Friday, February 13, 2015

သပိတ်စစ်ကြောင်းအားလုံး ဖေဖော်ဝါရီ ၁၄ ရက် နောက်ပိုင်း ရန်ကုန်သို့ ချီတက်လာမည်


မြန်မာနိုင်ငံတစ်ဝန်းမှ ဒီမိုကရေစီ ကျောင်းသားသပိတ် စစ်ကြောင်းများ အားလုံး လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ လေး ပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းကော်မတီ အစည်းအဝေး နောက်ပိုင်းတွင် သပိတ်စစ်ကြောင်းများနှင့် လိုက်ပါလာသူအား လုံး အောင်ပွဲခံမည့် ပုံစံဖြင့် ရန်ကုန်မြို့တော်သို့ ဆက်လက်ချီတက်လာမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်များက The Voice သို့ ပြောကြားသည်။
“တောင်းဆိုချက်တွေရပြီး တုံးတိကြီး ရပ်ပစ်လိုက်မယ် ဆိုရင် ကိုင်တွယ်ထိန်း သိမ်းရ ခက်သွားလိမ့်မယ်။ အဲဒါကြောင့် သပိတ်ကတော့ လှန်မယ်။ ဆန္ဒပြတဲ့၊ သပိတ်မှောက်တဲ့ ပုံစံမဟုတ်ဘဲနဲ့ ကားနဲ့လာပြီး ရန်ကုန်က လူထုနဲ့ တွေ့ပြီး
 အောင်ပွဲခံတဲ့ ပုံစံမျိုး ဝင်လာဖို့ အစီအစဉ်တော့ရှိတယ်” ဟု ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က ထပ်လောင်းပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး တောင်းဆိုချက် ၁၁ ချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ လေးပွင့်ဆိုင်ဆွေးနွေး ပွဲတွင် မူအားဖြင့် သဘောတူညီခဲ့သော်လည်း လုံခြုံရေးအရ သပိတ်စစ်ကြောင်းများ ရန်ကုန်မြို့သို့ မဝင်ရန် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးလှထွန်းက တိုက်တွန်းပြောဆိုသည်။

“လမ်းလျှောက်ချီတက်တဲ့ ကျောင်းသားတွေအတွက် အောင်ပွဲခံတဲ့ပုံစံမျိုး ချီတက်ဖို့ စီစဉ်တာတော့ ဟုတ်ပါတယ်။ ဘယ်ပုံစံနဲ့ ဘယ်လိုလုပ်ဖြစ်မလဲ ဆိုတာတော့ ပြောလို့မရသေးပါဘူး” ဟု သပိတ်ကော်မတီဝင် ကိုရဲဇာနည်ထွန်းက အတည်ပြု ပြောကြားသည်။

ယင်းအပြင် လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ရုံးတွင် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ဆက်လက်လုပ်ကိုင်ရန် သဘောတူညီခဲ့ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ထားဝယ်နှင့် မြေလတ် သပိတ်စစ်ကြောင်းသည် ကျိုက်ထိုမြို့သို့ ရောက်ရှိနေပြီး ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် ပဲခူးမြို့သို့ ရောက်ရှိရန် လျာထားကြောင်း၊ အလားတူ မန္တလေး ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ပေါင်းတည်မြို့၌ ခေတ္တတည်းခိုမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီထံမှ သိရှိရသည်။

မန္တလေး သပိတ်စစ်ကြောင်းကို ဦးဆောင်လာသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော် ကိုကိုက သပိတ်လမ်းကြောင်းအားလုံး ရန်ကုန်သို့ ချီတက်မည်ဖြစ်ပြီး လက်ရှိ အစိုးရအဖွဲ့အပေါ် ယုံကြည်၍ မရသေးကြောင်း သခင်ကိုယ်တော်မှိုင်း ဇာတိဖြစ်သော ဝါးလည်ရွာအရောက် ဟောပြောပွဲတွင် ယခုကဲ့သို့ ပြောကြားသွား သည်။

အလားတူ ဧရာဝတီ သပိတ်စစ်ကြောင်းနှင့် လိုက်ပါလာပြီး စာမေးပွဲနီး၍ မိဘထံ ပြန်ပို့ခဲ့သော မချောစုစံသည် ဖေဖော်ဝါရီ လ ၁၂ ရက်နေ့တွင် သပိတ်စစ်ကြောင်းထံ ထပ်မံပူးပေါင်းခဲ့ကြောင်း၊ ကျောင်းပိတ်ချိန်ဖြစ်၍ သပိတ်ထံ ယာယီ အားဖြည့်ပေးခြင်း ဖြစ်ကြောင်း အဆိုပါ သပိတ်ဦးဆောင်ကော်မတီထံမှ သိရှိရသည်။

“လေးပွင့်ဆိုင် တွေ့ဆုံပွဲ ရလာဒ်က ကျွန်မတို့ ကျောင်းသားတွေ တောင်းဆိုထားတဲ့ ၁၁ ချက်ကို မူအားဖြင့် သဘောတူ တာပဲ ရှိသေးတယ်။ အတည်ပြု သတ်မှတ်ပေးဖို့ လိုနေသေးတယ်။ ပြောရရင် အပြီးသတ်အောင်ပွဲ မဟုတ်သေးဘူး” ဟု မချောစုစံက ပြောကြားသည်။

ကျောင်းသားသပိတ် တောင်းဆိုချက်များတွင် ပညာရေးဥပဒေနှင့် ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသား၊ ဆရာကိုယ်စားလှယ်များ ပါဝင်ခွင့်၊ ကျောင်းသားသမဂ္ဂများ တရားဝင် ဖွဲ့စည်းခွင့်၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထုတ် ခံရသူများ ကျောင်းပြန်တက်ခွင့်နှင့် ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုရေးတို့ ပါဝင်သည်။

အခမဲ့ပညာရေး စနစ်ကို မူလတန်းအဆင့်မှ အလယ်တန်း ပညာရေးစနစ်အထိ ဖော်ဆောင်ရေး အတွက်လည်း တောင်းဆို ထားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့သော အကြိုတွေ့ဆုံပွဲအရ လေးပွင့်ဆိုင်တွေ့ ဆုံပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဆွေးနွေးပွဲ ဝင်ခွင့်ဦးရေ အငြင်းပွား မှု ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်တွင်မှ ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List