, 2015

ငြိမ်းချမ်းရေးအတွက် စေတနာမှန်နဲ့ ကြိုးစားနေတာလို့ ပြောတဲ့ ၀န်ကြီး ဦးအောင်မင်း


လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်တွေနဲ့ အစိုးရအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ သမ္မတ ဦးသိန်းစိန် ကမ်းလှမ်းထားချက်က ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း အစိုးရဘက်က တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပါပြီ။
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက စိုးရိမ်ကြောင့်ကြမှုကင်းတဲ့ ထာဝရ ငြိမ်းချမ်းရေးမျိုး ရချင်ကြောင်း၊ အဲဒီအတွက် အရေးကြီးတဲ့ ကတိ ကဝတ်တွေကို အစိုးရနဲ့ သဘောတူညီမှု မယူရသေးတဲ့ အတွက် ပြည်ထောင် စုနေ့မှာ လက်မှတ်ထိုးဖို့ မဖြစ်နိုင် သေးကြောင်း ပြောဆိုကြပါတယ်။

ဒီအကြောင်းအရာတွေ အပါအဝင် ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလားအလာတွေနဲ့ ပတ် သက်ပြီး လွန်ခဲ့တဲ့ အပတ် အတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ စုပေါင်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ လာရောက် ဆွေးနွေး တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ကို ဧရာဝတီ သတင်းထောက်တွေဖြစ်တဲ့ ကျော်ခနဲ့ ငြိမ်းငြိမ်းတို့ တွေ့ဆုံ မေးမြန်းထား တာ တွေကို ဖော်ပြ လိုက်ပါတယ်။

မေး။     ။ ပြီးခဲ့တဲ့ လထဲမှာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ ပြည်ထောင်စုနေ့မှာ အပစ်ရပ် လက်မှတ် ထိုး ဖို့ ကမ်းလှမ်းခဲ့တယ်။ တိုင်းရင်းသားတွေဘက်က ခိုင်မာတဲ့ ငြိမ်းချမ်းရေးရရှိဖို့ သူတို့တောင်းဆိုထားတဲ့ အချက်တွေ သဘော တူညီမှု မရသေးတဲ့အတွက် လက်မှတ်ထိုးလို့ မဖြစ်နိုင်သေး ဘူးလို့ ဆိုပါတယ်။ ဝန်ကြီးတို့ ဘက်ကရော ဒါနဲ့ ပတ်သက်ပြီး ဘာပြော လို့ ရမလဲ။

ဖြေ။      ။  အမှန်ကတော့ ကျနော်က ၇ ကြိမ်မြောက် NCCT အစည်းအဝေး ကို ပြည်ထောင်စုနေ့ မတိုင်ခင် မှာ လုပ်လိုက်လို့ရှိရင် သဘောတူညီချက်တွေ အားလုံး ရသွားမယ်ဆိုရင် လက်မှတ်ထိုးဖို့ ဖြစ်သွားမှာပေါ့။ အခုက ၇ ကြိမ်မြောက် အစည်းအဝေးက ကြာ နေတာပေါ့။ ကြာနေရခြင်း အကြောင်းရင်း ကလည်း ခင်ဗျား တို့ သိတဲ့အတိုင်းပဲ တိုင်းရင်းသားတွေရဲ့ ပြည်နယ်နေ့တို့ အမျိုးသားနေ့တို့ ဆိုတာ ဇန်နဝါရီ၊ ဖေဖော်ဝါရီထဲမှာ လုပ်လေ့လုပ်ထ ရှိတယ်။

အခုဆိုရင်လည်း မွန်ပြည်နယ်ထဲမှာ မွန်အမျိုးသားနေ့တို့ ဘာတို့ လုပ်နေတယ်။ အဲဒါကြောင့်မို့လို့ ဒီလူ မစုံတဲ့အတွက် ကျနော်တို့က ၇ ကြိမ်မြောက် အစည်း အဝေးကြီးကို မလုပ်နိုင်တာ ဖြစ်တဲ့အတွက် အဲဒီရက်မှာ လက်မှတ်ထိုးဖို့ဆိုတာ ဒီအစည်းအဝေးကြီးက ဆုံးဖြတ်ချက်ရမှ လက်မှတ်ထိုးရမှာ ဖြစ်တဲ့အ တွက် ဒါကိုမထိုးနိုင်သေးဘူးလို့ပဲ ပြောပါရစေ။

မေး။     ။ UNFC (ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) ဘက်က ပြည်ထောင်စုနေ့မှာ “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီချက် တရပ်” ဆိုပြီး တောင်းဆိုထားတာ ရှိပါတယ်။ ဒီအပေါ်မှာရော အစိုးရဘက်က သဘောထားက ဘယ်လိုလဲ။

ဖြေ။      ။ ကျနော်တို့ NCA (တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက်) စာချုပ်ကြီးထဲမှာ ပါတဲ့အတိုင်းပဲ ကျနော် ပြောပါရစေ။ စာချုပ်ကြီးထဲမှာ ဘာပါလဲဆိုရင် ဖက်ဒရယ် စနစ်ကို အခြေခံ တဲ့ ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်များနှင့် အညီ ဆောင်ရွက်သွားမည်လို့ ပါပြီးသား ဖြစ်တယ်။ ကျနော်တို့က ဒါကို လက်မခံတာ မဟုတ်ဘူး။ ဆွေးနွေးပြီးမှ အကောင်အထည် ဖော်မယ်။ အခုချက်ချင်း တိုက် ရိုက်ကြီး တောင်းရင်တော့လည်း ဆွေးနွေးပွဲတွေ လုပ်ဖို့ လိုအပ်သေးတယ်လို့ပဲ ပြောချင်တာပေါ့ဗျာ။

မေး။     ။ ဝန်ကြီး ဒီနေ့ NCCT နဲ့ ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးပြီး ဘယ်လို သဘောတူညီချက်တွေ ရခဲ့လဲဆိုတာ ရှင်းပြပါဦး။

ဖြေ။      ။ ကျနော်တို့ ဒီဇင်ဘာလ ၂၂-၂၃ ရန်ကုန်မှာ NCCT နဲ့ UPWC အကြို ညှိနှိုင်းဆွေးနွေးပွဲ လုပ်ခဲ့တယ် ။ အဲဒီလို လုပ်ခဲ့တဲ့ ဥစ္စာကို အခုနောက်ထပ် ၇ ကြိမ်မြောက် ဆွေးနွေးပွဲလုပ်ဖို့အတွက် ဘယ်မှာလုပ်မယ်။ ဘယ်နေရာမှာ လုပ်မယ်။ ဘာတွေ ဆွေးနွေးကြမယ် ဆိုတာကို လာကြိုညှိတာပေါ့နော်။ အခု အကြမ်းဖျဉ်း အားဖြင့် ရတာကတော့ ပြည်ထောင်စုနေ့ပြီးတဲ့ အပတ် ရန်ကုန်မှာ လုပ်ကြမှာ ဖြစ်ပါတယ်။

သဘောတူညီချက်တော့ရသွားပြီ။ ရက်တော့ အတိအကျ မသတ်မှတ်ရသေးဘူး။ ပြည်ထောင်စုနေ့ပြီး တဲ့ တပတ်အတွင်းမှာ ကျနော်တို့ ရန်ကုန်မြို့မှာ UPWC နဲ့ သူတို့ NCCT နဲ့ဆွေးနွေးမယ် ဆိုတာကို ရက်တော့ ရပါပြီ။ ဒါက အဓိက အချက်ပါပဲ။

နောက်တချက်က ကျနော်တို့က လွတ်လပ်ရေးနေ့မှာ နိုင်ငံတော် သမ္မတကြီးကနေ ဗိုလ်ရှုသဘင် အခမ်းအ နား တက်ဖို့အတွက် အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ပါတယ်။ အခုလည်း ၁၆ ဖွဲ့ အတွက် ဒီနေ့ ကျနော်တို့ ဖိတ်စာပါ ယူလာပါတယ်။ အရင်တခေါက် တုန်းကတော့ ၁၆ ဖွဲ့ဖိတ်တဲ့ နေရာမှာ ၁၂ ဖွဲ့ပဲ တက်တာပေါ့။ အဲဒီတုန်းက သူတို့က ဘာပြောလဲဆိုရင် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ ဘာညာ ဆိုပြီးတော့ By name နဲ့ ကျနော်တို့က ဖိတ်လိုက်တယ်  ဗျာ။

ဖိတ်လိုက်တဲ့အခါ တချို့က ပါတီဖွဲ့ထားတဲ့ အခါကြတော့ ပါတီအနေနဲ့ပဲ ဖိတ်ပါ။ အဖွဲ့အနေနဲ့ပဲ ဖိတ်ပါ။ အဲဒီတော့မှ ပါတီမှာ ထိုင်ပြီး ဘယ်သူတွေ၊ ဘယ်သူတွေ တက်ရမယ် ဆိုတာကို သူတို့က ဆုံးဖြတ်မှာ ဖြစ် တယ်။ ဒါကြောင့်မို့ ပါတီအနေနဲ့ ဖိတ်ပါ။ အဖွဲ့အနေနဲ့ပဲ ဖိတ်ပါဆိုလို့ အခု ကျနော်တို့ အဖွဲ့အနေနဲ့ပဲ ဖိတ်ထား ပါတယ်။ အခုတခေါက်က ၁၆ ဖွဲ့လုံး တက်မယ်လို့ ကျနော်တို့ ဒီလိုပဲ မျှော်မှန်းပါတယ်။ အားလုံးလည်း ဒီထက် ပိုပြီးတော့ အခြေအနေ ကောင်းသွားမယ်လို့ ကျနော်တို့ တွက်ပါတယ်။

မေး။     ။ ဒီမလာခင် မြန်မာပြည်မှာ UPCC ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သိရတယ်။ သမ္မတနဲ့ UPCC ကနေပြီးတော့ ဒီဆွေးနွေးပွဲ အတွက် ဘယ်လို အလျှော့အတင်းတွေ လုပ်ပေးလိုက်တယ် ဆိုတာ သိပါရစေ။

ဖြေ။      ။ ကျနော်တို့ မနေ့က UPCC အစည်းအဝေး လုပ်တာက လိုအပ်တဲ့ မူဝါဒတွေ ပေးတာပေါ့။ နောက် တကြိမ် ဆွေးနွေးပွဲ လုပ်ဖို့တို့၊ နောက်တကြိမ် ဆွေးနွေးပွဲမှာတော့ ဘယ်အချက်တွေ ဆွေးနွေးဖို့ ဆို တဲ့ ဆွေးနွေးကြတဲ့ ပွဲပဲ ဖြစ်ပါတယ်။ အခု အဲဒါတွေ ယူပြီးတော့ ဒီမှာလာ ဆွေးနွေးတာပါ။ ဆွေးနွေးတော့ သူတို့ (NCCT) ကိုယ်တိုင် လက်ခံလို့ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက် ပြီးရင် နောက်တပတ် အတွင်းမှာ အစည်းအဝေးပွဲ လုပ်ဖို့ ဒါကို ကျနော်တို့က သဘောတူညီချက် ရအောင် လုပ်ထားခြင်း ဖြစ်ပါတယ်။

မေး။     ။ သမ္မတပါတဲ့ UPCC အစည်းအဝေးက မူချမှတ်လိုက်ပြီး အကောင်အထည် ဖော်သွားမယ် ဆိုတော့ ဘယ်လို မူဝါဒတွေ ချမှတ်လိုက်တာလဲ။

ဖြေ။      ။ အဓိက ကတော့ NCA အရေးအကြီးဆုံးပဲ။ NCA မှာ ဆွေးနွေးဖို့ ကျန်တဲ့ အချက် ၈ ချက်လောက် ရှိတာပေါ့။ အဲဒီ ၈ ချက်လောက်နဲ့ ပတ်သက်တဲ့ မူပဲ ဖြစ်တယ်။ ကျန်တဲ့မူ ဘာမှမပါဘူး။ NCA က အဓိကပဲ။

မေး။     ။ ကျနော်တို့ ကြားထားတာက UPCC ဆွေးနွေးပွဲကနေပြီ တော်လှန်ရေးဆိုတဲ့ စကားလုံး အပါအဝင် တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အချက်တွေထဲက တချို့ကို လျှော့ချပေးလိုက်တယ် ဆိုပြီး ကြားထားပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး ဝန်ကြီး အနေနဲ့ ဘယ်လောက်အထိ ပြောပြလို့ ရမလဲ။

ဖြေ။      ။ ဒါကတော့ ကျနော်တို့က နှစ်ဘက်ဆွေးနွေးရမှာ ဖြစ်တာပေါ့နော်။ ကျနော် တဘက်တည်း ပြောလို့ မရပါဘူး။ သူတို့ တောင်းဆိုထားတဲ့ အချက်တွေ အားလုံးက တစ်ဆို့နေတာ ၈ ချက်လောက် ရှိတာပေါ့ဗျာ။ ၈ ချက်လောက်မှာမှ ကျနော်တို့ဘက်က ရပ်တည်ချက်က ဘာ။ ဘယ်ဥစ္စာတွေကတော့ လျှော့ပေးလို့ ရတယ်။ ဘယ်ဥစ္စာတွေကတော့ လျှော့ပေးလို့ မရဘူး ဆိုပြီးတော့ ဒါလေးကတော့ ကျနော်တို့ မူပဲရတာ ဖြစ်ပါတယ်။ အတိအကျ မသိပါဘူး။

ဒါဟာလည်း ဆွေးနွေးပွဲကျမှပဲ ပြောရဆိုရမယ့် ဟာတွေ ဖြစ်တာပေါ့နော်။ အခုကြိုပြီးတော့ သူတို့လည်း ပြော မှာ မဟုတ်ပါဘူး။ ကျနော်တို့လည်း ပြောလို့မရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နောက် ကျနော်လည်း ဒီလို ချက် ချင်း ဆုံးဖြတ်လို့ မရပါဘူး။ အခု လာတာလည်း အစိုးရအဖွဲ့ တခုတည်း ဖြစ်ပါတယ်။

တကယ်တော့ ကျနော်တို့ UPWC ဆိုတာဟာ အဖွဲ့သုံးဖွဲ့ဆုံမှ အင်္ဂါရပ် ညီပါတယ်။ တပ်မတော်ရယ်၊ လွှတ်တော်ရယ်၊ ဝန်ကြီးများရယ်။ အခု အစိုးရရဲ့သဘောထားကို ကျနော်ပြောလို့ မရဘူး။ သုံးဖွဲ့ဆုံမှ ပြော လို့ရမှာ ဖြစ်တဲ့အတွက် အဲဒီသုံးဖွဲ့ ပါဝင်တဲ့ အစည်းအဝေး ကြရင်တော့ ကျနော်တို့ ညှိကြမှာပဲ။ ဘာပဲဖြစ်ဖြစ် အစည်းအဝေးတွေက တကြိမ်နဲ့ တကြိမ် တစ်ဆို့နေတာတွေကို ဖြေရှင်းရင်းနဲ့ပဲ တဖြည်းဖြည်း တိုးတက်လာ တာပေါ့နော်။

ဥပမာ စာချုပ်ကို ၁၁၂ ချက်ကနေ စတာ။ အဲဒီ သဘောမတူတဲ့ ၁၁၂ ချက်ကို ဖြေရှင်းရင်းကနေ အခုဟာ ၈ ချက်လောက်ပဲ ကျန်တော့တာပေါ့နော်။ ဒါကိုလည်း တော်တော်များများ ဆက်ပြီးတော့ လုပ်မှာပဲ။ ဘာပဲဖြစ်ဖြစ် ဆွေးနွေးပွဲတွေက တိုးတက် နေတယ် လို့ ပြောလို့ရပါတယ်။

မေး။     ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်နိုင်မလား။ ဒါနဲ့ ပတ်သက်ပြီး ဝန်ကြီး အနေနဲ့ ဘာပြောနိုင်မလဲ။

ဖြေ။      ။ ကျနော်က ဖြစ်အောင် ကြိုးစားနေတာ။ ကျနော်က သိပ်ဖြစ်ချင်နေတာပေါ့ဗျာ။ နောက်ရွေးကောက် ပွဲမှာက ဘယ်အစိုးရ တက်မယ်ဆိုတာ ကျနော်လည်း မသိဘူး။ ဒါကြောင့်မို့ စေတနာမှန်နဲ့ ကျနော် ရှိတုန်း မှာ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားနေတာ။

ဧရာဝတီ

No comments:

Post a Comment

My Blog List