~~~~~
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်း၏ သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။
သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏။
ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘဝ၊ မုတလုံလောက်၊ ခံမြို့ဆောက်၏။
ထို့နောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း၊
ခေါင်းဆောင်သဘော မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ... ။ ။
ဇော်ဂျီ (၁၅.၇.၁၉၆၆)
ငယ်စဉ်က ကဗျာတစ်ပုဒ်ကို ဖတ်ဖူး၏။ ထိုကဗျာ၏ အဓိပ္ပာယ် မှာ ၀က်သစ်ချပင်ကြီးကဲ့သို့ နှစ် ပေါင်းများစွာ ရှင်သန်ကြီးထွားနေ ပါသော်လည်း လောကကောင်း ကျိုးကို ဘာတစ်ခုမျှမဆောင်ရွက် နိုင်လျှင် အချည်းနှီးတည်း။ ပန်းပင်ကလေးများမှာ လောကထဲတွင် ခဏတာမျှ ရှင်သန်ကြီးထွားခဲ့ကြ ရသည် ဖြစ်သော်လည်း လူသား အားလုံး၏ ဟဒယကို ရွှင်လန်း အောင် ဖန်တီးနိုင်ခြင်းကြောင့် ပန်းကလေး၏ ဘ၀သည် မြင့်မြတ် လှပေသည်ဟူ၍ ဖြစ်၏။
မြန်မာ့သမိုင်းတွင် ဗိုလ်ချုပ် အောင်ဆန်းဟူသော အမည်နာ မည်ဖြင့် စခန်းထစဉ်က ဗိုလ်ချုပ် သည် လူငယ်တစ်ဦးပင် ဖြစ်သည်။ ဗိုလ်ချုပ်မှာ အသက်(၃၃)နှစ်ထဲဝင်လာသည့်အရွယ်၌ ကွယ်လွန်ခဲ့ရသည်။
သို့သော် ထိုမျှတိုတောင်းလှ သော ဘ၀အတွင်း ဗိုလ်ချုပ်သည် မောင်အောင်ဆန်းဘ၀၌လည်း ကောင်း၊ သခင်အောင်ဆန်းဘ၀ ၌ လည်းကောင်း၊ ဗိုလ်တေဇဘ၀ ၌ လည်းကောင်း၊ ဗိုလ်ချုပ်အောင် ဆန်းဘ၀၌ လည်းကောင်း တိုင်း ပြည်နှင့် လူမျိုးအတွက် ဆောင် ရွက်ခဲ့၏။ ထို့ကြောင့်လည်း လူ ပင်သေသော်လည်း အမည်မသေ ဘဲ မြန်မာသမိုင်းတစ်လျှောက်လုံး တွင် ဥဒါန်းတွင်လျက် ရှိနေပေဦး မည်။
ထို့ကြောင့် သူ့ဘ၀မှာ တို တောင်းလှပါသော်လည်း မြန်မာ့ လူ့ဘောင်လောကအတွက် မွန် မြတ်သော အကျိုးတရားတို့ကို ဆောင်ကြဉ်းခဲ့သောကြောင့် ဗိုလ် ချုပ်၏ ဘ၀သည် အထက်အဆိုပါ ကဗျာတွင် ပါဝင်သော ပန်းပင် ကလေး၏ ဘ၀ကဲ့သို့ပင် မွန်မြတ် လှပေသည်။
လောက၌ လူဖြစ်လာကြ သည်မှာ လူ့သမိုင်းနှင့် နှိုင်းစာ ကြည့်လျှင် သမုဒ္ဒရာရေမျက်နှာ ပြင်ထက် ခဏပွက်သည်မျှသာ ကြာသည်။ ထိုတစ်ခဏမျှသော ကာလအတွင်း လူ့သက်တမ်းကုန်သည့်တိုင်အောင် တိုင်းပြည်အ ကျိုးကို ဆောင်ရွက်ခြင်းငှာ မတတ်သာသော ဗိုလ်ချုပ်၏ ဘ၀သည် နှမြောဖွယ်ဖြစ်၏။ သို့သော် ကံကံ ၏ အကျိုးအတိုင်းဖြစ်ရသော တို တောင်းလှသည့် တစ်ခဏအ တွင်း မြန်မာတို့၏ ကောင်းကျိုးကို ဆောင်ရွက်ခဲ့သည်မှာ တစ်မျိုး သားလုံး ကျေးဇူးတင်၍ မဆုံးနိုင် အောင် ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နတ်မောက်မြို့၌ ဖွား မြင်သည်။
အသက် (၁၇) နှစ်ကျော်အရွယ်ခန့်တွင် ထိုခေတ်လူငယ်တို့ တတ် ကျွမ်းအပ်သော အထက်တန်းကျောင်းပညာရပ်တို့ကို တတ်မြောက်၍ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ရာ အသက် (၂၁)နှစ်ပြည့်မြောက်ပြီးသောအခါ ၀ိဇ္ဇာဘွဲ့ကို ရရှိလေသည်။ ထို့နောက် ဥပဒေဘွဲ့ကို ရရှိရန် ပညာဆက်လက်သင်ကြားနေစဉ် မလွတ်လပ်သေးသော တိုင်းပြည်တို့၏ သဘာဝအတိုင်း ကျောင်း သားခေါင်းဆောင်တစ်ဦးအနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကို စတင်ဆောင်ရွက်ခဲ့လေသည်။
ထိုအချိန်မှစ၍ ရေတွက်လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့နိုင်ငံရေးထဲတွင် ၁၂ နှစ်တာကာလမျှသာ ကျင်လည်ခဲ့ရသည်။ သို့သော် ထို ၁၂ နှစ်ကာလအတွင်းဗိုလ်ချုပ်အောင်ဆန်းဆောင်ရွက်ခဲ့သည့် လွတ်လပ်ရေးလုပ်ငန်းသည် များပြားလှစွာ၏။
တက္ကသိုလ်ကျောင်းသားများနှင့် မြန်မာတစ်နိုင်ငံလုံးအထက်တန်း ကျောင်းသားများအားလုံး၏ ခေါင်းဆောင်ဖြစ်လာသောအချိန်၌ ဗိုလ်ချုပ်သည် အသက်(၂၃)နှစ်အရွယ်မျှသာရှိသည်။ ထိုအရွယ်တွင် ရန်ကုန်တက္ကသိုလ်ဖွဲ့စည်းရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအတွက် ကော်မတီဖွဲ့စည်းရာ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုကော်မတီ၌ ကျောင်းသားလောကဘက်မှနေ၍ ပြောင်မြောက်ထူးချွန်စွာ ဆောင်ရွက်ခဲ့သည်။
ဤအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးဝင်ဖြစ်လာပြီးလျှင် ထိုအစည်းအရုံး၌ အရေးပါသော အတွင်းရေးမှူးနေရာ၌ ဆောင်ရွက်ခဲ့ပြီးလျှင် အသက်(၂၄) နှစ် အရွယ်တွင် ဖရီးဒမ်းဘလောက်ဟုခေါ်သော လွတ်လပ်ရေးတပ်ဦးတွင် ပါဝင်ခဲ့သည်။
အသက်(၂၅)နှစ်အရွယ်၌ အိန္ဒိယနေရှင်နယ်ကွန်ဂရက်က ကျင်းပသော ကွန်ဂရက်အစည်းအဝေးသို့ တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်အဖြစ်ဖြင့် တက် ရောက်ခဲ့ရာ နိုင်ငံရေးအမြင်ကျယ်ဝန်းလာသည်ဟု ဆိုရန်ရှိလေသည်။
ထိုစဉ်က သခင်အောင်ဆန်း၏ နိုင်ငံရေးခြေလှမ်းသည် ကျယ်၍ ကျယ်၍လာလေရာ ဗြိတိသျှ အစိုးရတို့က ဖမ်းဆီးရန် ကြံရွယ်သည်နှင့် သခင်အောင်ဆန်းသည် မြေအောက်တော်လှန်ရေး လုပ်ငန်းတို့ကို စတင်လုပ်ကိုင်ခဲ့သည်။
ဖော်မိုဆာ၊ ဂျပန် စသော နိုင်ငံတို့သို့ သွားရောက်၍ စစ်ပညာသင်ကြားပြီးလျှင် တော်လှန်ရေးအတွက် ရဲဘော်သုံးကျိပ်ကို စုဆောင်းခဲ့သည်။ အသက်(၂၆)နှစ်အရွယ်တွင် မြန်မာ့လွတ်လပ်ရေးကို ရည်စူး၍ စစ်ပညာသင်ကြားခဲ့ပြီးလျှင် အသက်(၂၇)နှစ် အရွယ်၌ မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို ဘန်ကောက်မြို့တော်၌ စတင်ဖွဲ့စည်းလေသည်။
ဗိုလ်တေဇအဖြစ်ဖြင့် မြန်မာနိုင်ငံသို့ ဂျပန်တို့နှင့်အတူ ၀င် ရောက်လာခဲ့ပြီးနောက် အသက် (၂၈)နှစ်အရွယ်တွင် ဗိုလ်ချုပ်ဖြစ် လာ၍ လွတ်လပ်သော မြန်မာနိုင် ငံအစိုးရတည်ထောင်သောအခါ စစ်ဝန်ကြီး ဖြစ်လာခဲ့လေသည်။
အသက်(၂၉)နှစ်အရွယ်တွင် ဂျပန်တော်လှန်ရေးအတွက် ဖက် ဆစ်တိုက်ဖျက်ရေးအဖွဲ့ကို လျှို့ ၀ှက်စွာ ဖွဲ့စည်းခဲ့ပြီးလျှင် အသက်(၃၀)အရွယ် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဂျပန်တော်လှန် ရေးကို ဦးစီးခေါင်းဆောင်ပြုလေ ရာ ဂျပန်တို့ထွက်ပြေးကြရလေ သည်။ ထို့နောက် ဖဆပလအဖွဲ့ ကြီးကို ဥက္ကဋ္ဌအဖြစ်ဖြင့် ခေါင်း ဆောင်မှုပေးခဲ့သည်။
အသက်(၃၁)နှစ်အရွယ်တွင် ဗြိတိသျှလက်အောက်မှ လွတ် မြောက်ရေးအတွက် ဆောင်ရွက် ခဲ့ရာ နောက်ဆုံးတွင် လွတ်လပ် ရေးရဖို့ရာ သေချာလာသည့်အခါ ဘုရင်ခံ၏ အတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌ အဖြစ်ဖြင့် ဆောင်ရွက်နေရင်းမှ ရန်သူတို့လက်ချက်ဖြင့် ကွယ်လွန် ခဲ့ရလေသည်။ ကွယ်လွန်သော အချိန်၌ အသက်(၃၃) နှစ်ထဲသို့ ရောက်နေပြီ ဖြစ်သည်။
ကိုလိုနီနယ်ချဲ့တို့အား လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ရသော အ ချိန်၌ ဗိုလ်ချုပ်မှာ အသက်(၂၇)နှစ်အရွယ်မျှသာရှိ၍ ဖက်ဆစ်တို့ကို မောင်းထုတ်သော အချိန်၌ အ သက်(၃၀) အရွယ်မျှသာ ရှိသေး သည်။
မြန်မာ့သမိုင်းကို ပြန်ကြည့် လျှင် တပင်ရွှေထီး၊ ဘုရင့်နောင်၊ အလောင်းဘုရားစသည့် ပုဂ္ဂိုလ် များသည် ငယ်ငယ်ရွယ်ရွယ်က ပင်လျှင် မြန်မာနိုင်ငံ၏ ကာကွယ် ရေး၊ လုံခြုံရေး၊ ပေါင်းစည်းရေး များအတွက် တာဝန်ယူခဲ့ကြရပေ သည်။
ဤသို့ တာဝန်ယူနိုင်ကြခြင်း မှာ လူပင်ငယ်သော်လည်း လူကြီး တို့၏ စိတ်နေစိတ်ထားသဘာဝ ဖွံ့ဖြိုးလာခြင်းကြောင့် တာဝန်ယူ နိုင်ခြင်း ဖြစ်သည်။
အရွယ်ငယ်သော်လည်း စိတ်ထားမြင့်မြတ်ကြီးမားသောကြောင့် နိုင်ငံ့တာဝန်၊ လူမျိုး တာဝန်ကို ဆောင်ရွက်နိုင်ခြင်းပင် ဖြစ်သည်။
အကယ်၍ ငယ်သော အရွယ်အတိုင်း ကြီးပြင်းလာကြလျှင် ဗိုလ်ချုပ်နှင့်တကွသော ခေါင်းဆောင် ကြီးများမှာ ဤနေ့ ဤအခါတွင် သမ္ဘာရင့်နေကြသော နိုင်ငံရေး ခေါင်းဆောင်ကြီးများအဖြစ်ဖြင့် ယနေ့ လူငယ်တို့ ဆက်လက် ဆောင်ရွက်နေကြသည့် တိုင်းကျိုးပြည်ကျိုးဆောင်လုပ်ငန်းတို့ကို မမှားမယွင်းရလေအောင် စောင့် ရှောက်ပေးနိုင်ကြပေလိမ့်မည်။
သို့သော် အာဇာနည်ခေါင်း ဆောင်ကြီးများ မရှိသော်လည်း အာဇာနည်ခေါင်းဆောင်ကြီးများ ၏ စိတ်ဓာတ်မှာ အညွန့်တလူလူ နှင့်ပင် ကျန်ရစ်လေသောကြောင့် ခေတ်လူငယ်တို့သည် ရှေးကလူ ငယ်များ လူကြီးစိတ်ဖြင့် တိုင်း ပြည်အကျိုးကို ဆောင်ရွက်နိုင်ဘိ သကဲ့သို့ ကြိုးစားဆောင်ရွက်သွား နိုင်ကြလိမ့်မည်ဟု မျှော်လင့်ရပေ သည်။
(ဆရာ မောင်ထင်ရေး ‘‘မြန်မာ့နိုင်ငံရေး သုခမိန်’’စာအုပ်မှ ကောက် နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)
----------
ဖေဖော်ဝါရီ−၁၃
~~~~~~~
မမေ့နဲ့ သွေးမခြောက်သေးဘူး
ဖေဖော်ဝါရီ ၁၃ နဲ့စပြီး ဇူလိုင် ၁၉ မှာ
ကျည်ဆန် ၁၃ တောင့်နဲ့ ဆုံးခဲ့တဲ့ ၃၂ နှစ်သားကို မမေ့နဲ့
ငါတို့ကို ဆေးခြောက်ရှူခိုင်းထားတယ် ငါတို့ကိုဘိန်းကျွေးထားတယ်
မမေ့နဲ့
မမေ့နဲ့။ ဂျဝါဟလာနေရူးက ပြောတယ်၊ ဒီလိုမျိုး
နှစ် ၄၀၀၊ ၅၀၀ လောက်မှ တစ်ယောက် ရတာတဲ့။ မမေ့နဲ့
သိမ်ဖျင်းသူများကိုတွေ့တိုင်း ထိန်လင်းကို သတိရကြ။ မမေ့နဲ့။
အမေ့ ဝမ်းတစ်ထွာထဲက
အလင်းထဲ ကျွတ်ထွက်လာတဲ့ လူတစ်ယောက်လို
သမုဒ္ဒရာအမှောင်ထဲက
လွတ်မြောက်အောင် မှုတ်ထုတ်ပေးခဲ့တဲ့ သူ့ကို ငါတို့ မမေ့နဲ့။
မမေ့နဲ့။ အင်္ဂလိပ်ဖိနပ်တင်ဖို့ ဒူးထောက် ခေါင်းငုံ့ပေးခဲ့ရ။ မမေ့နဲ့
မမေ့နဲ့။ ဂျပန်ပါးရိုက်ဖို့ ခေါင်းမော့ပေးခဲ့ရ။ မမေ့နဲ့
တစ်နှစ်အတွင်း လွတ်လပ်ရေးရအောင်ယူပေးမယ်။ ပြောခဲ့။ မမေ့နဲ့
ပြောတဲ့အတိုင်း မမေ့ခဲ့။ လုပ်ခဲ့။ မမေ့နဲ့။
ဟေ့... ဂျပန်တွေအားလုံး သူ့ကို လေးစားကြသည်
စစ်သေနာပတိချုပ်ကြီး အီဒါ ပြောခဲ့။ မမေ့နဲ့
မမေ့နဲ့။ မေ့ရမယ့်အရာ များစွာထဲမှာ။ မမေ့နဲ့
ကိုယ်ထင်ရင် ခုတင် ရွှေနန်းဖြစ်နေတဲ့ ကောင်တွေ
သေနတ်ပြောင်းဝမှာ ရင်ကိုကော့။ မမေ့နဲ့
မမေ့နဲ့ ဆင်တွေ၊ ခြင်္သေ့တွေနဲ့ ဖုံးထားပေမဲ့။ မမေ့နဲ့
ဘုရားနဲ့ အဖေ၊ အမေ ဓာတ်ပုံကလွဲရင် ဒီနံရံပေါ်မှာသူရှိနေရတယ်ဆိုတဲ့ အသိနဲ့။ မမေ့နဲ့
စကြဝဠာနောက်ခံနဲ့ လည်နေတဲ့ ကမ္ဘာလို။ မမေ့နဲ့
မမေ့နဲ့။ စစ်ပွဲသွားဖို့ မြင်းလို အစီးခံထားရတယ်။ မမေ့နဲ့
ကျွန်လို ကြာပွတ်သံစောင့်နေရတဲ့ ခေတ်အကွဲကြီးအောက်မှာ။ မမေ့နဲ့
ရဲရင့်တဲ့ ရန်သူဟာ အကောင်းဆုံးမိတ်ဆွေတစ်ယောက်ဖြစ်တယ်။ မမေ့နဲ့
စောစံဖိုးသင် အဲဒါကို သတိရနေသလို။ ငါတို့လည်း မမေ့နဲ့
နတ်မောက်က ဦးဖာ ဒေါ်စုရဲ့သား
အရိုင်း သို့မဟုတ် အောင်ဆန်းဆိုတဲ့ ကိုအောင်သန်းရဲ့ ညီလေးကို မမေ့နဲ့
တက္ကသိုလ်ရိပ်သာလမ်း ကမ္ဘာပတ်လမ်းကြောင်းထဲက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ
လွတ်လပ်ရေးကို ထုဆစ်ခဲ့တဲ့ ရိုဒင်အောင်ဆန်းကို မမေ့နဲ့
မဆိုင်တဲ့ကြယ်တွေ စုံလို့
ဆိုက်ပရပ်စ်လမ်းပေါ်မှာ လူသန်းပေါင်းများစွာရဲ့ နားရွက်တွေ ပြတ်လို့
ငါတို့ရဲ့ အာလူးစားသူများ ဘဝတွေကို မြင်တိုင်း
ဗင်းဆင့်အောင်ဆန်းကို မမေ့နဲ့
မမေ့နဲ့ ချာတိတ်တွေ ၁၂ နဲ့ ၁၄ ကြားက ၁၃ ကို မမေ့နဲ့
မမေ့နဲ့ မမေ့နဲ့ မမေ့နဲ့ မမေ့လိုက်ပါနဲ့
မေ့လေ ကောင်းလေဆိုတဲ့ တကယ်မေ့ပစ်ရမယ့်ကောင်တွေရှေ့မှာ
မေ့မပစ်လိုက်နဲ့
မနက်ဖြန် ချစ်သူများနေ့မှာ
ချစ်ရသူ ထိန်လင်းအကြောင်း ချစ်သူတွေကို ပြောပြဖို့
ဒီဖေဖော်ဝါရီ ၁၃ ကို မမေ့နဲ့။ ။
ခရမ်းပြာထက်လူ
7Day daily
No comments:
Post a Comment