Tuesday, February 10, 2015

ပရဟိတဆရာမနှစ်ဦး သတ်ခံရမှု တရားမျှတစွာဖော်ထုတ်ပေးရန် ကန်နှစ်ခြင်းအဖွဲ့ချုပ်မှ ကချင်ဝန်ကြီးချုပ်ထံ တောင်းဆို


အဓမ္မ သတ်ဖြတ်ခံရသူ ကျောင်းဆရာမ နှစ်ဦး၏ အမှုကို တရားမျှတစွာ ဖော်ထုတ်ပေးရန် မြန်မာနိုင်ငံ သို့ ရောက်ရှိနေသော အမေရိကန် နှစ်ခြင်း အဖွဲ့ချုပ် (American Baptist Churches) မှ အထွေထွေ အတွင်းရေးမှူး Rev. Dr. Roy Meddey က ဖေဖော်ဝါရီ ၉ရက် နံနက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ ဆုံစဉ် ပြောဆိုလိုက်သည်။
အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံရသော ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်း ဆရာမ နှစ်ဦးအမှု၊ ကချင်စစ်ပြေးဒုက္ခသည်များ အရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက် ၍ ဆွေးနွေးတင်ပြခဲ့သည် ဟု KBC ၏ အတွင်းရေးမှူး သိက္ခတော်ရ ဆရာဒေါက်တာ ခလမ်ဆမ်ဆွမ်က ပြော သည်။

“ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စကို ဒီနှစ်ခြင်းသာသနာပြု အမေရိကန်အဖွဲ့ ကတော့ သူတို့အနေနဲ့ ဒါကို တရားမျှတစွာ ဖော်ထုတ်ပေးဖို့၊ မူးယစ်ဆေးဝါး မှာလည်း အတူတကွလက်တွဲ ဆောင်ရွက်ရမယ်ဆို တာတွေ ပြောတယ်။ IDPs (ရွှေ့ပြောင်းဒုက္ခသည်များ) ကိစ္စတွေမှာလည်း အားလုံး ချောချောခြူခြူ  သွား လာနိုင်ဖို့ ၊ စိတ်ဒဏ်ရာတွေကိုလည်း ပပျောက်အောင် လုပ်ပေးဖို့ ဆိုတဲ့ဟာတွေ ပြောခဲ့ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း အပါအဝင် အစိုးရအဖွဲ့မှ ဥပဒေချုပ်၊ လူမှုရေးနှင့် ကချင်ပြည်နယ်အတွင်းရေးမှူး တို့နှင့် အမေရိကန်မှ သာသနာရေးဆရာကြီး များနှင့် KBC မှ အထွေထွေအတွင်းရေးမှူး သိက္ခတော်ရ ဆရာဒေါက်တာ ခလမ်ဆမ်ဆွမ်တို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးချုပ်ကတော့ သူတို့လည်း အသွင်ကူးပြောင်းရေးကာလမှာ ပြည့်စုံတယ်လို့တော့ မပြောလိုဘဲ ကြိုးစားနေရတယ် ဆိုတဲ့အကြောင်းတွေ ပြောပါတယ်။ သူတို့က ဒီဆရာမနှစ်ယောက်ရဲ့ ကိစ္စ အပြစ် မရှိတဲ့လူတွေကို ဒုက္ခမရောက်စေချင်တဲ့ သဘောတွေ ပြောသွားပါတယ်။ ကျွန်တော်ကလည်း ဝန်ကြီးချုပ်ကို အဲဒီလိုပဲ ပြောပါတယ်။ အမှုမှန်ကို အားလုံး ပွင့်ပွင့်လင်းလင်း စစ်ဆေးဖို့ လိုတယ်ဆိုပြီးမှ ပြောခဲ့ပါတယ်”ဟု  သူက ပြောသည်။

အမှုမှန် စုံစမ်းစစ်ဆေးသွားရန် ၁၅ ဦးပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီဝင်များသည် ဖေဖော်ဝါရီလ ၉ ရက်တွင် ရှမ်းပြည်နယ် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာသို့ ထွက်ခွာသွား ပြီဖြစ်သည်။

အမေရိကန်  သာသာရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၉ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ၍ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ(UPWC) တို့နှင့် နေပြည်တော်တွင် တွေ့ဆုံ မည် ဖြစ်ကြောင်း ဆရာဒေါက်တာ ခလမ်ဆမ်ဆွမ်က ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်က KBC ဘာသာရေးဆရာ ဆရာများသည် အမေရိကန် သာသာနပြုအဖွဲ့များနှင့် တွေ့ ဆုံဆွေးနွေးခဲ့ရာ ကချင်တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများကို တင်ပြခဲ့ခြင်း၊ ဘာသာရေး ဖိနှိပ်မှုများကိုလည်း တင်ပြခဲ့သည်ဟု KBC ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

အမေရိကန် နှစ်ခြင်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး Rev. Dr. Roy Meddey ဦးဆောင်သော အဖွဲ့တို့ သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ KBC ရုံးသို့  ဖေဖော်ဝါရီလ ၆ ရက်က ရောက်ရှိလာစဉ် ကချင်ရိုးရာ ဝတ်စုံအပြည့်ဖြင့် KBC ဘာသာဝင် လူထု ၁၀၀၀ ကျော် ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

အမေရိကန် နှစ်ခြင်းအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ ကချင် အမျိုးသားများအား နှစ်ခြင်း သာသနာကို စတင်ပေးခဲ့ပြီးနောက် နှစ်ပေါင်း ၂၀၀ ကျော် အကြာတွင် ဆက်သွယ်မှုများ တည်ဆောက်ရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆရာ ဒေါက်တာခလမ်ဆမ်ဆွမ်က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List