Friday, February 13, 2015

ကချင် ဆရာမ နှစ်ဦး အသတ်ခံရမှု စုံစမ်းရေးကော်မရှင်တွင် အမျိုးသမီးအဖွဲ့များ ပါဝင်ဖွဲ့စည်းပေးရန်တောင်းဆို


ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ စေတနာ့ ဝန်ထမ်းဆရာမ နှစ်ဦး ရှမ်းပြည် နယ်မြောက်ပိုင်း ကောင်းခါး ကျေးရွာတွင် အသတ်ခံရမှုအတွက် ဖွဲ့စည်း ထားသော စုံစမ်းရေးကော်မရှင်တွင် အမျိုးသမီးအဖွဲ့များ ပါဝင်စေလို၍ ပြန်လည်ဖွဲ့စည်း ရန် တောင်းဆိုထားကြောင်း အမျိုးသမီးအဖွဲ့များ ကွန်ရက်မှ အဖွဲ့ဝင် ဒေါ်ဆူဇန်နာလှလှစိုး က ဖေဖော်ဝါရီ ၁၂ ၇က် က ပြောသည်။
ဒေါ်ဆူဇန်နာလှလှစိုး က “ဆရာမနှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့တဲ့ အထဲမှာ ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေ မပါဘူး။ ဒါကြောင့် အမျိုးသမီးအဖွဲ့တွေပါဝင်တဲ့ စုံစမ်းရေးကော်မရှင် ပြန်လည်ဖွဲ့စည်း ပေး ဖို့ တောင်းဆိုထားတယ်”ဟု ဆိုသည်။

စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးသည် ဇန်န၀ါရီ ၁၉ ရက် ညပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာတွင် အသတ်ခံရပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် ရှေ့နေများအပါအ၀င် အဖွဲ့ဝင် ၁၅ ဦးပါ စုံစမ်ရေးကော်မရှင် ဖွဲ့စည်း၍ သက်ဆိုင်ရာမှ စုံစမ်းမှုများ ပြုလုပ်လျက်ရှိသည်။

စုံစမ်းရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးလမာယော်က “တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ အဖွဲနဲ့ တွေ့ဆုံပြီးပါပြီ။ ဆရာမနှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး အခုတော့ ဘာထုတ်ပြန်ချက် တစ်စုံတစ်ရာမှတော့ ထုတ်ပြန် ချက်မပေးလိုသေးပါဘူး။ အပြင်မှာ ပြောနေကြတဲ့ ဘယ်သူဘယ်ဝါဆိုတဲ့ ကောလာဟလတွေက မဟုတ်ပါဘူး” ဟု ဆိုသည်။

အဆိုပါ စုံစမ်းရေးကော်မရှင်မှ ဦးကျော်ကောက “ကျွန်တော်တို့ နှစ်ဖက်စလုံးက လူတွေနဲ့ တွေ့ဆုံစကားပြော နေပါတယ်။ အားလုံးပြီးသွားရင် ဒီအပတ်ထဲမှာပဲ ကြေညာချက် ထုတ်ပြန်သွားမှာပါ” ဟုဆိုသည်။

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုအတွက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ ၂၄ နာရီပြည့် ဆုတောင်းပွဲကို တစ်ကမ္ဘာလုံး အတိုင်းအတာ အနေဖြင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် တစ်ပြိုင်တည်း ၀တ်ပြုဆုတောင်းသွားမည်ဟုလည်း ဦးလမာယော်က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List