Tuesday, February 10, 2015

သပိတ်မှောက် စစ်ကြောင်းအားလုံး ရန်ကုန်အ၀င် တားဆီးရန် အစိုးရ စီစဉ်နေ


ရန်ကုန်မြို့သို့ ဦးတည် ချီတက်လာသော အမျိုးသား ပညာရေး ဥပဒေအား ဆန့်ကျင် ကန့်ကွက်မှုများ ပြု လုပ်သည့် ကျောင်းသား သပိတ်မှောက် စစ်ကြောင်း အားလုံးကို တားဆီးပိတ်ဆို့ရန် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြင်ဆင် လျက်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ ပါဝင်သော ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်သည့် အစည်းအဝေးတခုတွင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ က သပိတ်စစ်ကြောင်းအားလုံးကို ရန်ကုန်သို့ လုံးဝ ၀င်ခွင့်ပြုမပြုနိုင်ဟု ပြောဆိုကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက“ရန်ကုန်ကို ၀င်လာမယ့် ၀င်ပေါက် ၇ နေရာ စလုံး ကို တားမယ်။ ကျနော်တို့အနေနဲ့ကတော့ ကျောင်းသားတွေကို မရရအောင် ဖျောင်း ဖျသွားမှာပါ”ဟု ဧရာဝတီကို ပြောပြသည်။

သပိတ်စစ်ကြောင်းများကို တားဆီးနိုင်ရန်အတွက် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ရန်ကုန်တိုင်း အတွင်းရှိ တက္ကသိုလ် အသီး သီးမှ ပါမောက္ခချုပ်များ ပါဝင်သည့် အဖွဲ့နှင့် အငြိမ်းစား တက္ကသိုလ် ပါမောက္ခများ ပါဝင်သည့် အဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်းထားကြောင်းလည်း ၎င်းက ပြောသည်။

ဦးမြငွေက ဆက်လက်ပြီး“ဒီဖေဖော်ဝါရီနဲ့ မတ်လဟာ သူငယ်တန်းကနေ ၁၀ တန်းအထိ အဲဒီ ကလေးတွေ ရဲ့ဘ၀ကို အဆုံးအဖြတ် ပေးမယ့် အချိန်။ ၁၀ တန်းကလေးတွေရဲ့ အဆုံးအဖြတ်ပေးမယ့် အချိန်၊ ဒီလို စီတန်း လှည့်လည်ပြီး အော်ဟစ်နေရင် ကလေးတွေ ဘယ်လိုလုပ် စာမေးပွဲဖြေ ဖြစ်တော့ မလဲ”ဟု ၄င်းက ပြော သည်။

ရန်ကုန်တိုင်း အစိုးရက သပိတ်စစ်ကြောင်းများကို တားမြစ်မည်ဆိုသော်လည်း လူထု ထောက်ခံမှုနှင့် အခြား အဖွဲ့အစည်းများ၏ ထောက်ခံမှုများဖြင့် ရန်ကုန်တိုင်းအတွင်းသို့ ၀င်နိုင်ရန် ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်မှုမရှိရန် စာမေးပွဲ များ ဖြေ ဆိုနေချိန်တွင် လှည့်လည် ဟောပြောခြင်း၊ အော်ဟစ်ခြင်းများ ပြုလုပ်သွား မည် မဟုတ်ကြောင်း ဧရာဝတီတိုင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူတဦး ဖြစ် သည့် ကိုမျိုးဇော်လင်းက ဧရာဝတီ သို့ပြောသည်။

“အခု ကျနော်တို့ စစ်ကြောင်းမှာပါလာတဲ့ စာမေးပွဲ ဖြေဆိုရမယ့် ကျောင်း သားတွေကို ပြန်လွှတ်ပြီး စာမေးပွဲသွားပြန် ဖြေခိုင်းတယ်။ ကလေးတွေ စာမေးပွဲဖြေတဲ့ အချိန်မှာ ကျနော်တို့က ဟောပြောတာတော့ လုပ်မှာမဟုတ် ဘူး။ ကျောင်းရှေ့တွေတော့ အသံတိတ်နဲ့ ဆန္ဒပြ လှည့်လည်မှုတွေတော့ လုပ်မယ်။ ရန်ကုန် ထဲကိုတော့ ကျနော်တို့ ရောက်အောင်ဝင်မယ်”ဟုသူက ဆက်လက်ပြောဆိုသည်။

ကျောင်းသားသပိတ် စစ်ကြောင်းများကို တားဆီးရန် ရန်ကုန်တိုင်းဒေသကြီး လှုမှုရေးဝန်ကြီး ဒေါက်တာမြင့် သိန်းက ဦးဆောင်ပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ် အပြင် အခြား တက္ကသိုလ်များမှ လက်ရှိတာဝန် ထမ်းဆောင်ဆဲ ပါမောက္ခချုပ် များ ပါဝင်သည့် သီးခြားတဖွဲ့ကိုလည်း ထားရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်းသို့ သပိတ်မှောက်စစ်ကြောင်းများ ၀င်ရောက်မှုကို တားဆီးရန် ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး မေးမြန်း ရန် အတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်  စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းနှင့် သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦကျော်စိုးတို့အား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပေ။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကမူ ကျောင်းသားများ ရန်ကုန် သို့ ရောက်ရှိလာလျှင် လုံခြုံရေးဆောင်ရွက်သည့် အခါ ငြိမ်းချမ်းစွာ ဆောင်ရွက်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကို တိုက်တွန်း ထားကြောင်း ပြောသည်။

“တကယ်လို့များ ကျောင်းသားသပိတ်က ရန်ကုန် ရောက်လာခဲ့ရင် ဒါကို ငြိမ်းချမ်းစွာ ဆောင်ရွက်ဖို့၊ လုံခြုံရေး အစီအမံတွေကို ငြိမ်း ချမ်းစွာ ဆောင်ရွက်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ကျောင်းသား သပိတ်စစ်ကြောင်းများမှာလည်း ရန်ကုန်မြို့သို့ ဦးတည်လျက် ရှိသည်။

မန္တလေးမြို့မှ ရန်ကုန်မြို့အထိ လမ်းလျှောက်လာသော ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းသည် ပဲခူးတိုင်းနှင့် မကွေးတိုင်း နယ်စပ်ရှိ ယုံဖြူတောင်ကို ယနေ့ညနေပိုင်းတွင် ကျော်ဖြတ်လာသည်ဟု သိရသည်။

ပုသိမ်မြို့မှ ထွက်ခွာလာသည့် ဧရာဝတီ သပိတ်စစ်ကြောင်းသည်လည်း မအူပင်မြို့တွင် ညအိပ် ရပ်နားလျက် ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မအူပင်မြို့မှ ကျိုက်လတ်မြို့သို့ ဆက်လက် ချီတက် လမ်းလျှောက်ကြ မည် ဖြစ်သည်။

ပုခုက္ကူမြို့နှင့် မုံရွာမြို့တို့မှ ပူးပေါင်း ချီတက်လာသည့် သပိတ်စစ်ကြောင်းကလည်း ယနေ့တွင် မကွေးမြို့ မှ အောင်လံမြို့သို့ ဆက်လက် ချီတက်လာနေသည်။

ထားဝယ်နှင့် မော်လမြိုင်တို့မှ ပူးပေါင်းထားသည့် ကျောင်းသားသပိတ် စစ်ကြောင်းမှာ ယနေ့တွင် မော်လမြိုင် မြို့တွင်း လှည့်ပတ်လျက်ရှိသည်။

ထို့အပြင် ရခိုင် သပိတ်မှောက် ကျောင်းသား စစ်ကြောင်းသည်လည်း စစ်တွေမြို့တွင် လှည့်ပတ်လျက်ရှိပြီး အသုံးပြုသည့် အလံမှာ ကျောင်းသား သမဂ္ဂများ၏ လက်ရှိ အသုံးပြုနေသော အလံ မဟုတ်သော်လည်း ရခိုင်ကျောင်းသားများကို ကိုယ်စားပြုသည့် အလံဖြစ်သည့်အတွက် ဆက်လက် အသုံးပြုသွား မည် ဖြစ်ကြောင်း၊ ရန်ကုန်သို့လည်း လာရောက်ပူးပေါင်းဖွယ် ရှိကြောင်း ယင်းကျောင်းသား သပိတ်တွင် ပါဝင်နေသူ တဦးက  ပြောသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List