Thursday, February 12, 2015

ကျောင်းသားသပိတ်များ၏ တောင်းဆိုချက်အားလုံး အစိုးရ သဘောတူ၊ ဥပဒေ ပြင်ဆင်အတည်ပြု မပြီးမချင်း သပိတ်လှန်မည် မဟုတ်


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ကျင်းပသော ဖေဖော်ဝါရီလ ၁၁ ရက်နေ့ လေးပွင့်ဆိုင် ပညာရေးဆွေးနွေးပွဲတွင် သပိတ်မှောက် ကျောင်းသား များ တောင်းဆိုသော အချက် ၁၁ ချက်ကို အစိုးရ အဖွဲ့နှင့် လွှတ်တော် တာဝန်ရှိသူများက သဘောတူညီခဲ့သော်လည်း အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင် သည့် ဥပဒေ အတည်ပြု မပြီးမချင်း သပိတ်လှန်ဦးမည် မဟုတ်ကြောင်း သပိတ်ဦးဆောင်ကျောင်းသားများ က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းတွင် ကျင်းပသော လေးပွင့်ဆိုင် အစည်းအဝေး၌ ကျောင်းသား သပိတ် အဖွဲ့များ၏ ဆွေးနွေးချက်မူဘောင် ၉ ခုနှင့် တောင်းဆိုသော အချက် ၁၁ ချက်ကို ယင်းဆွေးနွေးပွဲ တက်ရောက်သူ များက သဘောတူညီခဲ့ကြသည်။

“အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ထွက်မယ်။ မူကြမ်း ကနေ သမ္မတ လက်မှတ် ထိုးတဲ့ အဆင့်အထိ အတိအကျ ပြန်လည်ပြဋ္ဌာန်းပြီး တဲ့အထိ ကျွန်တော်တို့ စောင့်ကြည့်ရမယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုက  ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၁ ရက် ညနေခင်းပိုင်းတည်းက ဆွေးနွေးပွဲ တာဝန်ရှိသူများနှင့် အကြိတ်အနယ် ဆွေးနွေး ခဲ့ပြီး ကျောင်းသားသပိတ်လှန်ရန် လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပမည့် လေးပွင့်ဆိုင် လုပ် ငန်းညှိနှိုင်း အစည်းအဝေးတွင်မှ ထပ်မံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း သပိတ်ဦးဆောင် ကော်မတီဝင် ကိုမင်းသွေးသစ်က ဆိုသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ ကျောင်းသား ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဆွေးနွေးပွဲ ရလဒ်များကို သပိတ်မှောက် ကျောင်းသားများထံမှ သဘောထား ရပ်တည်ချက်များ ပြန်လည်တောင်း ခံပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ အနေနှင့် သဘောတူညီချက် ရပြီးသော တောင်းဆိုချက် ၁၁ ချက်အတွက် လွှတ်တော်ဘက်က အကောင် အထည်ဖော်မည့် လုပ်ငန်းစဉ်တို့ကို ဆက်လက်စောင့် ကြည့်ဦးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“စိတ်ချလက်ချနဲ့ အာမခံချက်ရှိရှိ ရရှိမှ စစ်ကြောင်းနဲ့ ပတ်သက်တဲ့ လမ်းစဉ်ကို ပြန်လည်စဉ်းစားသုံးသပ်လို့ ရမယ်” ဟု ကိုကျော်ကိုကိုက ဆိုသည်။

သပိတ်စစ်ကြောင်းနှင့် လိုက်ပါလာသူ ကျောင်းသားအချို့ကလည်း ကျောင်းသား ကိုယ်စားလှယ်များ၏ သဘောတူညီချက်အတိုင်း လိုက်နာမည် ဖြစ်ကြောင်း ပြောကြားသည်။

“ဗကသ ခေါင်းဆောင်တွေက ရပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဆက်လျှောက်ဖို့ ဆန္ဒရှိပေမယ့် မလျှောက်ဖြစ်လောက်တော့ဘူး” ဟု ပြည်တက္ကသိုလ်မှ ဥပဒေ ကျောင်းသားတစ်ဦးက ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ လုပ်ငန်းစဉ် ဆွေးနွေးပွဲ တွင် အပြီးသတ်၍ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် လွှတ်တော်သို့ တင်ပို့သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်ထံမှ သိရှိရသည်။

“ဒီဥပဒေပြင်ဖို့ ဘာအကန့်အသတ် ဘာအခက်အခဲမှ မရှိဘူး။ အချိန်လေးနဲ့ သွားမယ်ဆိုရင် အဆင်ပြေ တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေက ပြောကြားသည်။

လက်ရှိတွင် မြေလတ်နှင့် ထားဝယ် သပိတ်စစ်ကြောင်းက သထုံမြို့တွင် လည်းကောင်း၊ ဧရာဝတီ သပိတ် စစ်ကြောင်းက မအူပင်မြို့တွင် လည်းကောင်း၊ ပင်မ မန္တလေး သပိတ်စစ်ကြောင်းက ရွှေတောင်မြို့တွင် လည်းကောင်း ရောက်ရှိနေပြီ ဖြစ်သည်။

“အခုမှ အရှိန်ရခါစဆိုတော့ ချက်ချင်းရပ်ဖို့ မလွယ်လောက်ဘူး”ဟု မုံရွာတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးရာဌာန ကထိက ဒေါက်တာစိုင်းခိုင်မျိုးထွန်းက သုံးသပ်သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့က လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသား ကိုယ်စားလှယ် တစ်ဦးက ကျောင်း တက်နေဆဲ သပိတ်မှောက် ကျောင်းသားများ ကျောင်းပြန်တက်နိုင်ရန်နှင့် စာမေးပွဲဖြေဆိုရန် နီးကပ် လာသောကြောင့် ဆွေးနွေးပွဲ မြန်မြန်ပြီးဆုံးရန် တိုက်တွန်းခဲ့သဖြင့် အဆိုပါ တောင်းဆိုချက် ၁၁ ခုကို သဘောတူညီခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောကြားထားသည်။

တောင်းဆိုချက်တိုင်းအတွက် အလုပ်အမှုဆောင်အဖွဲ့များ ပြန်လည်ဖွဲ့စည်းကာ ဆက်လက် အကောင် အထည် ဖော်သွားရန် သဘောတူညီခဲ့ကြကြောင်း၊ ကျောင်းသားသပိတ်တွင် ပါဝင်သူများကိုလည်း အရေး မယူကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျောင်းသားသမဂ္ဂများ တောင်းဆိုချက်တွင် သမဂ္ဂများကို တရားဝင် အသိအမှတ်ပြုရေး၊ တစ်နိုင်ငံလုံး အသုံး စရိတ်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးစွဲပေးရေး၊ အခမဲ့ မသင်မနေရ ပညာရေးကို အလယ်တန်း အဆင့်ထိ တိုးပေးရေး၊ တိုင်းရင်းသားမျိုးနွယ်များ၏ ဘာသာစကား လွတ်လပ်ခွင့်နှင့် မိခင်ဘာသာ အခြေပြု ဘာသာစကားစုံ ပညာရေးအဖြစ် ပြောင်းလဲရေးတို့ ပါဝင်သည်။

ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းအထိ သုံးစွဲရန် တောင်းဆိုချက်ကို ငါးနှစ်အတွင်း ဆောင်ရွက်ရန် အမျိုးသားပညာရေး ဥပဒေအတွင်း ထည့်သွင်းပေးမည် ဖြစ်ကြောင်း တာဝန်ရှိ သူများက သဘောတူညီခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List