Thursday, February 12, 2015

ကျောင်းသားသပိတ်မှ ဒီမိုကရေစီ အောင်ပွဲသို့


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြ ကျောင်းသား စစ်ကြောင်းတွေ ရန်ကုန်ကို ဦးတည် ချီတက်လာနေကြတာဟာ ၂၀၁၅ ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေ နဲ့ လုံးချာ လည်နေတဲ့ နေပြည်တော်က အာဏာပိုင် အသိုင်းအဝိုင်း အတွက် ခေါင်းအကြီး အကျယ် ကိုက်စေ တာ ပါပဲ။ စစ်သားတပိုင်း အရပ်သားတပိုင်း အစိုးရအ တွက် ပြောင်းလဲလာခဲ့ပြီ ဖြစ် တဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် အပေးအယူလုပ်ဖို့ တဖက်က ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပေမယ့် အရင်စစ် အစိုးရလေသံ ခြိမ်းခြောက်မှုတွေလည်း တဖက်က ပြောဆိုနေတာကြောင့် ဆန္ဒပြကျောင်းသားတွေ အကြမ်းဖက် နှိမ်နင်း ခံကြရဦးမလားလို့ စိုးရိမ်ပူပန် စရာလည်း ဖြစ်ပါတယ်။
လူမြင်ကွင်းတခေါက်မှ မထွက်လာဖူးတဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ကိုယ်တိုင် နိုင်ငံပိုင် မီဒီယာ တွေမှာ ထွက်ပေါ်လာသလို “မိဘ ပြည်သူများ သို့ မေတ္တာရပ်ခံချက်” ဆိုပြီး အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာရာမှာ “ပညာ ရေး ဆိုင်ရာကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေရန် ကျောင်းသား လူငယ်များကို အသုံးချ ၍ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေသူများ၊ အားပေးအားမြှောက်ပြုနေ သည့် နိုင်ငံရေး အဖွဲ့အစည်း တချို့ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရကြောင်း” လို့ ဖော်ပြပြောဆိုခဲ့ တာကြောင့် စိုးရိမ်ပူပန်မှုတွေ ပိုမြင့်တက်လာခဲ့ရတယ်။

“၈၈ တုန်းကလည်း ဒီလိုလုပ်ခဲ့တာပဲ။ အစိုးရမှာ ဘာအစီအစဉ် ရှိတယ်ဆို တာကိုတော့ ကျနော်တို့ မပြော နိုင်ပါဘူး။ ဒီထုတ်ပြန်ချက်ကို မြင်တဲ့အခါမှာ ၈၈ တုန်းက ဖြတ်သန်းခဲ့ရတဲ့ သူတယောက်အနေနဲ့ဆို ခါးသီးတယ်။ ဆိုးကျိုး လာတော့မယ်ဆိုတဲ့ အတိတ်နိမိတ်တွေ ခံစားရတယ်” လို့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (အထက်ဗမာပြည် ဗဟိုဌာနခွဲ) အဖွဲ့ဝင် ဦးအောင်ကျော်စန်းက ပြောပါတယ်။

ခေတ်ပေါ် မြန်မာ့သမိုင်းကိုပြန်ကြည့်ရင်လည်း အုပ်ချုပ်သူနဲ့ ကျောင်းသားအကြား ဆက်ဆံရေးဟာ ဘယ် တုန်းကမှ ကောင်းမွန်ခဲ့တာမရှိပါ။ ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးကာလ ၁၉၂၀ ခုနှစ်မှာ ရန်ကုန်ကောလိပ်ကို တက္ကသိုလ် အဖြစ် ပြောင်းလဲရာမှာ တက္ကသိုလ်အက်ဥပဒေဟာ မြန်မာအများစုရဲ့ အကျိုးစီးပွားကို ဖယ်ထား လို့ ကျောင်းသားတွေ သပိတ်မှောက်ခဲ့ကြတယ်။ သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချိုတို့ဦးဆောင်တဲ့ အမျိုးသား ကျောင်းများပေါ် လာပြီး ကျောင်းအုပ်ကြီးများကိုယ်တိုင် နောက်ပိုင်း လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်လာတဲ့ထိ အမျိုးသားစိတ်တွေ နိုးကြားလာလို့ “အမျိုးသားနေ့” အဖြစ် သတ်မှတ် ခေါ်ဆိုခဲ့ကြတာ ဒီနေ့ထိပါ။

၁၉၃၆ ခုနှစ် မှာလည်းတက္ကသိုလ် ကျောင်းသားသမဂ္ဂက ထုတ်တဲ့ အိုးဝေမဂ္ဂဇင်းမှာ Hell Hound at Large ငရဲခွေးကြီး လွတ်နေပြီ ဆောင်းပါးရှင် ဘယ်သူလဲဆိုတာ ထုတ်မပြောလို့ အယ်ဒီတာ ကိုအောင်ဆန်း ကို အရေးယူရာကနေ ဒုတိယ ကျောင်းသားသပိတ် ပေါ်ခဲ့တယ်။ ဒီသပိတ်မှာ ပါဝင်ကြသူအများဟာ နောင်လွတ် လပ်ရေးတိုက်ပွဲကို ဦးစီးခဲ့ သူတွေ ဖြစ်ခဲ့ကြ တယ်။

လွတ်လပ်ရေးရပြီး ဝန်ကြီးချုပ်ဦးနုရဲ့ ဒီမိုကရေစီ အစိုးရနဲ့လည်း ကိုလိုနီ အမွေပညာရေး ဖျက်သိမ်းပြီး အမျိုးသားပညာရေးစနစ် ထူထောင်ဖို့၊ ပြည် တွင်းစစ် ရပ်စဲဖို့ လှုပ်ရှားခဲ့တဲ့ ကျောင်းသားသမဂ္ဂ ဆက်ဆံရေးက မပြေလည် ပါဘူး။အဖမ်းအဆီးတွေ၊ ကျောင်းထုတ်တာတွေဖြစ်ခဲ့တယ်။ သေနတ်နဲ့ပစ်တဲ့ထိ နှိမ်နင်းမှုတွေ လုပ်ခဲ့ဖူးတယ်။ ၁၉၅၆ ခုနှစ် မတ်လမှာ ၇ တန်းမေးခွန်း ပေါက် ကြားရာက ကျောင်းသားတွေ ဆန္ဒပြခဲ့ရာမှာ ရဲက ပစ်လို့ ၇ တန်းကျောင်းသား ဟယ်ရီတန် သေဆုံးခဲ့ ရတယ်။ ၁၉၅၆ ခုနှစ်မှာ အထက်တန်းကျောင်းမှာ သမဂ္ဂ ဖွဲ့စည်းခွင့်ကို အစိုးရက ရုပ်သိမ်းခဲ့လို့ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်ခဲ့တယ်။

၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ စစ်တပ်က အာဏာသိမ်း ပြီးနောက်မှာတော့ ပညာရေး စနစ်အပေါ် စစ်အာဏာရှင်ဝါဒ လွှမ်းမိုးခဲ့ပြီး ပညာရေးလွတ်လပ်ခွင့် ဆုံးရှုံးမှုနဲ့အတူ မြန်မာ့ လွတ်လပ်ရေး သမိုင်းမှာ အရေးပါတဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရတယ်။ အဲဒီကစပြီး အာဏာ ပိုင် တွေနဲ့ ကျောင်းသားတွေ အကြား ဆက်ဆံရေးက စေ့စပ် မရ ဖြစ်သွားခဲ့ရတော့တယ်။ စစ်အာဏာရှင် အုပ်စိုးတဲ့ ၁၉၆၂ ခုနှစ်က ၁၉၈၈ ခုနှစ်အထိ ကာလကိုကြည့်ရင် လွတ်လပ်တဲ့ အမျိုးသားပညာရေး တည်ဆောက်ရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ် ခဲ့ပြီး သွေးထွက်သံယို နှိမ် နင်းမှုတွေနဲ့သာ အဆုံးသတ် ခဲ့ရတယ်။

၁၉၈၈မှာ ကျောင်းသားတွေ စတင်ခဲ့တဲ့ ဒီမိုက ရေစီအရေးလှုပ်ရှားမှု နိုင်ငံ တဝန်းလုံးကို ကူးစက် ပျံ့နှံ့ခဲ့ ချိန်မှာအရပ်သားသမ္မတဖြစ်လာတဲ့ ဒေါက် တာ မောင်မောင်က ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန် လည် တည်ဆောက်ဖို့ သဘောတူခဲ့တယ်။ ဒါပေ မယ့် စစ်တပ်က ထပ်အာဏာသိမ်းတဲ့အတွက် ကျောင်း သား ခေါင်းဆောင်တွေ ထောင်ကျသူ ကျ၊ ထွက်ပြေးသူ ထွက်ပြေးပြီး ကျောင်းထုတ်ခံရသူလည်း ရှိခဲ့တယ်။ တက်လာတဲ့ စစ်အစိုးရက တက္ကသိုလ် ကျောင်းသားတွေကို လူစုခွဲတဲ့အနေဖြင့် တက္ကသိုလ်တွေကို မြို့ပြင် တွေမှာ အသစ်ဆောက်လုပ်ပြီး ကျောင်းတက်စေ တယ်။ အစဉ်အလာကြီးတဲ့ ရန်ကုန် တက္ကသိုလ်ဟာ ခြုံနွယ်ပိတ်ပေါင်းတွေကြား ပစ်ပယ် ခံခဲ့ရသလို အမျိုးသားပညာရေးစနစ်လည်း နိုင်ငံချွတ်ခြုံကျလာမှုနဲ့အတူ ဗုန်းဗုန်းလဲတော့တယ်။

၂၀၁၁ ခုနှစ်အထိ သိရသမျှ အစိုးရရဲ့ ပညာရေး အသုံးစရိတ်ဟာ နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်းပဲ သုံးခဲ့တယ်။ ကာကွယ်ရေးအသုံးစရိတ် က ၂၃ ရာခိုင်နှုန်း သုံးတယ်လို့ စောင့်ကြည့်လေ့လာ သူတွေက ဆို တယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက် ၂၀၁၄-၁၅ နိုင်ငံတော်အသုံးစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းသုံးဖို့ လျာထားလာခဲ့တယ်။ ကာကွယ်ရေး အသုံးစရိတ်ကို ၁၂-၁၃ ရာခိုင်နှုန်းအထိ ရောက်အောင် လျှော့ချတယ်။ ဒါပေမယ့် ကိန်းဂဏန်းအရ ကာကွယ် ရေးအတွက် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ သုံးနေ ချိန် ပညာရေးအတွက် ဒေါ်လာ ၁၁၀ မီလီယံသာ သုံးနေတယ်လို့ ပြောရမှာပါ။ အခု သပိတ်မှောက် ကျောင်းသားတွေက နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းထိ ပညာရေးအတွက် ပိုသုံးဖို့ တောင်းဆို နေကြပါတယ်။

ပညာရေးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၀ဝ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပညာရေး ပြုပြင် ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)နဲ့ သပိတ်မှောက် ကျောင်းသားတွေက အစိုးရနဲ့ လွှတ်တော်က အတည်ပြု ခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ နိုဝင်ဘာလမှာကတည်း က တောင်းဆိုခဲ့ပါ တယ်။ ရက် ၆၀ အချိန်ပေးခဲ့ပေမယ့် အစိုးရရော လွှတ်တော်ရော ကျောင်းသားတွေကို အထင်သေးပြီး ဥပေက္ခာပြုခဲ့ကြတယ်။ အခု နိုင်ငံအဝန်း သပိတ်တွေမှောက်တော့မှ အစိုးရနဲ့ လွှတ်တော် သူ့တာဝန် ငါ့တာဝန်ဆိုပြီး ဘော်လီဘောပုတ် နေကြတယ်။

သပိတ်မှောက် ကျောင်းသားတွေ ချီတက်ရာ လမ်းကြောင်းတွေမှာ နယ်ခံလူထုတွေရဲ့ ထောက်ခံမှုကို နှစ်နှစ် ကာကာ ရနေကြတယ်။ တမြို့နဲ့တမြို့ လိုက်ပို့ကြတယ်။ အစားအသောက်တွေ ဝေတယ်။ ဘုန်းကြီးကျောင်းတွေက ညအိပ်ညနေ လက်ခံတယ်။ ဆရာဝန်တွေက ဆေးကုသပေးတယ်။ ဆရာ၊ ဆရာမ တွေအပြင် မူလတန်းအရွယ် ကျောင်းသားငယ်တွေကလည်း သက်ဆိုင်ရာမြို့တွေမှာ သပိတ်စစ်ကြောင်း ကို ပူးပေါင်းပါဝင် ဆန္ဒပြကြတယ်။ တချို့နေရာတွေဆို အတန်းလွတ်သွားတဲ့ သပိတ်မှောက် ကျောင်းသား ငယ်တွေကို ကျောင်းသားကြီးတွေက စာပြန်ပြပေးကြ တယ်။

စိတ်ဝင်စားစရာ ကောင်းတာက ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ရပ်တည်ချက်ပါ။ နယ်မြို့တွေမှာ ပါတီဝင်တွေက သပိတ်မှောက် ကျောင်းသားတွေကို
 သောင်းသောင်းဖြဖြ ကြိုပြီး ထောက်ခံကူညီကြပေမယ့် ဗဟိုဌာနချုပ်က သဘော ထားတမျိုးပါ။ အမျိုးသား ပညာရေးဥပဒေကို ကနဦး ကန့်ကွက်ခဲ့ပေမယ့် နောက်ပိုင်း အသံတိတ်သွားပါ တယ်။ NNER မှာ ဦးဆောင် ပါဝင်နေတဲ့ ဒေါက်တာ သိန်းလွင်ကို ပါတီစည်းကမ်း ဖောက်ဖျက်လို့ဆိုပြီး ပါတီတာဝန်က ရပ်ဆိုင်းပစ်တယ်။ NNER မှာ ဆက်လုပ်ရင် ပါတီတာဝန်က နုတ်ထွက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြော ခဲ့တယ်။

ဒီလုပ်ရပ်ဟာ အတိုက်အခံပါတီအနေနဲ့ အာ ဏာပိုင်တွေရဲ့ သပိတ်အပေါ် မနှစ်မြို့မှုကို တွန်းအားပေး သလို ဖြစ်သွားစေနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စု ဘာကလေတက္ကသိုလ်က မြန်မာ့အရေး သုတေသီ ဦးမင်းဇင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သပိတ်မှောက် ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ချင်နေတဲ့ အစိုးရ လက်ထဲ ပုံအပ်လိုက်သလိုမျိုး လုပ်နေတယ်လို့ ဝေဖန် လိုက်ပါတယ်။ “ဆန္ဒပြသူတွေ ဖြိုခွင်းခံရမှာကို ဆန့်ကျင်ကြောင်း သတိပေး ထုတ်ပြန်ကြေညာမှုတခု မှ NLD မလုပ်တာမို့ NLD ရဲ့ ထောက်ခံ မှုမရလို့ ရေတိုမှာ ကျောင်းသားလှုပ်ရှားမှု အားပျော့သွားနိုင်တယ်” လို့ Foreign Policy အွန်လိုင်းဘလော့ဂ်မှာ ရေးပါတယ်။ ဒါပေမယ့် “ရေရှည်မှာတော့ ၁၉၃၀ များနှစ် လွတ်လပ်ရေး တိုက်ပွဲကာလ ကျောင်းသား သမဂ္ဂတွေ က ပေါက်ဖွားလာတဲ့ ခေါင်းဆောင်တွေလို အခုလှုပ်ရှားမှုကနေ မြန်မာ့အရေးလှုပ်ရှားတက်ြွကသူ မျိုးဆက်သစ် ကို မွေးထုတ်ပေးနိုင်မှာ မြေကြီး လက် ခတ်မလွဲဘူး” လို့လည်း ဦးမင်းဇင်က ရေးပါတယ်။

ဦးသိန်းစိန် အစိုးရအဖို့လည်း ကျဉ်းထဲကျပ်ထဲ မှာပါ။ ဆန္ဒပြကျောင်းသားတွေကို အရင်စစ်အစိုးရလို အကြမ်းဖက်ဖြိုခွဲခဲ့ရင် အကျိုးပိုနည်းဖို့သာရှိပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ “ပြုပြင်ပြောင်းလဲရေး”ကို အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ ဒီမိုကရက်တစ်ကမ္ဘာက လက်ခံထားပြီးပါပြီ။ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြန်လှည့်လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ အကူအညီ အထောက်အပံ့တွေ ရပ်သွားနိုင်တဲ့ အရေး နေပြည်တော်က ဆုံးဖြတ်ချက်ချသူတွေ ကောင်း ကောင်းထည့်စဉ်းစားမှာပါ။ ပိုအရေးကြီးတာက များမကြာမီ ကျင်းပဖွယ်ရှိနေတဲ့ ၂၀၁၅ ရွေးကောက်ပွဲပါ။ အစကတည်းက မဲရနိုင်ခြေသိပ်မမြင်ရတဲ့ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူ လူထုက ဒဏ်ခတ်ခဲ့လို့ နိုင်ငံရေးမှာ လုံးဝ ကျရှုံးသွားခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ သင်ခန်း စာကိုလည်း သိထားပြီးပါပြီ။ ဒါ့ကြောင့်လည်း သပိတ်မှောက်ကျောင်းသားတွေကို မချစ်သော်လည်းအောင့် ကာနမ်းနေရပြီး ဆွေးနွေးပွဲတွေ လုပ်နေရတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ကျောင်းသားသပိတ်ဟာ ဒီမိုကရေစီ အောင်ပွဲကို ယူဆောင်လာနိုင်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံ့စီးပွား ပြန်လည်ခေါင်းထောင်လာရေး ဆောင်ရွက်နေချိန် ပညာရေး ကဏ္ဍ ပြန်လည်ဦးမော့စေဖို့ အစိုးရနဲ့ လွှတ်တော်ဟာ နိုင်ငံရေးအရ ဦးစီးဦးဆောင်လုပ်ပြီး ဆုံးဖြတ်ပေးနိုင်တဲ့ အာဏာတွေရှိပါတယ်။ သပိတ်ကို ဖြိုခွဲဖို့အစား သပိတ်မှောက် ကျောင်းသားတွေ၊ NNER ကိုယ်စား လှယ် တွေဟာ ပိုမိုကောင်းမွန်ပြီး ဒီမိုကရေစီနည်းကျတဲ့ အမျိုးသားပညာရေး စနစ်ကို ထူထောင်လိုသူတွေ လို့မြင်ပြီး တိုင်းပြည်ထူထောင်ရေး လုပ်ဖော်ကိုင်ဘက်တွေအဖြစ် သဘောထားလို့ အကြေအလည် ညှိနှိုင်း သင့်ပါတယ်။ ကျောင်းသားသမဂ္ဂကို ကျောင်းသားတွေလက်ထဲ လွတ်လပ်စွာ လုပ်ကိုင်ဖို့ ပြန်ထည့်ပေး လိုက်ခြင်းနဲ့ ၁၉၆၂ ကတည်းက အစိုးရနဲ့ ကျောင်းသားတွေကြား အမြင်မကြည်မှုတွေကို တစခန်းရပ်ပြီး သမိုင်းစာမျက်နှာသစ် ဖွင့်လိုက်သင့်ပါတယ်။ ဒါတွေလုပ်လို့ ပြည်သူလူထုက ထောက်ခံမှု ပိုရလာဖို့သာ ရှိပါတယ်။ ဆုံးရှုံးစရာဆိုလို့ စစ်အာဏာရှင်ခေတ်က မွေးထုတ်ထားတဲ့အမူအကျင့်နဲ့ သံသယတွေပဲ ရှိမယ်။

ဒါဟာ မူဝါဒတရပ်ကို ချမှတ်ဖော်ဆောင်ရာမှာ Top-down အပေါ်က အောက်ကို ချပေးရုံနဲ့မရ Bottom-up အောက်ခြေကနေ အပေါ်ကို ပြန်တက်မှုကိုလည်း အသိအမှတ်ပြုရာ ကျပါတယ်။ ဒါ့အပြင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် စီးပွားရေး ပိတ်ဆို့ အရေးယူတာတွေ နောက်ဆုတ်သွားပြီး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နိုင်ငံတကာ အကူအညီများ ပြန်လည်ဝင်ရောက် လာနေရာမှာ အနာဂတ် ဖွံ့ဖြိုး တိုး တက်ရေး ရေစီးကြောင်းထဲ လူငယ်များပါဝင်နိုင် ရေး တံခါးဖွင့်လိုက်သလိုလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ အစိုးရရော၊ ပညာရှင်တွေရော၊ ကျောင်းသားတွေကပါ လေးစားကြတဲ့ စီးပွားရေးပညာရှင် ဒေါက် တာဦးမြင့်ရဲ့ ၂၀၁၂ ခုနှစ်တုန်းက ရေးသားဖြန့်ဝေခဲ့တဲ့ စာတမ်းကို သတိရပါတယ်။ ဆရာမြင့်က ကျောင်း သားသမဂ္ဂ အဆောက်အအုံကို ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုရဲ့ အလှူအားဖြင့်သာ တည်ဆောက်
သင့်တယ်။ ပစ္စည်းကိရိယာ ကောင်းများ တပ်ဆင်ထားပြီး ခေတ်မီတဲ့ ကျောင်း သားသမဂ္ဂ အဆောက် အအုံသစ်ကို ကျောင်းသား လူငယ်များအတွက် လက်ဆောင်ပေးသင့်ကြောင်း ရေးပါတယ်။ အဲဒီလိုသာ အကောင်အထည် ဖော်နိုင်မယ်ဆိုရင် ကျောင်းသားသမဂ္ဂ အဆောက်အအုံသစ်ဟာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး အထိမ်းအမှတ်အဖြစ် သမိုင်း မော်ကွန်းတင်ကျန်ခဲ့မှာ မလွဲလို့ ဆိုပါရစေ။

ဧရာဝတီ

No comments:

Post a Comment

My Blog List