Monday, February 09, 2015

ကျောင်းဆရာမနှစ်ဦးအမှု စုံစမ်းဖော်ထုတ်မှု ဓားစာခံရှာဖွေသည့် ပုံစံဖြစ်နေကြောင်း ကေဘီစီဝေဖန်


ကောင်းခါးကျေးရွာ၌ စေတနာ့ဝန်ထမ်းကချင် ဆရာမ နှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ၏ စုံစမ်းစစ်ဆေးမှု များမှာ တရားခံအစစ် အမှန်ပေါ်ပေါက်ရေးထက် ဓားစာခံရှာဖွေသည့် ပုံစံဖြစ်နေကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)နှင့် ကေအိုင်အိုတို့က ဝေဖန်ပြောကြားလိုက်သည်။
‘‘တရားခံအစစ် ရှာမယ့်အစား ရွာကိုပဲ မြားဦးပြန်လှည့်လာတဲ့ သဘောဖြစ်နေတယ်’’ဟု KBC အထွေထွေအတွင်းရေး မှူး ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ကိုကိုက ယင်းအမှုနှင့် ပတ် သက်၍ သံသယရှိသူများ အနက် ဒေသခံနှစ်ဦးမှာ လုံခြုံရေးကန့် သတ်ချက်ရှိသည့် ကေအိုင်အေ နယ်မြေအတွင်း ထွက်ပြေးတိမ်း ရှောင်သွားသည် ဟု ယူဆရ ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ပြောကြားထားသည်။

KBC နှင့် ညှိနှိုင်းဆောင်ရွက်ချက်များအရ သံသယရှိသူ နှစ်ဦးကို ခေါ်ယူစေလွှတ်ပေးမည်ဟု သဘောတူညီချက်ရရှိခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ၀န်ကြီးကဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန် က ‘‘အဲဒီရှာမှာနေတဲ့သူဆိုရင် ထွက်ပြေးစရာအကြောင်း လုံးဝ မရှိဘူး။ ရွာခံဆိုရင် အဲဒီရွာမှာပဲ ရှိပါတယ်’’ဟု ဆိုသည်။

ထို့အပြင်ဒေသခံများကို ရဲ တပ်ဖွဲ့က စစ်ဆေးရာတွင် KBC မှ ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေး ရေးကော်မရှင်ရှေ့မှောက် ၌သာ စစ်ဆေးရန်သက်ဆိုင်ရာသို့ အကြောင်းကြား ထားကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကပြောသည်။

‘‘မူဆယ်ကို ခေါ်စစ်တော့ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေဖြစ် တယ်။ ဒါကြောင့် ကော်မရှင်ရှေ့ မှာ စစ်ပါ။ ကျွန်တော်တို့ လည်း ကူညီပေးမယ်ပြောထားတယ်’’ဟု ၎င်းကဆိုသည်။

KBC စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ ကောင်းခါးကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းအမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ရာတွင် တပ်မတော်သားများပါဝင်နေသည့်အတွက် ရဲတပ်ဖွဲ့အနေဖြင့် အဆင်မပြေမှုများရှိသည်ဟု ယူဆကြောင်းလည်း ဒေါက်တာဆမ်ဆွန်ကဆက်လက်ပြောသည်။

ကေအိုင်အိုအလုပ်အဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ယင်းအမှုနှင့် ပတ်သက်၍ ‘‘အမှုစစ်တဲ့ ပုံစံက တရားခံ ရှာဖို့ မဟုတ်ဘူး။ ဓားစာခံရှာတဲ့ ပုံစံဖြစ်နေပါတယ်’’ဟု ဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ မည်သူမည်ဝါဟု မစွပ်စွဲချင်ဘဲ တရားခံအစစ် ပေါ်ပေါက်ရေး အတွက်သာ ဆောင်ရွက်သွား မည်ဟု ဒေါက်တာခလမ်ဆမ်ဆွန် က ဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List