Friday, February 13, 2015

လောက်ကိုင်တွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော် (AA) ပါဝင်






တရုတ်နယ်စပ်အနီးရှိ ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့ပေါ်တွင် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်မတော် ( Arakan Army) မှ တပ်ဖွဲ့များလည်း ပါဝင်နေသည်ဟု သတင်း ရရှိသည်။

တအာင်းတပ်မတော်၏ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် လောက်ကိုင်ဒေသ၌ ဖြစ် ပွားနေသော တိုက်ပွဲများမှာ ဖုန်ကြားရှင် ဦးစီးသည့် မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု (MNDAA)၊ တအာင်းတပ်မတော် ( TNLA)၊ ရက္ခိုင့်တပ်မတော် ( AA)နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ ( KIO/KIA) ပူးပေါင်းတပ်ဖွဲ့တို့ နှင့် ဖြစ်ပွားနေသည်ဟု ဖေါ်ပြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် မြန်မာ့ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော လက်နက်ကိုင် တပ်တို့အကြား ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖေါ်ပြသည်။

ကိုးကန့်တိန်းရှောင်အဖွဲ့အား နယ်မြေအတွင်းအခြေပြု လူပ်ရှားနိုင်ခြင်း မရှိစေရေးအတွက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တပ်မတော် စစ်ကြောင်းများက သူတို့ဆုတ်ခွာရာ အနောက်ဘက်နှင့် အနောက်မြောက် ဘက်သို့ ထပ်ကြပ်လိုက်လံ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း၊ ယင်းပြင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်နှင့် နေလယ်ပိုင်းတို့တွင် လောက်ကိုင်မြို့ အနောက်မြောက်ဘက်ရှိ ညံခွမ်းကျေးရွာ အရှေ့ဘက် တ၀ိုက်တွင် ၃ ကြိမ်၊ တာရွှေထန် ကျေးရွာ အနောက်မြောက်ဘက်တွင် တစ်ကြိမ် တိန်းရှောင် တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ထုတ် Daily Eleven သတင်းစာတွင်မူ ပူးပေါင်းတပ်ဖွဲ့ ရှိ ကိုးကန့်ဦးဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ တပ်ပေါင်းစု၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့၊ ရက္ခိုင့်တပ်မတော် ပူးပေါင်းတပ်တို့နှင့် ဖြစ်ပွားသော လောက်ကိုင်မြို့ပေါ်တိုက်ပွဲမှာ ပိုမို ပြင်းထန်လာနေကြောင်း၊ ဖေဖော်ဝါရီ လ ၁၀ ရက် ညပိုင်းမှ ရှမ်းပြည် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ပေါ်၌ ပစ်ခတ်မှုများ စတင် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းအထိ ဖြစ်ပွားနေကြောင်း၊ ယင်းတိုက်ပွဲ များသည် လောက်ကိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးရုံးသို့ MNDAA တပ်ဖွဲ့မှ လာရောက် ပစ်ခတ်ခဲ့ ရာမှ စတင်ခဲ့ကြောင်း၊ နှစ်ဘက် အထိအခိုက် အကျအဆုံးများရှိနေကြောင်း ရေးသားဖေါ်ပြသည်။

MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပူးပေါင်းတပ်ဖွဲ့မှ ၅ ဦးကျဆုံးပြီး တပ်မတော်ဘက်မှ ၇၀ ဦးခန့်ကျဆုံးကြောင်း ခန့်မှန်းထားသည်ဟု ပြောဆိုကြောင်း Daily Eleven သတင်းစာတွင် ဖေါ်ပြသည်။
တိုက်ပွဲမှာ တပ်မ ၃၃တပ်များ တိုက်ပွဲ့ ဖြစ်ပွားရာ ဒေသသို့ ရောက်ရှိလာပြီးနောက် တိုက်ပွဲမှာ ပိုမို ပြင်းထန် လာကြောင်း တရုတ်မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ်များက ပြောဆိုသော်လည်း ဦးထွန်းမြတ်လင်းကမူ တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့ ၀င်ရောက်လာတုန်းဖြစ်ပြီး တိုက်ပွဲ ပြင်းထန်လာနေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Democracy Today သတင်းစာတွင်တိုက်ပွဲများ ပြင်းထန်နေ သဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တပ်မတော်(လေ)မှ MIG 29 တိုက်လေယာဉ်များ၊ MI 35 ရဟတ်ယာဉ်များဖြင့် လေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရသည်ဟု ဖေါ်ပြသည်။

ယင်းသတင်းစာတွင်ပင် မြန်မာတပ်မတော်မှ အဆင့်မြင့် အရာရှိကြီး တစ်ဦးကို ကိုးကားပြီး တပ်အရာရှိ အချို့နှင့် အခြားအဆင့် နှစ်ဆယ်လောက်ကျဆုံးကြောင်း ဖေါ်ပြသည်။ ၎င်းအပြင် ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် တာရွှေထန်ရှိ အမှတ် (၉၃၆) ထောက်ပံ့ပို့ဆောင်ရေးတပ်နှင့် အမှတ် (၉၁၇) စစ်မြေပြင် အင်ဂျင်နီယာတပ်များကို ပူးပေါင်းတပ်ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် တာရွှေထန် ရဲစခန်းအား ၀င်ရောက် တိုက်ခိုက် ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် အချို့ကျဆုံးခဲ့သည်ဟု ဖေါ်ပြသည်။
The Union Daily မှ သတင်းတွင် တိုက်ခိုက်မှုကြောင့် ထွေအုပ်ရုံးတွင်စောင့်ကြပ်နေသော ရဲခြောက်
ဦး သေဆုံးခဲ့သည်ဟု ကြားသိရကြောင်း လောက်ကိုင်ဒေသခံ ဦးအိုက်စွန်းကို ကိုးကားဖေါ်ပြသည်။

တိုက်ပွဲကြောင့် လောက်ကိုင်မြို့ဒေသခံများမှာ နယ်စပ်မှ တဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြပြီး အစိုးရ၀န်ထမ်းများလည်း ဘေးလွှတ်ရာသို့ ထွက်ပြေးတိန်းရှောင်သွားကြသည်ဟု သိရသည်။

ဖုန်ကြားဦးဆောင်သော ကိုးကန့်အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသော အဖွဲ့ ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေးယူခဲ့သော အဖွဲ့ဖြစ်ပြီး လောက်ကိုင် ဒေသကိုလည်း အထူးဒေသ အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့ပြီးနောက် ယင်းအ
ဖွဲ့နှင့် မြန်မာတပ်မတော်အကြား တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။

Narinjara

No comments:

Post a Comment

My Blog List