Tuesday, February 10, 2015

ကချင် ဆရာမနှစ်ဦး အသတ်ခံရမှု သီခြားစုံစမ်းရေးအဖွဲ့ ထပ်ဖွဲ့


ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာတွင် အဓမ္မပြုကျင့်၊ အသတ်ခံခဲ့ရသည့် စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် အမှုမှန်ပေါ်ပေါက်ရေး သီးခြား စုံစမ်းဖော်ထုတ်မှုများ စတင်ပြု လုပ်တော့မည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အသင်းတော်ဆရာ ခလမ်ဆွမ်ဆန် က ပြော သည်။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ရှေ့နေအဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများ ပါဝင်သော သီးခြား စုံစမ်းရေး ကော်မတီကို ဖေဖော် ဝါရီ ၂ ရက်က စတင် ဖွဲ့စည်းခဲ့သည်။ အမှုန်မှန် ပေါ်ပေါက်ရေး အတွက် မူဆယ်ရဲစခန်းမှ စစ်ဆေးထားသော သဲလွန်စနှင့် ရှာဖွေတွေ့ရှိထားချက်များကို ကြည့်ရှု စစ်ဆေးခြင်းနှင့် အခင်းဖြစ်ပွားရာ နေရာအထိ သွားရောက်ကာ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

“မနေ့ (ဖေဖော်ဝါရီလ ၉) က တာဝန်ရှိတဲ့ ရဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးထားပြီးပြီ။ သူတို့ စစ်ဆေးတွေ့ရှိထားတဲ့ သဲလွန်စ၊အချက်အလက် တွေကိုလည်း ပြန် စစ်ဆေးကြည့်ဖို့ ရှိမယ်။ နောက်၂ ရက်နေရင် ရဲတွေဘက်က အကြောင်းပြန် မယ် ပြောတယ်။ ရှေ့နေအဖွဲ့တွေနဲ့လည်း ထပ်တွေ့မယ်။ ဆရာမလေး ၂ ယောက်ကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့ အဆုံးစွန်အထိ လုပ်မှာပဲ” ဟု အသင်းတော်ဆရာ ခလမ်ဆွမ်ဆန်က ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် နှစ်ခြင်းအဖွဲ့ချုပ်ကလည်း ကျောင်း ဆရာမနှစ်ဦး အတွက် တရားမျှတစွာ ဖော်ထုတ်ပေးရေးနှင့် ကချင်စစ်ဘေး ဒုက္ခသည်များ အသက်ရှင်နေထိုင်ရာတွင် စိတ်လုံခြုံမှု ပေးနိုင်ရေးတို့အတွက် သမ္မတ အိုဘားမားထံသို့ တင်ပြတောင်းဆိုမည်ဟုလည်း သူက ဆိုသည်။

“သူတို့တွေက မဟုတ်တဲ့သူတွေကို တရားခံ မဖြစ်စေချင်ကြဘူး။ ဆရာမ နှစ်ဦး ကိစ္စ အဖြစ်မှန်ပေါ်ပေါက်ဖို့၊ ကချင် စစ်ဘေးဒုက္ခသည်တွေကို နေ့စဉ် အသက်ရှင်နေထိုင်မှုမှာ စိတ်လုံခြုံမှုပေးနိုင်ဖို့အတွက် သူတို့ အနေနဲ့ မြန်မာနိုင်ငံက ပြန်သွားတာနဲ့ တပြိုင်နက် သမ္မတအိုဘားမားကို တင်ပြမယ်။ ကျနော်တို့ကလည်း တင်ပြပေးဖို့ တောင်းဆိုခဲ့တယ်” ဟု အသင်းတော်ဆရာ ခရမ်ဆွမ်ဆန်က ရှင်းပြသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နှစ်ခြင်း အဖွဲ့ချုပ်သည် ကချင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့များ၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) တို့နှင့် ဖေဖော်ဝါရီ ၉ ရက်က တွေ့ဆုံခဲ့ကြပြီး ကချင် စစ်ဘေးဒုက္ခသည်များ အရေးနှင့် စေတနာဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး အသတ်ခံရသည့်ကိစ္စတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ယင်းအရေးကိစ္စများ ပါဝင်မည့် ဆွေးနွေးမှုများကို မြန် မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအဝင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံသွားရန်ရှိသည်ဟု လည်း သိရသည်။

“ဆရာမ ၂ ယောက်ကိစ္စ အတွက် စုံစမ်းမှုတွေ ဘယ်လို လုပ်နေတယ်ဆိုတာ သတင်းထုတ်ပြန် ပြောဆိုတာ လည်း မရှိဘူး။ ဘာလုပ်နေပြီလဲ၊ ဘယ်အဆင့်ရောက်နေပြီလဲ ဆိုတာလည်း မသိရဘူး။ ရဲစခန်းဆီက ဘာအဖြေမှ မကြားရဘူး” ဟု ကချင်အမျိုးသမီးကွန်ရက် (ထိုင်းနိုင်ငံ) ၏ အဖွဲ့ဝင် မဂျာဒ်မွန်းက ပြောသည်။

အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင်နှင့် လုရာ အမည်ရှိ ကျောင်းဆရာမ နှစ်ဦး သည် KBC ၏ စီမံခွင့်ပြု ချက်ဖြင့် မူဆယ်ခရိုင် ပန်ဆိုင်း-ကြူကုတ်မြို့ ကောင်း ခါကျေးရွာမှ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ သွားရောက် ပညာ သင်ကြား ပေးနေကြသူများ ဖြစ်ကြပြီး ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်း အတွင်းရှိ ၎င်းတို့တည်းခိုရာ အိမ်ခန်းတွင် ဇန်န၀ါရီ ၁၉ ရက်က မုဒိမ်းပြုကျင့်ပြီး အသတ်ခံထားရသည်ကို ကျေးရွာဒေ သခံများက ဇန်န၀ါရီ ၂၀ ရက်တွင် တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List