Thursday, February 12, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အရေးပါသော ကတိကဝတ် မူအားဖြင့် သဘောတူညီမှုရဟုဆို


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေး အတွက် အရေးပါသော ကတိကဝတ်များကို မူအားဖြင့် သဘောတူညီမှု ရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော် မတီဝင် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော အစိုးရအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့တို့ တွေ့ ဆုံခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြော ကြားခြင်း ဖြစ်သည်။

“တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပူးပေါင်းဆောင် ရွက်သွားဖို့ ကတိကဝတ် အတွက်ပါပဲ။ ဒီနေ့ ဆွေးနွေးတဲ့ အကြောင်းအရာကို အားလုံးက အတည်ပြုဖို့ဆိုရင် အခုအခမ်းအနားကို တက်မလာတဲ့ လက်နက်ကိုင် အဖွဲ့တွေကိုလည်း ပြန်အကြောင်းကြားဖို့ လိုတယ်” ဟု ဖဒိုစောကွယ်ထူးဝင်း က ပြောကြားသည်။

တိုင်းရင်းသားများ တောင်းဆိုထားသော ဒီမိုကရေစီကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ကတိကဝတ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်များကို မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ထပ်မံညှိနှိုင်းမည် ဖြစ်သော်လည်း တက်ရောက်လာသည့် လက်နက်ကိုင်အဖွဲ့များ အနက် အချို့အဖွဲ့မှာ သဘောတူထားသော ကတိကဝတ်များကို ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် ယင်းတို့၏ လက်နက်ကိုင်အဖွဲ့အတွင်း ပြန်လည်တင်ပြ ဆွေးနွေးရန် လိုအပ်နေသည့်အတွက် အဆိုပါ ကတိကဝတ်များ ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တိုင်းရင်းသား လက်နက်ကိုင်များ ထံမှ သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNFC ကလည်း နိုင်ငံလုံးဆိုင် ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံရေးယုံကြည်မှု ကတိကဝတ်လက်မှတ် ဦးစွာ ရေးထိုးရေး ဖေဖော်ဝါရီ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးမီ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ် သွားနိုင်ရန် နှစ်ဖက်ယုံကြည်စေမည့် ကတိကဝတ် တောင်းဆိုချက်ကို UNFC က ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း UNFC အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

UNFC ၏ ထုတ်ပြန်ချက်တွင် ကတိကဝတ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံကို ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသည့် အမျိုးသားပြည်နယ်များ ကို အခြေခံပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် သဘောတူညီကြောင်း ထည့်သွင်း ထားပြီး အဆိုပါ ကတိကဝတ် အဆိုပြုချက်ကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း အစိုးရထံသို့ ပေးပို့ထား ပြီး နှစ်ဖက်ညှိနှိုင်းရေးအတွက် အဆိုပြုသော်လည်း အစိုးရက လက်ခံတွေ့ဆုံခဲ့ခြင်း မရှိကြောင်း ပါရှိသည်။

“ဒီထုတ်ပြန်ချက် ဘာလို့ထုတ်လည်း ဆိုတာက ရှင်းပါတယ်။ ကျွန်တော်တို့က အရင်ဆုံး ကတိကဝတ် လက်မှတ်ထိုးဖို့ အရေးဆိုတယ်။ ပြီးတော့ ကတိကဝတ် အဆိုပြုချက်ကို အစိုးရနဲ့ ညှိနှိုင်းဖို့ လုပ်တယ်။ ဒါပေမဲ့ သူတို့ဘက်က လက်ရှိအချိန်အထိ အကြောင်းမပြန်ဘူး၊ ကတိကဝတ် လက်မှတ်မထိုးဖြစ်ခဲ့ရင် UNFC နဲ့ မဆိုင်ဘူး ဆိုတာကို ကြိုရှင်းတဲ့ သဘောပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

အစိုးရအနေနှင့် နှစ်ဖက်ယုံကြည်မှု ရရှိစေရေးအတွက် ကတိကဝတ် လက်မှတ်ရေးထိုးနိုင်ရေးကို လက်ခံသော်လည်း UNFC တောင်းဆိုသော ကတိကဝတ်များသည် နိုင်ငံရေး ဆွေးနွေးပွဲတွင်သာ ဆက်လက်ဆွေးနွေးရမည့် အချက်များ ပါဝင်နေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“သူတို့ရဲ့ အဆိုပြုချက်ထဲမှာ အမျိုးသားပြည်နယ်များ ဆိုတာ ပါတယ်၊ ဒါက သဘောတူထားတာ မဟုတ်သေးဘူး၊ ဝန်ကြီး ဦးအောင်မင်းက ကတိကဝတ်တွေကို ညှိနှိုင်းပြီးသား NCA မူကြမ်းမှာ ပါတဲ့ အချက်တွေကိုပဲ ပိုမိုထင်ရှားလာအောင် ထည့်သွင်းချင်တယ်လို့ ပြောဘူးတယ်။ ထပ်ပြီးညှိနှိုင်းစရာ မလိုဘူးလေ၊ အခု UNFC က တောင်းဆိုတဲ့ ကတိကဝတ်က အသစ်တွေ ပါနေတယ်။ အဲဒါတွေကို ထပ်ညှိရမယ်ဆိုရင် ဆွေးနွေးပွဲတွေကို ကြန့်ကြာစေနိုင်တယ်” ဟု ၎င်းကဆိုသည်။

သို့သော် ကရင်ပြည်နယ် သံတောင်မြို့သစ်တွင် နှစ်ပေါင်း ၆၀ ကျော် အတွင်း ပြန်လည်ကျင်းပနိုင်ခဲ့သည့် ကရင်အမျိုးသားနေ့သို့ တက်ရောက်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင် ဖဒိုစောသမိန်ထောကမူ ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲအချို့ကြောင့် လက်နက်ကိုင်အဖွဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ဖွယ် မရှိကြောင်း ပြောကြားသည်။

“နိုင်ငံတော်သမ္မတကြီးဆီက ရှမ်းပြည်နယ် တိုက်ပွဲများကြောင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ဒီကနေ့မှာ လက်မှတ်ရေးထိုးနိုင်ဖို့ မရှိဘူးဆိုတဲ့ သတင်း စကား ရောက်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ အချိန်မရွေး လက်မှတ်ကို ရေးထိုးပေးနိုင်ပါတယ်။ ကျန်တဲ့ အခြေ အနေတွေကြောင့် ကနေ့ပွဲကနေ နောက်ထပ် ဘယ်နေ့ မှာ လုပ်ဖြစ်မယ် ဆိုတာလောက်ပဲ ထုတ်ပြန်နိုင်မယ် ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ကို ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း အဖွဲ့ ၁၃ ဖွဲ့သာ တက်ရောက်နိုင်ခဲ့ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့တို့ အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတ ရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List