Thursday, February 12, 2015

တိုင်းရင်းသားလူငယ်များ၏ ပြည်ထောင်စု စကားသံ

ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးက လက်လှမ်းမီသမျှ တိုင်းရင်းသားလူငယ်တချို့ရဲ့ စကားသံတွေကို စုစည်း တင်ဆက်လိုက်ပါ တယ်။
မိစွယ်တာ (မွန်လူငယ်ကွန်ရက်အဖွဲ့ )

“တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှ ပြည်ထောင်စုစိတ်ဓာတ်ရှိမယ်လို့မြင်ပါတယ်။ ကျမတို့နိုင်ငံမှာ တိုင်းရင်းသားအမျိုးမျိုးမှာ မတူကွဲပြားမှုတွေရှိတယ်၊ ဘာသာစကား၊ စာပေ၊ နေရာဒေသ အမျိုးမျိုးပေါ့။ အဲဒီမတူကွဲပြားတဲ့ လူမျိုးတွေ အတူတူလျှောက်လှမ်းဖို့ စုစုစည်းစည်းရှိဖို့ ကွန်ရက်တွေ ရှိရပါမယ်။ ပြီးရင် တွေ့ဆုံဆွေးနွေးမှု အမြင်ဖလှယ်မှုတွေ နားလည်မှုတွေ ရယူရပါမယ်။ ပြီးရင် ဖက်ဒရယ် နိုင်ငံ ကို ကောင်းမွန်စွာ သွားနိုင်ဖို့အတွက် ပြည်ထောင်စုစိတ်ဓာတ်ဆိုတာကို တိုင်းရင်းသားတိုင်း လူတိုင်း လူတိုင်း သိမှသွားနိုင်မယ်လို့ မြင်ပါတယ်။ ကျမတို့ လူငယ်တွေကလည်း တတ်နိုင်သလောက် လုပ်နိုင် သလောက်လုပ်နေပါတယ်။ ပြီးခဲ့တဲ့လကဆို ကျမတို့ တိုင်းရင်းသားလူငယ်တွေးနွေးဖလှယ်ပွဲတွေ လုပ်ခဲ့ ပါတယ်။ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အတူတူချမှတ်ခဲ့ကြပါတယ်။

ကိုခင်မောင်လင်း ( ရခိုင်လူငယ်များအဖွဲ့ )

“ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ကျနော်တို့ တိုင်းရင်းသားတွေလူမျိုးတွေအားလုံး မြန်မာပြည်တွင်း မှာ ရော ပြည်ပမှာရောရှိတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုးတွေရဲ့ ချစ်ချစ်ခင်ခင် လေးလေးစားစား တယောက်နဲ့တယောက် နားလည်မှုလို့ သဘောရပါတယ်။ ခုလက်တွေ့မြင်ရတောကတော့ ကျနော်တို့ အားလုံးဟာ တစိတ်တည်းတ၀မ်းတည်း တညီတည်း ဖြစ်နေတယ်လို့ ကျနော်ယူဆပါတယ်။ ဘာလို့လဲ ဆိုတာ့ ဆက်သွယ်ရေးကွန်ရက်တွေအားကောင်းလာတယ်၊ တိုင်းရင်းသားအဖွဲ့တွေ ချိတ်ဆက်ဆောင် ရွက်နိုင်တယ်။ ကရင်၊ ကချင်၊ ချင်းစတဲ့ ဒေသက တိုင်းရင်းသားလူငယ်ဆွေးနွေးပွဲတွေ ကျနော်တက်ခဲ့တယ်၊ ကျနော်တို့ ရခိုင်တွေကိုလည်း သူတို့က စာနာနားလည်ကြတယ်။ အခုလူကြီးတွေ လုပ်နေတာ မှန်ရင် ကျနော်တို့ ထောက်ခံမယ်၊ မှားရင် ဆန္ဒပြမယ်ဗျာ။”

ခွန်းဘီတူး (ကရင်နီပြည်လူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူး)

ခွန်းဘီတူး

“ပြည်ထောင်စု စိတ်ဓာတ်ထဲမှာ ပထမဆုံးက နိုင်ငံသားတယောက် အနေနဲ့က ကျနော်တို့ အချင်းချင်း လေး စားကြရမယ်။ ပြီးရင် တိုင်းရင်းသားတွေအားလုံးက တန်းတူရှိတယ်၊ ဒီနိုင်ငံမှာ အရောင်းအသွေး ပေါင်းစုံရှိ တယ်၊ ဘာသာတွေပေါင်းစုံရှိတယ်။ လူမျိုးတွေပေါင်းစုံရှိတယ်ဆိုတာကို လက်ခံထားပြီးမှ ကျနော်တို့အားလုံး တန်းတူထားပြီးမှ ဆက်ဆံကြရမယ်၊ အဲ့ဒီလိုတွေနဲ့ ပြည့်စုံမှပဲ ကျနော်တို့ရဲ့ ပြည်ထောင်စုစိတ်ဓာတ်ကလည်း ထွန်းကားလာမှာပေါ့။”

ခွန်ချစ်စံ (ကောင်ရွေ ပအိုဝ်းလူငယ်အဖွဲ့)

ခွန်ချစ်စံ

“ဒီကနေ့ ကျနော်တို့နိုင်ငံမှာ ပြည်ထောင် စုဆိုတာ အတုအယောင်ပဲလို့ မြင်ပါ တယ်။ တိုင်းရင်းသားတန်းတူ ညီမျှမှုတွေ မရရှိသေးပါဘူး။ စစ်အစိုးရရဲ့ သွေးခွဲအုပ်ချုပ် မှုကြောင့် ကျနော်တို့ တိုင်းရင်း သားခေါင်းဆောင်တွေရော၊ အချင်းချင်းကြားမှာရော စိတ်ဝမ်းကွဲတာတွေရှိတယ်။ တိုက်ကြတယ်၊ ခိုက်ကြ တယ်၊ အဲဒီဟာတွေက ဒီနေ့လူငယ်တွေကို ထိခိုက်တယ်။ ကျနော်တို့ခေတ် ပြုပြင်ပြောင်းလဲရေးကာ လ ရောက် လာတဲ့အခါကျတော့ လူငယ်တွေလည်း ယုံကြည်မှုမရှိတော့ဘူး။ သူ့ကို ငါမယုံ ငါ့ကိုသူမယုံဖြစ် တယ်။ ရှေ့ဆက် ယုံကြည်မှုတွေ ပြန်ရအောင် များများပူးပေါင်း ပါဝင်နိုင်တဲ့ အလုပ်တွေ တူတူတွဲလုပ် ပြီး နှစ်ဦးနှစ်ဘက်နားလည်မှုတွေ များများရရှိပြီးမှ ယုံကြည်မှုကို ပြန်တည်ဆောက်ရမယ်လို့ ကျနော်မြင် ပါတယ်။ လက်ရှိသွားနေတဲ့ နိုင်ငံရေးကိုလည်း နားလည်ဖို့ လိုတယ်။ စနစ်ကြောင့် ကျနော်တို့ ခုလိုဖြစ်ရ တယ်ဆိုတာကို သိရှိနားလည်ပြီးမှ အတူလုပ်ဆောင်ရမယ့် အလုပ်တွေကို ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ကျနော်မြင်ပါတယ်။”

ကိုလွမ်းဇောင်း (ကချင်ပြည်လူငယ်ကွန်ရက် အတွင်းရေးမှူးး)

ကိုလွမ်းဇောင်း

“အပေါ်ယံကြည့်လိုက် ရင်တော့ ပြည်ထောင်စု မြန် မာနိုင်ငံအနေနဲ့တွေ့ရပါတယ်။ တနိုင်ငံထဲမှာ ကျနော်တို့ က တိုင်းနဲ့ပြည်နယ်နဲ့ ပြည်ထောင်စုပုံသဏ္ဌာန်နဲ့ အတူတကွနေထိုင်တယ် လို့ တွေ့ရသော်လည်း အမှန် တကယ် အနှစ်သာရပိုင်းမှာတော့ မိသားစုအနေနဲ့ ပြည်ထောင်စု ထဲမှာ ကျနော်တို့ နေထိုင်မှု အဆင့်အ တန်း၊ နိုင်ငံရေးအဆင့်အတန်း၊ အခွင့်အရေးအဆင့်အတန်းတွေ ခွဲခြားဆက်ဆံမှုတွေ အင်မတန်မှ အများအပြားရှိနေတယ်လို့ ကျနော်တို့ ခံစားရတယ်။ ကျနော်တို့က မြန်မာနိုင်ငံကို စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ကို ကျနော်တို့ မျိုးဆက်သစ်လူငယ်တွေက အမှန်တကယ် လိုလားပါတယ်။”

စောဗွီထူး (ကရင်လူငယ်အဖွဲ့အစည်း)

စောဗွီထူး

“ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ အများနဲ့တည်ဆောက်ထားတဲ့ အရာ လို့ ကျနော်မြင်မိတယ်။ အများနဲ့ တည်ဆောက်ထားတဲ့ အရာဖြစ်တဲ့အတွက် ကျနော်တို့တွေဟာ စည်းလုံးညီညွတ်မှုရှိရ မယ်။ ပေါင်းစည်း ဆက်ဆံ ရမယ်။ သွေးစည်းညီညွတ်ရ မှာပေါ့လေ။ ဥမကွဲသိုက်မပျက် စုစုပေါင်းပေါင်းနေရမယ်လို့ ကျနော်မြင်တယ်။ နားလည်မှုက အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာစကားလည်းမတူကြ ဘူး။ တယောက်နဲ့တယောက်စိတ်ဓာတ်ကလည်းမတူကြဘူး။ ရောက်လာတဲ့ ဒေသခြင်းကလည်း မတူကြတဲ့အပေါ် တယောက်နဲ့ တယောက်က နားလည်မှုတွေ၊ တယောက်နဲ့ တယောက် အပြန်အလှန်လေး စားမှုလေးတွေက အရမ်းအကြီးပါတယ်။”

မိုင်မျိုးအောင် (တအာင်းကျောင်းသားလူငယ်များအဖွဲ့ အထွေထွေအတွင်းရေးမှူး ၂)

“အခုလက်ရှိမှာတော့ ပြည်ထောင်စုလို့ ပြောသော်ငြားလည်း အမှန်တကယ်ကတော့ ဗမာအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုနဲ့ စိတ်ဓာတ်ရေးရာအရ ကွဲပြားနေတုန်းပဲလို့ ကျနော်မြင်တယ်၊ ပြည်ထောင်စု ပြိုကွဲတာမျိးတော့ မဟုတ်သော်ငြားလည်း စိတ်ပိုင်းဆိုင်ရာ အရတော့ပြိုကွဲနေကြပြီလို့ ကျန်ာမြင်တယ်။ အနာဂတ်မှာတော့ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့ ကတော့ သေချာတာ တခုက နှစ်ဖက် သဘောထားကြီး ကြီးနဲ့ အလုပ်လုပ်မှသာလျှင် ဒီငြိမ်းချမ်းရေးကိစ္စကို ပြည်ထောင်စုကြီးစစ်စစ် ဖြစ်လာမယ်။”

မိုင်သင်းယုမွန် ( ချင်းလူငယ်ကွန်ရက်အဖွဲ့)

“ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ကျမနားလည်ထား တာတော့ မြန်မာနိုင်ငံ မှာက ကျမတို့ လူမျိုးပေါင်းစုံရှိတယ်။ ဘာသာတရားလည်း တော်တော် များများက ကွဲပြားကြတယ်။ ဒီမှာ ပြည်ထောင်စုစိတ်ဓာတ်လို့ ကြည့်လိုက်တဲ့အချိန်မှာ ကွဲပြားနေတဲ့ အရာတွေအပေါ်မှာ ကွဲပြားနေတဲ့အရာတွေကို လက်ခံပြီးတော့မှ အပြန်အလှန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုအပြည့်နဲ့ အတူတကွနေထိုင်နိုင်တဲ့ စိတ်ဓာတ်မျိုးကို ပြည်ထောင်စုစိတ်ဓာတ်လို့ ယုံကြည်ခံယူတယ်။ ပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်ရှိနေတယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ လူမျိုးကြီးရှိ တယ်။ လူမျိုးအသေးတွေလည်းရှိတယ်။ ဆိုတော့ ဒီလူမျိုးကြီးနဲ့ လူမျိုးသေးကြားမှာလည်း လူမျိုးကြီး ကို ကြေက်နေရတာမျိုးမဟုတ်ဘဲနဲ့ လူမျိုးငယ်တွေကလည်း ကိုယ်လုံခြုံပါတယ်လို့ အပြည့်အ၀ခံစားရတဲ့ ပတ်ဝန်းကျင်မျိုးဆိုတော့ တန်းတူညီမျှရှိနေပါတယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြည်ထောင်စုစိတ်ဓာတ်လို့ ညီမ ကတော့ ခံယူပါတယ်။”

စိုင်းခေးလျို (ရှမ်းလူငယ်)

“ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ပင်လုံစာချုပ်နဲ့အညီ တိုင်းရင်းသားညီအစ်ကိုတွေ အားလုံး အကောင် အထည်ဖော်တာလို့ ကျနော်မြင်ပါတယ်။ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာရခြင်းနဲ့ ပင်လုံစာချုပ်ရဲ့ သမိုင်းကြောင်းကိုလည်း အားလုံးကသိကြမှာပါ။ ပင်လုံစာချုပ်ပါ ဖက်ဒရယ်မူက ချမှတ်ထားတဲ့ လမ်းကြောင်း အတိုင်း လျှောက်လှမ်း သွားခြင်းဖြင့် ပြည်ထောင်စုစစ်စစ်ကို ထူထောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုလက်ရှိ ကျနော်တို့နိုင်ငံမှာ အရှေ့ကနေ ငြိမ်းချမ်းရေးဖော်ဆောင်တယ်လို့ တွင်တွင်ပြောပြီး အနောက် ကနေ တိုက်ခိုက်နေကြတယ်။ ဒီကြားထဲမှာ ပြည်သူတွေ တအား ဆင်းရဲ ဒုက္ခရောက်နေတာ ကျနော်တို့ ကွင်းဆင်းတဲ့အခါ မြင်တွေ့နေရတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုသာ ဖော်ဆောင်မယ်ဆိုရင် တိုက်ပွဲတွေ မဖြစ်တော့ဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ လူငယ်တွေလည်း ရှေ့အနာဂတ်မှာ ၀ိုင်းပြီးတော့ အကောင်အထည်ဖော်ဖို့ ကျနော်ပြောချင် ပါတယ်။”

DVB

No comments:

Post a Comment

My Blog List