Thursday, February 12, 2015

စစ်ဗိုလ်ချုပ်တို့ လုပ်တဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်ပွဲ


အရပ်ဝတ်လဲ ဗိုလ်ချုပ်ဟောင်းအများစုနဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်တပ်ကိုယ်စားလှယ်အများစု စိုးမိုးထား သည့် ပြည်ထောင်စုလွှတ်တော်က သမိုင်းဝင် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲ နှစ်ပတ်လည်နေ့ကို သမိုင်းဝင် အခမ်းအနား ဆန်ဆန် ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်တွင် ဖေဖော်ဝါရီ ၁၁ရက် နံနက်ပိုင်း တွင် ကျင်းပခဲ့သည်။
''ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတွင် ဗိုလ်ချုပ်၏ ကောင်းမြတ်သောမူဝါဒ၊ လမ်းစဉ်များကို လေ့လာသုံးသပ် ပြီး ယခုလို အခွင့်အခါကောင်းနှင့် ကြုံကြိုက်ချိန်တွင် အလေးအနက်ထားပါဝင်ကြကာ အပြောအလုပ် ညီညွတ်သော၊ စေတနာ မှန်သော၊ လုပ်နည်းမှန်ကန်သော ဆောင်ရွက်မှုများ ပြုကြရန် လိုအပ်ကြောင်း'' ဗိုလ်ချုပ်ကြီး (အငြိမ်းစား) လည်းဖြစ် လွှတ်တော်များ၏ အဓိပတိတစ်ဦးလည်းဖြစ်သည့် သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အခမ်းအနားကို သဝဏ် လွှာပေးပို့ခဲ့သည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၂ဝ ကျော် စနစ်တကျ အုပ်ချုပ်ခဲ့သည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တွင် ဦးရွှေမန်းက နံပါတ်သုံးအဆင့်ရှိသည့် စစ်ခေါင်းဆောင်တစ်ဦးသာဖြစ်သည်။ စစ်တပ် အုပ် စိုးခဲ့စဉ်က ဗိုလ်ချုပ် အောင်ဆန်း ဟူသည် နတ္ထိမရှိပေ။ နည်းစနစ်တကျ မေ့ပျောက်အောင် ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲလျှင် မမှားနိုင်ချေ။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်မှုနှင့် တာဝန်ရှိမှုကို ဟန်ချက်ညီညီ ကျင့်သုံးသည့် ဒီမိုကရေစီကျင့် စဉ်များ ထွန်းကားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး ဗိုလ်ချုပ်၏ဝါဒကို ဖော်ဆောင်နေသည်ဟု သဝဏ်လွှာအတွင်း ဦးရွှေမန်းက ထည့်သွင်းထားသေးသည်။

''ကျွန်တော်တို့ကို ဖိတ်လို့တက်လိုက်တယ်။ ဘာမှမသိပါဘူး။ အရင်တုန်းက ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး ဖျောက်ထားတယ် ဆိုတာကို ထင်ချင်သလို ထင်နိုင်ပါ တယ်။ အဲဒီအပေါ်ဘာမှ မပြောချင်ပါဘူး၊ ဒီနေ့ပွဲကိုလည်း တက်ခဲ့ပါတယ်။ သဝဏ်လွှာ ဖတ်တယ် ဒီလောက်ပါပဲ'' ဟု ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) မကွေးအမှတ် ၁၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က ဆိုသည်။

စစ်အစိုးရ လက်ထက်တစ်လျှောက် နှစ်စဉ် နိုင်ငံတော်နေ့အခမ်းအနားဖြစ်သည့် အာဇာနည်နေ့သို့ သူရ ဦးရွှေမန်း အပါ အဝင် ထိပ်တန်းခေါင်းဆောင်တို့ လုံးဝတက်ရောက်ခဲ့ခြင်း မရှိပေ။ ပြီးခဲ့သည့် ၆၇ ကြိမ် မြောက် အာဇာနည်နေ့ အခမ်း အနားကိုသာ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌရာထူးဖြင့် ပထမဆုံးတက် ရောက်ခဲ့သည်။

ဗိုလ်ချုပ်နှင့်ပတ်သက်သည့် သမိုင်းဟူသမျှ ရန်ကုန်နှင့် နတ်မောက်မှ ဗိုလ်ချုပ်ပြတိုက်အပြင် အခြားသော အသိအမှတ်ပြု စရာဟုမရှိပေ။ အာဇာနည်နေ့ ဗိုလ်ချုပ် ကျောက်ရုပ်များတွင် ပန်းခွေချခြင်းကိုပင် လိုက်လံတားမြစ်ကြသည်။ဗိုလ်ချုပ် အောင် ဆန်းနှင့် ပတ်သက်သည့် ကိုယ်ရေးရာဇဝင် ကဗျာသာလျှင် အခြေခံပညာမူလတန်း၏ ပထမတန်းဖတ်စာ၌သာ ပါရှိသည်။

''လွှတ်တော်နဲ့ အစိုးရအားပြိုင်ချိန်မှာ လွှတ်တော်ဘက်က ရပ်ခဲ့တယ်။ ဦးရွှေမန်းက ပြည်ခိုင်ဖြိုးပါတီအတွင်းမှာ ယေဘုယျ ဥက္ကဋ္ဌတော့ ဦးရွှေမန်းဖြစ်ပေမယ့် ၂ဝ၁၅ မဲရလို့ သမ္မတလုပ်မယ့်သူကို လုံးဝမရွေးရသေးဘူး။ ပြီးခဲ့တဲ့ ဗဟိုညီလာခံမှာ လည်း မဆုံးဖြတ်နိုင်ခဲ့ဘူး။ ဦးရွှေမန်းက ဒေါ်စုနဲ့ အကြိမ် ၅ဝ ကျော် တွေ့ထားတယ်။ ၂ဝ၁၅ မှာ အာဏာခွဲဝေမှုက ရှိလာနိုင် တယ်၊ ဒါတွေအပေါ် သုံးသပ်နိုင်တယ်'' ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားသူ ဆရာသန်းစိုးနိုင်က သုံးသပ်သည်။

ဖေဖော်ဝါရီ ၁၁ ရက် ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်တွင် ကျင်းပသည့် ဗိုလ်ချုပ်ရာပြည့်ပွဲသို့ ဦးရွှေမန်းက သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်းသားရေးရာ၊ ဒီမိုကရေစီ၊ ခေါင်းဆောင်သူများ ညီညွတ်ရေး၊ စသည့်အကြောင်းအရာနှင့် ပတ်သက်သည့် မိန်ခွန်းငါးခုကို အသုံးပြုခဲ့သည်။

''သူတို့ ဘယ်လိုပဲလုပ်လုပ် ကောင်းပါတယ်။ အဓိကက မြန်မာနိုင်ငံမှာ ပြည်သူနဲ့ အစိုးရကြား ယုံကြည်မှု ကင်းမဲ့နေတယ်။ အဲဒီအပြင် အစိုးရနဲ့ လွှတ်တော်ကြား၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစု အကြားမှာလည်း ယုံကြည်မှုတွေ ပျောက်နေတဲ့ ဟာ ဘာလုပ်လုပ် စွပ်စွဲမှုတွေဖြစ်နေတာပဲ'' ဟု စာရေးဆရာ ဦးကျော်ဝင်းက ဆိုသည်။

လွှတ်တော်က ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ် နှစ်ပတ်လည်နေ့ပွဲကို ပြင်ဆင်မှုဖြင့် ပြုလုပ် ခြင်းဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကောင်းမွန်သည့် လုပ်ရပ်သာဖြစ်ပြီး အချိန်အခါအရ၊ နိုင်ငံရေးအရ အကျိုးအမြတ်ရှိပါက နိုင်ငံရေးသမား တိုင်းက ဆောင်ရွက်လေ့ရှိသည်ဟု ၄င်းက ပြောသည်။

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ပွဲ စည်ကား သိုက်မြိုက်စွာကျင်းပ ရန် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းကပင် အားကစားပွဲများ၊ စာပေဟောပြောပွဲများ၊ တေးဂီ တဖျော်ဖြေပွဲများ၊ ရွေ့လျား တေး ဂီတဖျော်ဖြေမှုတို့ဖြင့် တစ်နိုင်ငံလုံးမှ ပါတီများ၊ လူမှုအဖွဲ့အစည်းများက နှိုးဆော်လျက်ရှိသည်။

ယင်းအချိန်တွင် အစိုးရ၊ လွှတ်တော်တို့က နိုင်ငံရေးဗိသုကာကြီးအတွက် မည်သို့မျှ စီစဉ်ဆောင်ရွက်ရန် စိတ်ကူးမရှိခဲ့ပေ။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ရောက်မှသာ ဗိုလ်ချုပ်မွေးနေ့နှင့် တစ်ရက်တည်းကျသည့် ကလေးများနေ့ကိုသာ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဦးစီးကျင်းပရန် ပြင်ဆင်ထားသည်။

''ရပ်ကွက်ထဲက လူငယ်တွေတောင် ဗိုလ်ချုပ်ရာပြည့်အတွက် ပြင်ဆင်နေတာ၊ သူတို့တွေမလုပ်ရင် နောက် ကျန်ခဲ့မှာ ဆိုးလို့ထလုပ်တာ။ အစိုးရက လုပ်ချင်တဲ့ အစီအစဉ် ရှိချင်မှရှိမယ်။ ပြကွက်ကောင်းပေမယ့် မဲဆွယ်တာတော့ မဖြစ်နိုင်ဘူး'' ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုကလည်း ဗိုလ်ချုပ်နှစ် တစ်ရာပြည့်အတွက် မန္တလေးနှင့် ရေစကြိုတို့တွင် နိုင်ငံရေးပါတီ ကိုးခုနှင့် ပူးပေါင်းကာ လူထုလမ်းလျှောက်ခြင်း၊ အောက်မေ့ဖွယ် အစီအစဉ်များကို ပြုလုပ်ရန် ပြင်ဆင်နေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၂ဝ၁၅ ခုနှစ်တစ်ခုလုံးကို ပါတီစည်း ရုံးရေးအပြင် ဗိုလ်ချုပ်နှစ်ပတ်လည် အောက်မေ့ ဖွယ်နေ့များအဖြစ် ကျင်းပသွားရန် ပြင်ဆင်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List