အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံ ပညာရေးနဲ့ ပတ်သက်ရင် ၂ဝ၁၅
ဖေဖော်ဝါရီ ၁၁ ရက်ဟာ သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်သွားခဲ့ပါပြီ။ အဲဒီနေ့မှာ
သပိတ်မှောက်ကျောင်းသား ကိုယ်စားလှယ်တွေဟာ အစိုးရ၊
လွှတ်တော်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်
NNER ကိုယ်စား လှယ်တွေ နဲ့အတူ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ တောင်း
ဆိုထားတဲ့ အချက်တွေကို စားပွဲဝိုင်းပေါ်မှာ ချပြဆွေးနွေး ညှိနှိုင်းပြေလည်
မှုရခဲ့ကြလို့ပါပဲ။ ဘာတွေညှိနှိုင်း ပြေလည်မှုရခဲ့ကြသလဲ၊ ဘာတွေဆွေးနွေးဖို့
ကျန်ဦးမလဲ၊ နောက်ထပ် ဘာပြဿနာတွေရှိနေ ဦးမလဲဆိုတာ ဒီကနေ့ ဆွေးနွေး
တင်ပြသွားပါ့မယ်။
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ကြေညာတဲ့ပူးတွဲ ထုတ်ပြန်ချက်ကို ကြည့်ရင် အတော်လေးကို အားရဖို့ ကောင်းတာတွေ့ရမှာ ဖြစ်ပါတယ်။ အခုလို လေးပွင့် ဆိုင် ဆွေးနွေးပွဲအစပြုတဲ့ ရန်ကုန်မှာတုန်း က ကျောင်းသားတွေဟာ အကြိုတောင်းဆိုမှု လုပ်ထားခဲ့တာ ရှိပါတယ်။ အဲဒီထဲက ကျန်နေတဲ့ အချက်နှစ် ချက်နဲ့ ပတ် သက်ပြီးတော့လည်း အစိုးရဘက်က သဘောတူခဲ့တာ ဖြစ်ပါတယ်။ သဘောတူညီချက်အရ ဒီမိုကရေစီ ပညာရေးသပိတ်နဲ့ ပတ်သက်ပြီးပါဝင်သူ ကျောင်းသူကျောင်းသားတွေနဲ့ အားပေးကူညီ ထောက် ခံသူတွေကို သပိတ်နဲ့ ပတ်သက်ပြီး အရေးမယူပါဘူးလို့ အစိုးရဘက်က ကတိပြုခဲ့တာပါ။ ဒါဟာ အတော် အရေးကြီးတဲ့ အချက်လည်း ဖြစ်ပါတယ်။
ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် (၁၁) ချက်ကို ဆွေးနွေးရာမှာတော့ အချက်အားလုံးကို မူအားဖြင့် သဘောတူလိုက်လျောထားတာ တွေ့ရပါတယ်။ မူအားဖြင့် သဘောတူထားတာကြောင့် အသေးစိတ် အချက်အလက်တွေကို ဆက်ပြီးဆွေးနွေးကြရပါဦးမယ်။ ဒါကြောင့်လည်း ပူးတွဲထုတ်ပြန်ချက် အချက် နံပါတ် (၂) မှာ ဒီသဘောတူညီထားချက်တွေကို အောင်မြင်ပြီးဆုံးသည်အထိ ဆက်ပြီးအတူတကွ အကောင်အထည်ဖော်ကြဖို့ ကတိကဝတ် ပြုတာတွေ့ ရပါတယ်။ ပြောရရင် ဒီညှိနှိုင်းဆွေးနွေးမှုတွေ ဆက်ပြီးရှိနေဦး မယ်ဆိုတဲ့ သဘောပါ။
ဒီလို ပထမအဆင့် ညှိနှိုင်းပြေလည်မှုတွေ ရခဲ့ပေမယ့် ပြဿနာကတော့ရှိနေ ဆဲ ဖြစ်ပါတယ်။ အဓိက ပြဿနာ က တော့ဆွေးနွေးပွဲကို ပါဝင်တဲ့ ကျောင်းသား ကိုယ်စားလှယ်တွေဟာ သူ့သက်ဆိုင်ရာ ကျောင်းသားထု အပေါ် တာဝန်ခံရတာ ဖြစ်တဲ့အတွက် သပိတ်တွေကို ရပ်ဆိုင်းဖို့ ခက်ခဲနေခြင်းပါ။ အခုဆိုရင်ပဲ တချို့ သပိတ်စစ် ကြောင်းတွေကတော့ ဆက်ပြီးချီတက်မယ်၊ တချို့ စစ်ကြောင်းတွေကတော့ နားနေပြီး ဆွေးနွေး ပွဲရလဒ် တွေကို ဆက်စောင့်ကြည့် သွားမယ်လို့ မတူညီတဲ့ သဘောထားတွေနဲ့ ပြောဆိုနေတာတွေ ရှိနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ်ဆွေးနွေးပွဲ ပြန်လုပ်မယ့် ဖေဖော်ဝါရီ ၁၄ ရက် မတိုင်ခင် ကျောင်း သားကိုယ် စားလှယ်တွေဟာ သက်ဆိုင်ရာ သပိတ်မှောက်စစ်ကြောင်းတွေနဲ့ ထိတွေ့၊ ဆွေးနွေးပွဲ ရလဒ်တွေ ကို ရှင်းပြတာမျိုး လုပ်ကြရပါဦးမယ်။
ဒီထက် အရေးကြီးတာ တစ်ခုကလက်ရှိ အချိန်ဟာတက္ကသိုလ်ဝင်တန်းနဲ့ အခြေခံပညာ အထက်တန်း အ ဆင့် စာမေးပွဲတွေဖြေဖို့ နီးကပ်နေချိန် ဖြစ်နေလို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး စာမေးပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးနဲ့ တခြားရှုပ်ထွေးမှုတွေ ပေါ်လာမှာကို အုပ်ချုပ်ရေးပိုင်းက စိုးရိမ်တယ်လို့ ဆိုပါတယ်။တကယ် ဆို ပိုပြီးစိုးရိမ်သင့်တာက ကျောင်းသားကိုယ်စားလှယ်တွေနဲ့ NNER ကိုယ်စားလှယ်တွေ ဖြစ်ရမှာပါ။ လက်ရှိ အခြေအနေ စာသင်ကျောင်းမှာရှိနေတဲ့ ကျောင်းသားကျောင်းသူ တွေရော၊ သပိတ်ထဲပါနေတဲ့ ကျောင်း သား ကျောင်းသူတွေပါ စာမေးပွဲနဲ့ ပတ်သက်ပြီး ထိခိုက်နစ်နာမှု မရှိစေရေး နှစ်ဖက် အသေအချာ ဆွေးနွေး အဖြေရှာ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။
အခုဆွေးနွေးပွဲအပြီး ရလဒ်ကို ကြည့်ရင် အဆင်ပြေချောမွေ့တာတွေ့ရပါတယ်။ ဒါပေမယ့် ပြင်ဆင်ချက် ဥပဒေကြမ်းကနေ ဥပဒေဖြစ်လာဖို့ အဆင့်တချို့ကို စောင့်ဆိုင်းရပါလိမ့်ဦးမယ်။ အဲဒါတွေကတော့ ဥပဒေ ကြမ်းထဲမှာပါတဲ့ အချက်တွေရအောင် လေးပွင့်ဆိုင် ဆက်ဆွေးနွေးတာ၊ ဥပဒေကြမ်းဖြစ်အောင် ရေးသား တာ၊ ဥပဒေရေးထုံးနဲ့ ညီမညီစိစစ်တာ၊ အများပြည်သူကို ထုတ်ပြန်ကြေညာပေးတာ၊ လွှတ်တော်ထဲတင် တာ၊ လွှတ်တော်က လက်ခံပြီးဆွေးနွေးတာ၊ လွှတ်တော်က အတည်ပြု တာ၊ သမ္မတဆီ ပေးပို့တာ၊ သမ္မတ က အတည်ပြု ဒါမှမဟုတ် သဘောထားမှတ်ချက်နဲ့ ပြန်ပေးတာ၊ လွှတ်တော်က ပြန်ဆွေးနွေးတာ၊ နောက်ဆုံး ဥပဒေအဖြစ်ထုတ်ပြန်တာ စသဖြင့် အဆင့်တွေကို ကျော်ဖြတ်ရဦးမယ် ဖြစ်ပါတယ်။ အဲဒီ အဆင့်တွေပြီးလို့ အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခု ရသွားရင်တောင် ပညာ ရေးစနစ် ကောင်းမွန် လာရေးနဲ့ ပတ်သက်ပြီး သွားရမယ့် ခရီးလမ်းက ကြမ်းတမ်းလှပါသေးတယ်။
တိုင်းပြည်မှာ ပညာရေးဥပဒေ ကောင်းမွန်ပြီဆိုရုံနဲ့ မပြီးသေးပါဘူး။ နည်းဥပဒေတွေ လုပ်ထုံး လုပ်နည်းတွေ လိုအပ်ပါသေးတယ်။ ကြုံလာရမယ့် အခက်အခဲ ပြဿနာတွေ ရှိနေပါဦးမယ်။ ဒီထက် အရေးကြီးတာ က အဲဒီ ပညာရေးဥပဒေ၊ နည်းဥပဒေတွေကို အကောင်အထည်ဖော်မယ့် လူသားအရင်းအမြစ် ပြဿနာပါ။ လက် ရှိ ပညာရေး ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဒေါက်တာဘွဲ့ရတွေ အပါအဝင် ပါမောက္ခတွေ ဆရာတွေ၊ ဆရာမတွေ အများစုကြီးဟာ ဆိုးရွားတဲ့ ပညာရေးစနစ်က မွေးထုတ်ပေးလိုက်သူတွေ ဖြစ်ပါ တယ်။ ဆရာ၊ ဆရာမတွေ ထမ်းဆောင်ရမယ့် အနိမ့်ဆုံး စံချိန်စံညွှန်းဖြစ်တဲ့ ပြဋ္ဌာန်း ဘာသာရပ်တွေ ကို တောင် ကောင်းကောင်းပို့ချတတ်သူတွေ မဟုတ်ပါဘူး။ နမူနာအားဖြင့် အခြေခံပညာ အထက်တန်း အဆင့် သိပ္ပံဘာသာတွဲတွေကို အင်္ဂလိပ်လိုသင်ဖို့ ပြဋ္ဌာန်းထားပေမယ့် အဲဒီသင်မယ့် ဆရာ ဆရာမ အများ စုကြီးကိုယ်တိုင် အင်္ဂလိပ်လို တတ်မြောက်တာ မဟုတ်ပါဘူး။ တက္ကသိုလ်မှာလည်း ထိုနည်း၎င်းပါပဲ ။အင်္ဂလိပ်လို မတတ်တဲ့ ဆရာဆရာမတွေက ဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်တာ မြန်မာတစ်နိုင်ငံ တည်းရှိသလား မပြောတတ်ပါဘူး။ ဆိုလိုရင်းကတော့ ပညာရေး စနစ်ကောင်းဖို့ ဆိုရင် ဥပဒေကောင်းကောင်း ၊လူသားအရင်း အမြစ်ကောင်းကောင်းနဲ့ နောင်နှစ်ဆယ်နဲ့ ချီကြိုးစားမှ ရလာနိုင်မှာပါ။
ဒီနေရာမှာ အရေးကြီးတာက ဆရာတွေ၊ ကျောင်းသူကျောင်းသားတွေဟာ လက်ရှိရောက်နေတဲ့ အခြေ အနေအောက်မှာပဲ အဆင့်မြင့်ပညာကို တတ်မြောက်အောင် မဖြစ်မနေ ကြိုးစားအားထုတ်ကြဖို့ပါ။
ဒါကြောင့် လက်ရှိသပိတ်မှောက် ကျောင်းသားတွေရဲ့ ပညာရေး၊ တစ်နည်း ပြောရရင် သူတို့တွေရဲ့ ပညာ ရေးအပေါ်ထားတဲ့ သဘောထား လေးနက်မှုရှိဖို့ တိုက်တွန်းနေရတာ ဖြစ်ပါတယ်။ ပညာရေးစနစ် ကြီးဆိုးခဲ့ပါတယ်။ ဒါကို တိုက်ဖျက်ရပါမယ်။ တစ်ပြိုင်နက်တည်း ပညာရေးစနစ်ဆိုးကို တိုက်ဖျက်နေ တဲ့ ကျောင်းသား ကျောင်းသူတွေကိုယ်တိုင် ပညာကောင်းကောင်း တတ်လာအောင် အချိန်တိုင်းသတိပြု ကြိုးစားသင်ယူနေ ကြရမှာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment