Wednesday, February 11, 2015

ဇာတိနတ်မောက်



နတ်မောက်သည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၏ အရှေ့ဘက်အခြမ်းမှ မြို့ငယ်လေးတစ်မြို့ဖြစ် သည်။ နတ်မောက်ကို ပြီးခဲ့သည့်ဆယ်စုနှစ်များစွာက ခရီးသွားများသာ ဖြတ်သွားဖြတ်လာပြုလုပ်ပြီး တစ်ထောက်နားခဲ့ကြသည်ထက် ပို၍ ထူးထူးခြားခြား လာရောက်သူသိပ်မရှိလှ။
မြို့ကိုလာသည့်ဧည့်သည် ခရီးတစ်ထောက်နားရန်အတွက် ဟိုတယ် (သို့မဟုတ်) တည်းခိုခန်းတစ်ခုတလေ မျှပင် နတ်မောက်တွင်မရှိ။

ယခုနှစ်တွင်တော့ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ နတ်မောက် အတွက် သမိုင်းတစ်လျှောက် ဘယ်တုန်းကမှမရှိခဲ့သည့် စည်ကားခမ်းနားမှုမျိုး ယခုနှစ်တွင် ရရှိတော့မည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ တိတိက မြန်မာနိုင်ငံအတွက် အမျိုးသား သူရဲကောင်းဖြစ်လာမည့် ဗိုလ်ချုပ်အောင်ဆန်းကို နတ်မောက်မြို့တွင် မွေးဖွားကြီးပြင်းကာ လူလားမြောက်စေခဲ့သည်။ ထိုအချက်က နတ်မောက်မြို့ငယ်လေးကို ကမ္ဘာကျော်စေခဲ့သည်။

နိုင်ငံအနှံ့မှ သောင်းနှင့်ချီသော လူများသည် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့မရောက်မီ ရက်ပေါင်းများစွာ အလိုကတည်းက နတ်မောက်သို့ လာရောက်စုဝေးလျက်ရှိကြသည်။

ထိုမြင်ကွင်းသည် ပြီးခဲ့သည့်နှစ်များနှင့် မိုးနှင့်မြေလိုကွာခြားသည့် မြင်ကွင်းမျိုးဖြစ်သည်။

ဟိုတယ်၊ တည်းခိုခန်းမရှိသော်လည်း နတ်မောက်မြို့ခံများက သူတို့မြို့သား ဗိုလ်ချုပ်အောင်ဆန်းကို လာရောက်ဂါရ၀ပြုကြသည့် ဧည့်သည်များ မျက်နှာမပျက်စေရန် ကြိုးစားကြသည်။ တည်းခိုရန်နေရာမရမှာ ပူပင်နေသူများအတွက် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းရှစ်ကျောင်းနှင့် လူ ၂၀၀ ဆံ့သည့် အခမဲ့တည်းခိုရန် အဆောင်တစ်ခုဆောက်လုပ်ပြီး စီစဉ်ပေးကြသည်။ မြို့ခံများက ဧည့်သည်များအတွက် တည်းခိုရန်နေရာ သာမက စားသောက်ရေးပါ ပူပင်မှုမရှိစေရန် အခမဲ့ ထမင်းထုပ်များပင် ဝေငှကြသည်။

ယခင်ဗိုလ်ချုပ်မွေးနေ့ဆိုလျှင် လူဆယ်ဂဏန်းလောက်ဖြင့်သာ ကျင်းပခဲ့ရကြောင်း နတ်မောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသောင်းရွှေကပြောသည်။

ယခင်ကဆိုလျှင် နတ်မောက်မြို့သားများသာမက တစ်နိုင်ငံလုံးမှ ပြည်သူများအနေဖြင့် အမျိုးသားသူ ရဲကောင်း၏ မွေးနေ့ကို ပေါ်ပေါ်တင်တင် ကျင်းပခွင့်မရ။ အစိုးရအဆက်ဆက်က တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို လူထုနှင့်ဝေးရာသို့ တဖြည်းဖြည်းရောက်အောင် ကြိုးစားခဲ့ကြသည်။

တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံရေးလှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားခဲ့ရာ ထိုအထဲတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို သွားရောက်ဂါရ၀ပြုမှုသည်လည်း လူစုလူဝေးပြုလုပ်သည့် ရာဇ၀တ်မှုအဖြစ် သတ်မှတ်ကာ စောင့်ကြည့်တားမြစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းကား တပ်မတော်၏ဖခင်ဟု သတ်မှတ်ခဲ့သော်လည်း တပ်မတော်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်းကို လူထုနှင့် အဝေးဆုံးနေရာသို့ ရောက်အောင်ပို့ခဲ့သည်။

အထင်ရှားဆုံးသာဓကတစ်ခုမှာ တိုင်းသူပြည်သားများ နေ့စဉ်ထိတွေ့နေရသည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံများကို ဖယ်ရှားကာ တိရစ္ဆာန်ပုံများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် တပ်မတော်အစိုးရ လက်ထက်တွင် ထုတ်ဝေခဲ့ သည့် ငွေစက္ကူတိုင်း၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ အသုံးမပြုခဲ့။ ၁၉၉၄ မှ ၂၀၀၉ အထိ ငွေစက္ကူအမျိုးအစားစုံ (၁၄) ကြိမ်ထုတ်ဝေရာတွင် ယခင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ သူရဲကောင်းများကို ငွေစက္ကူမျက်နှာစာထက်၌ ရိုက်နှိပ်သည့် ဓလေ့ကို စွန့်လွှတ်ပြီး ကေသရာဇာခြင်္သေ့ မင်းနှင့် ဆင်ဖြူတော် အစရှိသည့် တိရစ္ဆာန်ရုပ်ပုံများဖြင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

မည်မျှမှေးမှိန်အောင် ပြုလုပ်ခဲ့သည်ဖြစ်စေ ပြည်သူများ၏  ရင်ထဲတွင် ဗိုလ်ချုပ်သည် အခိုင်အမာနေရာယူထား ဆဲဖြစ်ကြောင်း ဗိုလ်ချုပ်ရာပြည့်ပွဲပြင်ဆင်မှုများက သက်သေပြနေသည်။

နတ်မောက်တွင်သာမက မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့၊ ရွာကျေးလက်ဒေသများတွင် ဖေဖော်ဝါရီ ၁၃ ရက်၌ ကျရောက်မည့် မြန်မာနိုင်ငံ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁၀၀)ပြည့် ပွဲတော်ကို ကျင်းပ ရန် တာစူနေကြသည်။

ပြီးခဲ့သည့်နှစ်များက ဗိုလ်ချုပ်မွေးနေ့များမှာ စည်ကားမှုမရှိဘဲ ဗိုလ်ချုပ်မွေးနေ့ပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့အတွက်သာ သဲသဲလှုပ်ပြောဆိုနေကြသည်။ ယခုနှစ်တွင်တော့ ချစ်သူများနေ့က မှေးမှိန်သွားပြီး ဗိုလ်ချုပ်ရာပြည့်က လူအများကြားတွင် နေရာယူနေပြီဖြစ်သည်။

တစ်ချိန်က ရန်ကုန်တက္ကသိုလ်တွင် ထင်ရှားခဲ့သည့် သမိုင်းပညာရှင် ပါမောက္ခလုစ်က ‘‘မြန်မာနိုင်ငံစည်း လုံးရေးကို ဓားဖြင့်မဟုတ်ဘဲ နိုင်ငံ့ခေါင်းဆောင်ပီသစွာ လေးလေးနက်နက် အဓိပ္ပာယ်ရှိရှိကြိုးပမ်းရာတွင် ကျန်စစ်သား လွန်သည်မှစ၍ အောင်ဆန်းသည် ပထမဆုံးသော ဗမာဖြစ်သည်ဟု ကျွန်တော်ယူဆပါ သည်’’ဟု ဆိုခဲ့ဖူးသည်။

နတ်မောက်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသော ဗိုလ်ချုပ်ရာပြည့်မွေးနေ့ ဖွင့်ပွဲအခမ်းအနားက ပါမောက္ခလုစ်၏ ပြောစကားကို သက်သေပြခဲ့သည်။

ထိုဖွင့်ပွဲတွင် နိုင်ငံရေးလှုပ်ရှားမှုများ၊ ဆန္ဒပြပွဲများ၊ စာပေဟောပြောပွဲများ (အထူးသဖြင့် NLD ၏ လှုပ်ရှား မှုများ)ကို ပိတ်ပင်တားဆီးမှုများဖြင့် နာမည်ကျော်ကြားသည့် မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဟောင်း ဦးတင်ဦးနှင့်တွဲကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတွင် ဗိုလ်ချုပ်နှင့် မိသားစု၏ အသုံးအဆောင် ပစ္စည်းများ၊ သမိုင်းဝင်အထောက် အထားစာရွက်စာတမ်းများ၊ ဓာတ်ပုံ၊ မြေပုံများ၊ ဗိုလ်ချုပ်နှင့် ပတ်သက်သည့် နေရာ၊ ဒေသ၊ အဆောက်အအုံ များ၏ ပုံစံငယ်များ၊ ဗိုလ်ချုပ်အကြောင်း ရေးသားထုတ်ဝေသည့် စာအုပ်များ၊ ရိုက်ကူးထားသည့် ရုပ်ရှင်များကို စုဆောင်းရှာဖွေပြသထားသည်။

ဗိုလ်ချုပ်ရာပြည့်ပွဲကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ရက်သတ္တ တစ်ပတ်ကြာ ကျင်းပသွားရန် သတ်မှတ် ထားသည်။ နံနက်တွင် တရားပွဲများ၊ နေ့လယ်တွင် ပြပွဲ၊ ပြိုင်ပွဲများ၊ ညတွင် စာပေဟောပြောပွဲများ၊ ဖျော်ဖြေ ပွဲများ ပြုလုပ်နေသည်။ ပွဲတော်တွင် ဗိုလ်ချုပ်အောင်ဆန်းပြခန်း၊ ပန်းချီပြခန်း၊ ကာတွန်းနှင့် ကဗျာများကို ပြ သထားသည်။

ဗိုလ်ချုပ်မွေးရပ်မြေသို့ အလည်ပြန်လာရင်း နေအိမ်ရှိ ကုလားထိုင်တွင်ထိုင်၍ MY FIRST WAR (စစ်နှင့် ပတ်သက်သောစာအုပ်)ကို အိမ်နေရင်း စွပ်ကျယ်နှင့် ကချင်ပုဆိုးကို ၀တ်ဆင်ကာ ဖတ်ရှုနေဟန် ထုဆစ်ထားသော ဆီလီကွန်ရုပ်တုကိုလည်း နေ့စဉ်လူငါးသောင်းခန့် လာရောက်ကြည့်ရှုသည်ဟု ရာပြည့်ပွဲစီစဉ်သူများကပြောသည်။

မကွေးတိုင်း နတ်မောက်မြို့တွင် ကျင်းပနေသော ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ဖေဖော်ဝါရီ ၁၃ ရက် နံနက်တွင် သီတဂူဆရာတော်လှူဒါန်းသော ဗိုလ်ချုပ် နှစ်(၁၀၀)ပြည့် မော်ကွန်းကျောက်စာကို ဖွင့်လှစ်မည်ဖြစ် သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင် စုလွှတ်တော်နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို ပွဲတက်ရန် အခမ်းအနားကျင်းပရေးကော်မတီက ဖိတ်ကြားထားသည်။

‘‘ဗိုလ်ချုပ်ရာပြည့်ပွဲကို ဂုဏ်သိက္ခာရှိအောင် မြို့ခံတွေက ထိန်းသိမ်းနေပါတယ်။ နယ်ဒေသတွေက ပွဲလာကြည့်သူတွေကိုလည်း စနစ်တကျဖြစ်အောင် ကူညီပါတယ်။ မူးယစ်ဆေးဝါးသုံးတာတို့၊ အရက်မူး တဲ့လူတွေမရှိသေးပါဘူး’’ဟု နတ်မောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးသောင်းရွှေကပြောသည်။

ဖေဖော်ဝါရီ ၁၁ မှစ၍ ၁၃ ရက်ထိ လူသိန်းချီစည်ကားမည်ဟုမှန်းထားပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆရာတော်အရှင်ဆန္ဒာဓိက၏ တရားပွဲ၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်စွန်းဆရာတော်၏ တရားပွဲနှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် သီတဂူဆရာတော်၏ တရားပွဲများ ကျင်းပမည်ဖြစ်သည်။

ယခင်နှစ်များက လူဆယ်ဂဏန်းလောက်ဖြင့်သာ ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိမြို့မှ မွေးနေ့ ပွဲသည် ယခုနှစ်တွင်တော့ နိုင်ငံ့ထိပ်သီးခေါင်းဆောင်များအပါအ၀င် ထောင်သောင်းချီသော ဧည့်သည်များ လာရောက်ကြမည်ဖြစ်သည်။

ယခင်အစိုးရအဆက်ဆက် ပိတ်ပင်ခံထားရသည့် ဗိုလ်ချုပ် မွေးနေ့နှင့် ဗိုလ်ချုပ်၏ ရုပ်ပုံလွှာများသည် နှစ် (၁၀၀) ပြည့်ချိန်တွင် တစ်ပြည်လုံးအတိုင်း အတာဖြင့် ပြန်လည်နိုးထလာခဲ့ပြီဖြစ်သည်။ ယင်းနှင့်အတူ တစ်ချိန်တည်းတွင် ဗိုလ်ချုပ်၏ စိတ်ဓာတ်များ ပြန်လည်နိုးထလာမလားဆိုသည့် မေးခွန်းကတော့ ရှိနေ ဆဲဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List